မန်စီးတီးအသင်းနှင့် ချန်ပီယံလိဂ်ဖလားမယူနိုင်ပါက ရှုံးနိမ့်မှုအဖြစ် ကိုယ်တိုင်သတ်မှတ်မည်ဟု နည်းပြ ဂွါဒီယိုလာ တုံ့ပြန်

မန်စီးတီးအသင်းနှင့် ချန်ပီယံလိဂ်ဖလားမယူနိုင်ပါက ရှုံးနိမ့်မှုအဖြစ် ကိုယ်တိုင်သတ်မှတ်မည်ဟု နည်းပြ ဂွါဒီယိုလာ တုံ့ပြန်
Published 3 February 2020

 

မန်စီးတီးအသင်းနည်းပြ ဂွါဒီယိုလာက စာချုပ်သက်တမ်းကုန်ချိန်အထိ ချန်ပီယံလိဂ်ဖလားမရယူနိုင်ပါက ရှုံးနိမ့်မှုအဖြစ် မိမိကိုယ်တိုင်သတ်မှတ်မည်ဖြစ်ကြောင်း တုံ့ပြန်ပြော ကြားသည်။

ဂွါဒီယိုလာသည် မန်စီးတီးနည်းပြဘဝ သုံးနှစ်အတွင်း ပြည်တွင်းအဓိကဆုဖလား ငါးလုံးရရှိထားပြီး ယခုရာသီတွင်လည်း လိဂ်ဖလားဗိုလ်လုပွဲသို့ ထပ်မံတက်ရောက်ခွင့်ရရှိကာ သုံးနှစ်ဆက်တိုက် တက်ရောက်နိုင်ခြင်း ဖြစ်သည်။

သို့သော် ဥရောပအောင်မြင်မှုမရသေးသဖြင့် ဝေဖန်မှုများရှိနေရာ ဂွါဒီယိုလာက ''ပြီးခဲ့တဲ့နှစ်က ကျွန်တော်တို့အတွက် တကယ်ထူးခြားတဲ့နှစ်ပါ။ ဒါပေမဲ့ လူတွေက ချန်ပီယံလိဂ်မရသေးဘူးဆိုပြီးတော့ ပြောကြတယ်။ ဒါကြောင့်ပဲ ကိုယ်တိုင်ဆုံးဖြတ်မှာပါ။ ကျွန်တော့်ရဲ့နောက်ဆုံးကာလတွေမှာ ဆုဖလားမရယူနိုင်ဘူးဆိုရင် ဒီအသင်းမှာ ကျွန် တော်ရှုံးနိမ့်တယ်လို့ သတ်မှတ်ခံရမှာပါ။ အဲဒါကို ကျွန်တော်သိပါတယ်''ဟု ပြောကြားသည်။

အသက် ၄၉ နှစ်ရှိပြီဖြစ်သည့် ဂွါဒီယိုလာသည် ဘာစီလိုနာ၊ ဘိုင်ယန်မြူးနစ်နှင့် မန်စီးတီးစသည့်သုံးသင်းကို တာဝန်ယူကိုင်တွယ်ဖူးပြီး ပြည်တွင်းဖလား အောင်မြင်မှုများစွာရယူနိုင် ခဲ့သော်လည်း ချန်ပီယံလိဂ်ဖလားကိုမူ ဘာစီလိုနာတစ်သင်းတည်းနှင့်သာရရှိခဲ့ဖူးသည်။

ဂွါဒီယိုလာသည် ဘာစီလိုနာအသင်းကိုကိုင်တွယ်သည့် လေးရာသီအတွင်း လာလီဂါချန်ပီယံ သုံးကြိမ်၊ စပိန်ဘုရင့်ဖလား နှစ်ကြိမ်၊ စပိန်စူပါဖလား သုံးကြိမ်၊ ချန်ပီယံလိဂ်ဖလား နှစ်ကြိမ်၊ ဥရောပစူပါဖလား နှစ်ကြိမ်နှင့် ကလပ်ကမ္ဘာ့ဖလား နှစ်ကြိမ်စီ ဆွတ်ခူးရယူနိုင်ခဲ့သည်။

၎င်းသည် ဘိုင်ယန်မြူးနစ်အသင်းကိုကိုင်တွယ်သည့် သုံးရာသီတွင်လည်း ဘွန်ဒစ်လီဂါချန်ပီယံ သုံးကြိမ်၊ ဂျာမန်ဖလား နှစ်ကြိမ်၊ ဥရောပစူပါဖလားနှင့် ကလပ်ကမ္ဘာ့ဖလား တစ်ကြိမ်စီ ရရှိခဲ့သည်။

မန်စီးတီးအသင်းတွင်လည်း သုံးရာသီအတွင်း ပရီးမီးယားလိဂ်ချန်ပီယံ နှစ်ကြိမ်၊ FA ဖလား တစ်ကြိမ်၊ လိဂ်ဖလား နှစ်ကြိမ်နှင့် ကွန်မြူနတီဒိုင်း နှစ်ကြိမ် ရရှိထားပြီးဖြစ်သည်။

ဂွါဒီယိုလာနှင့် မန်စီးတီးအသင်းတို့၏ စာချုပ်သက်တမ်းမှာ ၂၀၂၁ ခုနှစ်တွင် ကုန်ဆုံးမည်ဖြစ်ပြီး တစ်နှစ်ခွဲသာကျန်ရှိတော့သည်။

လက်ရှိအချိန်ထိ သက်တမ်းတိုးရန် သဘောတူညီမှုမရသေးသလို ဂွါဒီယိုလာအနေဖြင့် စာချုပ်ကုန်ဆုံးရန် တစ်နှစ်အလို လာမည့်နွေရာသီမှာပင် လမ်းခွဲနိုင်သည့် အချက်ကို စာချုပ်တွင်ထည့်သွင်းထားကြောင်း ဗြိတိန်မီဒီယာများက ရေးသားဖော်ပြလျက်ရှိသည်။

ဂွါဒီယိုလာကမူ လမ်းခွဲမည့်အကြောင်းကို အကြိမ်ကြိမ်ငြင်းဆန်ထားပြီး ဆက်ရှိနေလိုကြောင်း ပြောကြားသည်။

ဂွါဒီယိုလာအနေဖြင့် စာချုပ်ကုန်ချိန်အထိ ဆက်ရှိပါက မန်စီးတီးအသင်းမှာ အချိန်အကြာဆုံး ၎င်းကိုင်တွယ်သည့်အသင်း ဖြစ်လာနိုင်သည်။

 

Most Read

Most Recent