ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ထိုင်ဝမ်ကျွန်းစုကို အထီးကျန်စေရန် ပေကျင်း၏ ကြိုးပမ်းမှုအပေါ် ပြစ်တင်ဝေဖန်နေကြစဉ် ထိုင်ဝမ်သမ္မတ ရွေးကောက်ပွဲ၌ သမ္မတဆန်အင်းဝမ် မဲအပြတ်အသတ်ဖြင့် အနိုင်ရရှိခဲ့ပြီးနောက် တရုတ်နိုင်ငံပိုင် သတင်းမီဒီယာ ဆင်ဟွာက ဆန်အင်းဝမ်သည် မဲများရရှိရန် ညစ်ပတ်သော နည်းလမ်းများ အသုံးပြုခဲ့ပြီး လိမ်လည်လှည့်စားခဲ့ကြောင်း စွပ်စွဲပြစ်တင်ခဲ့သည်။
ထိုင်ဝမ်၌ တရုတ်သြဇာလွှမ်းမိုးမှု မြင့်တက်လာခြင်းကို ဆန့်ကျင်လျက် လစ်ဘရယ်ဒီမိုကရေစီ စံနှုန်းများကို ကာကွယ်စောင့်ရှောက်သူ တစ်ဦးအဖြစ် ကိုယ့်ကိုယ်ကိုယ် အမွှမ်းတင်ထားသော ဆန်သည် ဇန်နဝါရီ ၁၁ ရက်တွင် ကျင်းပခဲ့သော ထိုင်ဝမ်သမ္မတ ရွေးကောက်ပွဲတွင် စံချိန်တင် မဲရလဒ်ဖြင့် အနိုင်ရရှိခဲ့သည်။
သို့သော် တရုတ်နိုင်ငံပိုင် သတင်းမီဒီယာက သမ္မတဆန်၏ မဲဆွယ်စည်းရုံးမှု တရားဝင်ဖြစ်ခြင်းအပေါ် သံသယရှိကြောင်း ဖော်ပြခြင်းဖြင့် ဆန်၏အောင်ပွဲကို မှေးမှိန်သွားစေရန် ကြိုးပမ်းခဲ့သည်။ ထိုင်ဝမ်သမ္မတ ရွေးကောက်ပွဲသည် သမားရိုးကျဆန်သော ရွေးကောက်ပွဲတစ်ခု မဟုတ်သည်မှာ ထင်ရှားကြောင်း၊ ဆန်နှင့် ၎င်း၏ ဒီမိုကရက်တစ်လမ်းစဉ်ပါတီ (DDP) သည် ဆန္ဒမဲများ ရရှိစေရန်အတွက် လိမ်လည်လှည့်စားခြင်း၊ ဖိနှိပ်ခြင်း၊ ခြိမ်းခြောက်ခြင်း အပါအဝင် ညစ်ပတ်သော နည်းလမ်းများကို အသုံးပြုခဲ့ကြကာ ၎င်းတို့၏ တစ်ကိုယ်ကောင်းဆန်မှု၊ လောဘကြီးမှုနှင့် ယုတ်မာသော ပင်ကိုယ်ဗီဇတို့ကို မြင်သာအောင် ပြသနေကြကြောင်း ဇန်နဝါရီ ၁၂ ရက်က ထုတ်ဝေသော ဆင်ဟွာသတင်း၌ အင်္ဂလိပ်ဘာသာစကားဖြင့် ရေးသားထားသော အယ်ဒီတာ့အာဘော် ကဏ္ဍတွင် ဖော်ပြထားသည်။
ထို့အပြင် ဆင်ဟွာသတင်း၏ တရုတ်ဘာသာစကားဖြင့် ရေးသားထားသော စာရေးသူ၏ ထင်မြင်ယူဆချက် ကဏ္ဍတွင် သမ္မတဆန်အား ဆန္ဒမဲများ ဝယ်ယူခဲ့ကြောင်း စွပ်စွဲထားပြီး ထိုင်ဝမ်ရွေးကောက်ပွဲ ရလဒ်များအတွက် ပြည်ပအမှောင်အင်အားစုများတွင်လည်း တာဝန်ရှိကြောင်း ဖော်ပြထားသည်။
ထိုင်ဝမ်အား တစ်ချိန်ချိန်တွင် ပြန်လည်သိမ်းယူမည်ဖြစ်ပြီး လိုအပ်ပါက အင်အားသုံးမည်ဟု တရုတ်က အခိုင်အမာ ပြောကြားထားသည်။ ထိုင်ဝမ်သည် တရုတ်၏ တစ်စိတ်တစ်ပိုင်း ဖြစ်သည်ဟူသော မူဝါဒကို သမ္မတဆန်က လက်မခံခြင်းကြောင့် တရုတ်သည် ဆန်အား မုန်းတီးနေခြင်းဖြစ်သည်။
ပြီးခဲ့သည့် လေးနှစ်အတွင်း တရုတ်သည် ထိုင်ဝမ်အပေါ် စီးပွားရေး၊ စစ်ရေး၊ သံတမန်ရေးဆိုင်ရာ ဖိအားများ တိုးမြှင့်ခဲ့ပြီး ဆန်၏ အတိုက်အခံများကို မဲဆန္ဒရှင်များ ထောက်ခံလာစေရန် မျှော်လင့်ခဲ့သည်။ သို့သော် ဟောင်ကောင်၌ လနှင့်ချီဖြစ်ပွားခဲ့သော ဒီမိုကရေစီ လိုလားသည့် ဆန္ဒပြမှုများကို တရုတ်က သဘောထား တင်းမာစွာ တုံ့ပြန်ခဲ့မှုကြောင့် ထိုင်ဝမ်မဲဆန္ဒရှင်များသည် ဆန်၏ DPP ပါတီကို ပြုံတိုးထောက်ခံခဲ့ကြသည်။
တစ်ချိန်တွင် တရုတ်ထိန်းချုပ်ခံ ထိုင်ဝမ် ဖြစ်လာနိုင်သည့် အကြောင်းကို ဟောင်ကောင်ဆန္ဒပြမှုများက သတိပေးနေသည်ဟု မကြာခဏ ပြောကြားနေသော ဆန်အား တရုတ်သတင်းမီဒီယာက သောကမီးမွှေးသူ ဖြစ်ကြောင်း စွပ်စွဲခဲ့သည်။ ဇန်နဝါရီ ၁၁ ရက် ထိုင်ဝမ်သမ္မတ ရွေးကောက်ပွဲ မဲရလဒ်များကို ဆင်ဟွာ သတင်းဌာနက အရေးမထားခဲ့သည့်အပြင် ရွေးကောက်ပွဲတွင် သမ္မတဆန် အနိုင်ရရှိမှုကို ကြက်ကန်းဆန်အိုးတိုးသည့် အဖြစ်နှင့် ခိုင်းနှိုင်းခဲ့သည်။














