ထိုင်းအစိုးရကို ဆန့်ကျင်သည့် အပျော်တမ်းပြေးပွဲတွင် လူပေါင်း သောင်းနှင့်ချီ ပါဝင်ဆင်နွှဲ

ထိုင်းအစိုးရကို ဆန့်ကျင်သည့် အပျော်တမ်းပြေးပွဲတွင် လူပေါင်း သောင်းနှင့်ချီ ပါဝင်ဆင်နွှဲ
ဇန်နဝါရီ ၁၂ ရက်က ဘန်ကောက်မြို့တွင် အာဏာရှင်စနစ် ဆန့်ကျင်ရေး လှုပ်ရှားမှုအဖြစ် အပျော်တမ်း ပြေးပွဲတစ်ခု ပြုလုပ်နေစဉ်
ဇန်နဝါရီ ၁၂ ရက်က ဘန်ကောက်မြို့တွင် အာဏာရှင်စနစ် ဆန့်ကျင်ရေး လှုပ်ရှားမှုအဖြစ် အပျော်တမ်း ပြေးပွဲတစ်ခု ပြုလုပ်နေစဉ်
Published 12 January 2020
Ref : AFP

ထိုင်းအစိုးရကို ဆန့်ကျင်ဆန္ဒပြမှုဟု အမည်ပေးထားသည့် အပျော်တမ်းပြေးပွဲ တစ်ခုကို ဇန်နဝါရီ ၁၂ ရက်တွင် ဘန်ကောက်၌ ပြုလုပ်ခဲ့ရာ လူသောင်းနှင့်ချီ ပါဝင်ခဲ့ကြသည်။ ယင်းအပျော်တမ်းပြေးပွဲသည် ဝန်ကြီးချုပ် ပရာယွတ်ချန်အိုချာ အစိုးရကို ဆန့်ကျင်သူများ၏ အကြီးဆုံး ဆန္ဒပြမှုတစ်ခုဟု ယူဆရသည်။

စစ်အစိုးရ ခေါင်းဆောင်ဟောင်း ပရာယွတ်ချန်အိုချာ ဦးဆောင်သည့် အစိုးရကို ဆန့်ကျင်သည့် ဆန္ဒပြမှုတွင် ပါဝင်ရန်အတွက် အပြေးသမားများသည် အရုဏ်မတက်မီ ဘန်ကောက်ရှိ ပန်းခြံတစ်ခုတွင် စုဝေးခဲ့ကြသည်။

ဖျက်သိမ်းခံရမည့် အခြေအနေနှင့် ရင်ဆိုင်နေရသည့် Future Forward ပါတီ၏ခေါင်းဆောင် သာနာသွန်း ဂျူအန်ဂရွန်ဂရူ အန်ကစ်က ယင်းအပျော်တမ်းပြေးပွဲကို ဦးဆောင်ခဲ့ခြင်းဖြစ်သည်။ ဘီလျံနာတစ်ဦးဖြစ်သည့် သာနာသွန်းသည် လွှတ်တော်အမတ်နေရာမှ ဖယ်ရှားခံခဲ့ရပြီး စွဲချက်များစွာဖြင့် ရင်ဆိုင်နေရသည်။

“အစိုးရနဲ့ ပတ်သက်ပြီး လူထု ဒေါသဖြစ်မှုနဲ့ စိတ်ပျက်မှုတွေကို သတိထားမိမှာပါ။ ဒီပြေးပွဲဟာ ထိုင်းမှာ အထွေထွေ ပြောင်းလဲမှုတွေအတွက် ပထမအဆင့်လို့ ယူဆတယ်” ဟု ၎င်းကအေအက်ဖ်ပီသို့  ပြောကြားခဲ့သည်။

အသက် ၄၁ နှစ်အရွယ်ရှိ သာနာသွန်းသည် ဒီဇင်ဘာ လူထုစုဝေးမှုတစ်ခုတွင် လူထုစုဝေးမှုနှင့် ပတ်သက်သည့် ဥပဒေတစ်ခု ချိုးဖောက်မှုဖြင့် ဇန်နဝါရီ ၁၀ ရက်တွင် စွဲချက်တင်ခံခဲ့ရသည်။

ပြေးပွဲမစမီတွင် အပြေးသမားများသည် ဒီမိုကရေစီ ထောက်ခံသည့် ကြွေးကြော်သံများကို ဟစ်အော်ခဲ့ပြီး “ပရာယွတ် ထွက်”၊ “ဒီမိုကရေစီ တည်တံ့ခိုင်မြဲပါစေ” ဟု သံပြိုင်ကြွေးကြော်ခဲ့ကြသည်။

အပြေးသမားများသည် ဝက်ဝက်ကွဲအောင် လူကြိုက်များခဲ့သည့် Hunger Games ရုပ်ရှင်ဇာတ်ကားများတွင်  အာဏာရှင်အုပ်ချုပ်မှုမှ လွတ်မြောက်မှု သင်္ကေတအဖြစ် အသုံးပြုသည့် လက်သုံးချောင်ထောင် အလေးပြုမှုကိုလည်း လုပ်ဆောင်ခဲ့ကြသည်။

“အစိုးရက လူထုကို ဂရုစိုက်ပြီး တင့်ကားတွေ၊ ရေငုပ်သင်္ဘောတွေ ဝယ်မယ့်အစား လူထုရဲ့ ကောင်းကျိုးချမ်းသာနဲ့ သဘာဝပတ်ဝန်းကျင်အတွက် အသုံးပြုစေလိုတယ်” ဟု ဂစ် အမည်ရှိ အပြေးသမား တစ်ဦးက ပြောကြားခဲ့သည်။

တောင်ပိုင်း ပတ္တနီပြည်နယ်မှသည် မြောက်ပိုင်းရှိ ခရီးသွားမြို့ဖြစ်သည့် ချင်းမိုင်မြို့ အပါအဝင် ထိုင်းနိုင်ငံ တစ်ဝန်းတွင် အလားတူ ပြေးပွဲများ ပြုလုပ်ခဲ့ရာတွင်လည်း လူထောင်နှင့်ချီ ပါဝင်ခဲ့ကြသည်။

ယင်းပြေးပွဲပြုလုပ်မှုကို ခွင့်ပြုခဲ့သည်ဟု အစိုးရက ထုတ်ပြန်ခဲ့သော်လည်း ပြေးပွဲတွင် ပါဝင်သူများကို ဥပဒေချိုးဖောက်မှု မပြုရန် သတိပေးခဲ့သည်။

ယင်းနေ့မှာပင် ပြိုင်ဘက်များက ဘန်ကောက်ရှိ နောက်ထပ်ပန်းခြံ တစ်ခုတွင် Walk to Support Uncle စုဝေးမှုတစ်ခုကို ပြုလုပ်ခဲ့ရာတွင် ပရာယွတ်ကို ထောက်ခံသည့် သက်ကြီးရွယ်အို အများစု အပါအဝင် လူထောင်နှင့်ချီ ပါဝင်ခဲ့သည်။

“ကျွန်မတို့က ကိုယ့်နိုင်ငံကို ချစ်တယ်။ ကျွန်မတို့ နိုင်ငံကို လုံခြုံမှုရှိအောင် လုပ်ဆောင်ပေးတဲ့ အစိုးရကိုလည်း ချစ်တယ်။ လူတွေက အာဏာရှင်ဆိုတဲ့ စကားလုံးကို မသုံးသင့်ပါဘူး” ဟု ဗာဆုချက်ဆိုသည့် အသက် ၆၈ နှစ်ရွယ်ရှိ အမျိုးသမီးတစ်ဦးက ပြောကြားခဲ့သည်။

စစ်တပ်က ခန့်အပ်ထားသည့် လွှတ်တော်၏ ထောက်ခံမှုဖြင့် ပြီးခဲ့သည့်နှစ် ရွေးကောက်ပွဲများ အပြီးတွင် ပရာယွတ်သည် ဝန်ကြီးချုပ် ဖြစ်လာခဲ့သည်။

ထိုင်းနိုင်ငံ၏ နိုင်ငံရေးတွင် ပြင်းထန်သည့် သဘောထား ကွဲပြားမှုများ ရှိနေသေးရာ ဇန်နဝါရီ ၁၂ ရက်က ဖြစ်စဉ်များသည် သက်ကြီးရွယ်အိုများက စစ်တပ် ပေါင်းစည်းထားသည့် အဖွဲ့အစည်းကို အားကိုးအားထားပြုပြီး လူငယ်ထုက သာနာသွန်း၏ အပြောင်းအလဲ ဖြစ်စဉ်ကို ထောက်ခံမှုတို့ ပါဝင်သည့် အသက်အရွယ်၊ လူတန်းစားနှင့် နိုင်ငံရေးတို့တွင် ကွဲပြားမှုအချို့ကို ထင်ဟပ်ပြခဲ့သည်။

Most Read

Most Recent