ဥက္ကဋ္ဌမော်နှင့် ဝန်ကြီးချုပ်နု ဆွေးနွေးပွဲအလွန် ပေါက်ဖော်ဆက်ဆံရေး

ဥက္ကဋ္ဌမော်နှင့် ဝန်ကြီးချုပ်နု ဆွေးနွေးပွဲအလွန် ပေါက်ဖော်ဆက်ဆံရေး
Published 9 January 2020
ဒေါက်တာရန်မျိုးသိမ်း



လွတ်လပ်ပြီးစ မြန်မာနိုင်ငံအဖို့ တရုတ် ပြည်သူ့သမ္မတနိုင်ငံနှင့် ဆက်ဆံရေးသည် သော့ချက်ကျခဲ့ပြီး ပေကျင်းနှင့် သံခင်းတမန် ခင်းကောင်းဖို့ အားပြုခဲ့ရသည်။ ကနဦး ငါးနှစ်နီးပါးကာလ ပေကျင်းနှင့် ရန်ကုန် သံခင်း တမန်ခင်းသည် အေးစက်ခဲ့ပြီး အပြန်အလှန် ယုံကြည်မှု လျော့ရဲလွန်းခဲ့သည်။ တရုတ်နိုင်ငံ ဝန်ကြီးချုပ်ချူနှင့် မြန်မာနိုင်ငံဝန်ကြီးချုပ်နု တို့၏ အပြန်အလှန်ချစ် ကြည်ရေးခရီးစဉ်များသည် စိုးရိမ်မှုများ၊ ပူပန်မှုများနှင့် တင်းမာမှုများကို လျော့ကျစေခဲ့သည်။ ၀ါရှင်တန်နှင့် မော်စကိုအကြား စစ်အေးခေတ် အားပြိုင်မှုကလည်း တရုတ်နိုင်ငံ၊ မြန်မာနိုင်ငံအပါအဝင် တတိယအုပ်စုဝင်နိုင်ငံများကို ကိုယ့်လမ်း ကိုယ်ဖောက်ဖို့လိုအပ်ကြောင်း မီးမောင်းထိုးပြခဲ့သည်။

တရုတ်ပြည်သူ့သမ္မတနိုင်ငံ ဗဟိုပြည်သူ့ အစိုးရ ဒုတိယဥက္ကဋ္ဌ လူရှောက်ချီသည် ၁၉၄၉ ခုနှစ် ပေကျင်းမြို့၌ ကျင်းပခဲ့သည့် ကွန်ဖရင့်တစ်ခုတွင် မြန်မာနိုင်ငံဝန်ကြီးချုပ် ဦးနု၊ အိန္ဒိယဝန်ကြီးချုပ်နေရူးနှင့် အင်ဒိုနီးရှားသမ္မတ ဆူကာနိုတို့ကို နယ်ချဲ့၏လက်ကိုင်တုတ်များအဖြစ် ဝေဖန်ခဲ့သည်။ ၁၉၅၂ ခုနှစ် စက်တင်ဘာလ ဆိုဗီယက်ပြည်ထောင်စု ခရီးစဉ်တွင် ကွန်မြူနစ်ပါတီ အထွေထွေအတွင်းရေးမှူး စတာလင်နှင့်တွေ့ဆုံစဉ် တရုတ်ဝန်ကြီးချုပ် ချူအင်လိုင်းကလည်း မြန်မာနိုင်ငံအစိုးရသည် ပေကျင်းအပေါ်သဘောထား အမှန်ကို ဖုံးကွယ်ထားကြောင်း၊ အကယ်စင်စစ် မြန်မာနိုင်ငံသည် တရုတ်ဆန့်ကျင်ရေးမူဝါဒကို ကျင့်သုံးနေပြီး အမေရိကန်နှင့် အင်္ဂလန်တို့၏နောက်လိုက်ဖြစ်ကြောင်း မှတ်ချက်ပြု ပြောကြားခဲ့သည်။

၁၉၅၀ ဆယ်စုနှစ် အစောပိုင်းတွင် ပေကျင်းသည် ကွန်မြူနစ်မဟုတ်သောနိုင်ငံများ ဆန့်ကျင်ရေးကို အခြေပြုသည့် နိုင်ငံခြားရေး မူဝါဒကို ကျင့်သုံးခဲ့ပြီး မြန်မာနိုင်ငံနှင့် ဆက်ဆံရေးသည် မိတ်ဆွေလည်းမဟုတ်၊ ရန်သူလည်း မဟုတ်သည့်အသွင် ဆောင်ခဲ့သည်။ ၁၉၅၃ ခုနှစ်တွင် ရန်ကုန်သည် ပေကျင်းနှင့် ဆက်ဆံရေးပိုကောင်းဖို့ ဦးတည်လျက် ၀ါရှင်တန်၏ အကူအညီများကို ရပ်ဆိုင်းခဲ့သည်။ ပေကျင်းသည် ရန်ကုန်၏ခြေလှမ်းကို ကောင်းချီးအကြီးအကျယ်ပေးခဲ့ပြီး အခြားနိုင်ငံများက မြန်မာနိုင်ငံကိုစံနမူနာယူရန် တိုက်တွန်း ဆော်သြခဲ့သည်။ ၁၉၅၃ ခုနှစ် မေလ မြန်မာအစိုးရ၏ အလုပ်သမားကိုယ်စားလှယ်အဖွဲ့ နှင့်တွေ့ဆုံစဉ် ဝန်ကြီးချုပ်ချူအင်လိုင်းက မြန်မာနိုင်ငံ၏ဆုံးဖြတ်ချက်သည် အာရှနိုင်ငံများကို စိတ်လှုပ်ရှားစေခဲ့သည်ဟု ပြောကြားခဲ့သည်။ ၁၉၅၄ ခုနှစ်နီးကပ်လာချိန်တွင် ပေကျင်းသည် ကွန်မြူနစ်မဟုတ်သောနိုင်ငံများ ဆန့်ကျင်ရေးမူမှ ငြိမ်းချမ်းစွာ အတူယှဉ်တွဲနေထိုင်ရေးမူသို့ ပြောင်းလဲလာခဲ့သည်။

၁၉၅၄ ခုနှစ်သည် တရုတ်ပြည်သူ့ သမ္မတနိုင်ငံနှင့် မြန်မာနိုင်ငံအကြား သံခင်းတမန်ခင်းတွင် ထူးခြားသည့် နှစ်တစ်နှစ်ဖြစ်ပြီး ပေါက်ဖော်သံခင်းတမန်ခင်းကို အစပြုခဲ့သည့် နှစ်တစ်နှစ်လည်းဖြစ်သည်။ တရုတ်ပြည်သူ့သမ္မတနိုင်ငံ ဝန်ကြီးချုပ် ချူအင်လိုင်းသည် ၁၉၅၄ ခုနှစ် ဇွန်လတွင် မြန်မာနိုင်ငံသို့ ပထမဆုံးအကြိမ် အလုပ်သဘောအလည် အပတ်လာရောက်ခဲ့ပြီး မြန်မာဝန်ကြီးချုပ် ဦးနုနှင့်အတူ မူငါးချက် ပူးတွဲကြေညာချက်တစ်စောင်ကို ထုတ်ပြန်ခဲ့သည်။ ၁၉၅၄ ခုနှစ် နိုဝင်ဘာလ ဝန်ကြီးချုပ်ဦးနု၏ တရုတ်ပြည်သူ့သမ္မတနိုင်ငံ ချစ်ကြည်ရေးခရီးစဉ်သည် ပေါက်ဖော်ဆက်ဆံရေးကို ပို၍အားကောင်းစေခဲ့သည်။ အတက်အကျ၊ အတိုးအဆုတ်များရှိလင့်ကစား ဝန်ကြီးချုပ်ဦးနု ဦးဆောင်၊ ကမကထပြုခဲ့သည့် ပေါက်ဖော်သံတမန်ဆက်ဆံရေးသည် ယနေ့ထက်တိုင် အသက်ဝင်နေဆဲ၊ အားကောင်းနေဆဲပင်ဖြစ်သည်။

တရုတ်ကွန်မြူနစ်ပါတီဥက္ကဋ္ဌ မော်စီတုန်းသည် ၁၉၅၄ ခုနှစ် ဒီဇင်ဘာလတွင် မြန်မာနိုင်ငံဝန်ကြီးချုပ် ဦးနုနှင့် ပထမဆုံး အကြိမ်တွေ့ဆုံ၍ နှစ်နိုင်ငံဆက်ဆံရေးကိစ္စ အကျယ်တဝင့်ဆွေးနွေးခဲ့သည်။ မော်စီတုန်းက မြန်မာနိုင်ငံကို ငြိမ်းချမ်းစေလိုကြောင်း၊ နိုင်ငံတိုင်းသည် ကိုယ့်ပြဿနာကိုယ်ရှင်းရမှာ ဖြစ်ကြောင်း၊ ပါတီအချို့ကိုထောက်ခံ၍ မရသကဲ့သို့ ဆန့်ကျင်၍မရကြောင်း၊ အစိုးရသည်သာ ဆွေးနွေးဘက်ဖြစ်ကြောင်း၊ ဂွမ်တီမာလာတော်လှန်ရေးမှာ အမေရိကန်က ကြားဝင်စွက်ဖက်သကဲ့သို့ တရုတ်နိုင်ငံက မြန်မာနိုင်ငံကို ကျူးကျော်မည်မဟုတ်ကြောင်း၊ အရင်တုန်းက မြန်မာသည် ယူနန်အကြောင်း သိပ်မသိ၊ ယူနန်ပြည်နယ်တွင် တရုတ်ပြည်သူ့ လွတ်မြောက်ရေးတပ်အင်အား မည်မျှရှိပြီး ဘာလုပ်နေသည်ကို စောင့်ကြည့်နိုင်ရန် ကောင်စစ်ဝန်ရုံး ဖွင့်သင့်ကြောင်း၊ တရုတ် ပြည်သူ့သမ္မတနိုင်ငံအနေဖြင့် ထိုင်းနိုင်ငံနှင့် သံတမန်အဆက်အသွယ် ထူထောင်လိုကြောင်း၊ တရုတ်နိုင်ငံသံအမတ်သည် မြန်မာနိုင်ငံပြည်တွင်းရေးတွင် ဝင်စွက်ပါက တာဝန်မှ ချက်ချင်းရပ်ဆိုင်း၊ အရေးယူမည်ဖြစ်ကြောင်း ဝန်ကြီးချုပ်ဦးနုကို ဆွေးနွေး ပြောကြားခဲ့သည်။

အထက်ပါခရီးစဉ်မတိုင်မီ ၁၉၅၄ ခုနှစ် အောက်တိုဘာ ၂၆ ရက်တွင် တရုတ်ကွန်မြူနစ်ပါတီဥက္ကဋ္ဌ မော်စီတုန်းသည် အိန္ဒိယဝန်ကြီးချုပ် နေရူးနှင့်တွေ့ဆုံစဉ် မြန်မာနိုင်ငံအရေးနှင့် ပတ်သက်၍ ထည့်သွင်းဆွေးနွေးခဲ့သည်။  ဥက္ကဋ္ဌမော်စီတုန်းက မြန်မာအစိုးရသည် တရုတ်နိုင်ငံအနေဖြင့် အစိုးရကိုဖြုတ်ချဖို့ တိုက်ပွဲဝင်နေသည့် တော်လှန်ရေးသမားများကို အကူအညီပေးလိမ့်မည်၊ လက်နက်များ ထောက်ပံ့ပေးလိမ့်မည်ဟု သံသယရှိကြောင်း၊ ဝန်ကြီးချုပ်ချူ မြန်မာနိုင်ငံ အလည်သွားစဉ်က အဆိုပါကိစ္စကို ဝန်ကြီးချုပ်နုနှင့် ဆွေးနွေးခဲ့ကြောင်း၊ နောက်တစ်လတွင် ဝန်ကြီးချုပ်ဦးနုသည် တရုတ်နိုင်ငံ အလည်လာပါက သူ့အနေဖြင့် ယင်းကိစ္စကို ထပ်မံဆွေးနွေးမည်ဖြစ်ကြောင်း၊ ငြိမ်းချမ်းစွာအတူ ယှဉ်တွဲနေထိုင်ရေး မူကြီးငါးရပ်နှင့်အညီ ရှင်းလင်း ဆွေးနွေးမည်ဖြစ်ကြောင်း၊ ဗမာပြည် ကွန်မြူနစ်ပါတီကို ဘယ်တုန်းကမှ သေနတ်တစ်လက်ပင် မထောက်ပံ့ခဲ့ကြောင်း၊ အကူအညီပေးရန် လတ်တလောအစီအစဉ်မရှိပါကြောင်း ဝန်ကြီးချုပ်နေရူးကို ရှင်းပြ၊ ဆွေးနွေးခဲ့သည်။ အိန္ဒိယဝန်ကြီးချုပ်နေရူးသည် မြန်မာဝန်ကြီးချုပ်ဦးနုနှင့် အလွန်ရင်းနှီးသည့်အလျောက် ဥက္ကဋ္ဌမော်စီတုန်းအနေဖြင့် ဝန်ကြီးချုပ်ဦးနု ခရီးစဉ်မတိုင်မီ ဝန်ကြီးချုပ်နေရူးမှတစ်ဆင့် နိုင်ငံရေးနားဖောက်ခဲ့သည့် သဘောလည်းဖြစ်နိုင်သည်။

မြန်မာဝန်ကြီးချုပ်ဦးနု၏ ၁၉၅၄ ခုနှစ် ဒီဇင်ဘာလ တရုတ်ပြည်သူ့သမ္မတနိုင်ငံ ခရီးစဉ်အပြီး တရုတ်နိုင်ငံ ကူမင်းမြို့တွင် မြန်မာကောင်စစ်ဝန်ရုံး၊ မြန်မာနိုင်ငံ လားရှိုးမြို့တွင် တရုတ်ကောင်စစ်ဝန်ရုံးတို့ကို ဖွင့်လှစ်နိုင်ခဲ့သည်။ ရန်ကုန်မြို့နှင့် ကူမင်းမြို့အကြား လေကြောင်းသယ်ယူပို့ဆောင်မှု စတင်နိုင်ခဲ့ပြီး ပေကျင်းမြို့နှင့် ရန်ကုန်မြို့အကြား စာပို့နှင့် ကြေးနန်းဆက်သွယ်မှုကို အစပြုနိုင်ခဲ့သည်။ ၁၉၅၅ ခုနှစ်နောက်ပိုင်း ပေကျင်းနှင့် ရန်ကုန်အကြား ကုန်သွယ်မှုနှင့် စီးပွားရေးပူးပေါင်းဆောင်ရွက်မှု၊ ယဉ်ကျေးမှုဖလှယ်မှု ကဏ္ဍတို့တွင် သိသိသာသာမြင့်တက်ခဲ့သည်။ နှစ်နိုင်ငံအကြားနှင့် ခေါင်းဆောင်များအကြား ယုံကြည်မှုတည်ဆောက်ရေးသည်လည်း ပိုမိုထိရောက်၊ ခရီးပေါက်ခဲ့ပြီး နှစ်ဖက်အကြား စိုးရိမ်မှုများကို သိသိသာသာလျှော့ချနိုင်ခဲ့သည်။

အချုပ်ဆိုရသော် ပေါက်ဖော်သံခင်း တမန်ခင်းသည် ၁၉၅၄ ခုနှစ် နှစ်နိုင်ငံဝန်ကြီးချုပ်များ၏ ချစ်ကြည်ရေးခရီးစဉ်များအပေါ် အခြေတည်ခဲ့သည့်အပြင် ဥက္ကဋ္ဌမော်နှင့် ဝန်ကြီးချုပ်နုတို့အကြား ပထမဆုံးတွေ့ဆုံ ဆွေးနွေးမှုကလည်း အခြေခံအုတ်မြစ်ကောင်းကို ချမှတ်နိုင်ခဲ့သည်။ ပေကျင်းသည် လွန်ခဲ့သော နှစ် ၇၀ နီးပါးက ရန်ကုန်နှင့် ၀ါရှင်တန်ဆက်ဆံရေးကို အလေးထားစောင့်ကြည့်ခဲ့သည့် နည်းတူ မျက်မှောက်ခေတ်တွင်လည်း နေပြည်တော်နှင့် ၀ါရှင်တန်သံခင်းတမန်ခင်းသည် ပေကျင်းအဖို့ မျက်ခြည်မပြတ် စောင့်ကြည့်ရမည့် အခင်းအကျင်းပင်ဖြစ်သည်။ မော်နှင့် နု ဆွေးနွေးပွဲအလွန် အကျပ်အတည်း၊ စိန်ခေါ်မှုနှင့် ဖိအားတို့ မြင့်တုံနိမ့်တုံဖြစ်နေလင့်ကစား ပေါက်ဖော်သံခင်းတမန်ခင်းသည် ယနေ့ထက်တိုင် ပန်းပန်လျက်ရှိနေဆဲပင်ဖြစ်ပါကြောင်း သုံးသပ်တင်ပြလိုက်ရပါသည်။

 

Most Read

Most Recent