အပြည်ပြည်ဆိုင်ရာ ပွင့်လင်းမြင်သာမှုအဖွဲ့ (TI) က လာဘ်ပေး လာဘ်ယူမှုကိုသာမက မိမိကိုယ်ပိုင်အကျိုးအမြတ်အတွက် အပ်နှင်းထားသော အာဏာကို အလွဲသုံးစားလုပ်မှု မှန်သမျှကို အဂတိလိုက်စားမှုဟု သတ်မှတ်သည်။ အဂတိလိုက်စားမှု၏ အန္တရာယ်ရှိသော သက်ရောက်မှုများကို လေ့လာရာတွင် အဂတိလိုက်စားမှုကြောင့် ကုန်ကျစရိတ်သည် ကမ္ဘာ့ဂျီဒီပီ၏ ငါးရာခိုင်နှုန်းကျော် (အမေရိကန်ဒေါ်လာ ၂ ဒသမ ၆ ထရီလျံ) နှင့်ညီမျှပြီး နှစ်စဉ် လာဘ်ထိုးငွေသည် အမေရိကန်ဒေါ်လာ တစ်ထရီလျံရှိကြောင်း တွေ့ရှိရသည်။ အဂတိလိုက်စားမှုသည် စီးပွားရေးကြီးထွားမှုနှင့် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုကို ထိခိုက်ကြောင်းလည်း တွေ့ရှိရသည်။ အပြည်ပြည်ဆိုင်ရာ ငွေကြေးရန်ပုံငွေအဖွဲ့၏ သုတေသနအရ အဂတိလိုက်စားမှုပို၍ လွှမ်းမိုးသောနိုင်ငံများသည် အဂတိလိုက်စားမှု လျော့နည်းသော နိုင်ငံများထက် ရင်းနှီးမြှုပ်နှံမှု ငါးရာခိုင်နှုန်းခန့် ပို၍နည်းကြောင်း တွေ့ရှိရသည်။ ကမ္ဘာ့စီးပွားရေးဖိုရမ်က အဂတိလိုက်စားမှုသည် လုပ်ငန်းလုပ်ကိုင်ရန် ကုန်ကျစရိတ်ကို ပျမ်းမျှ ၁၀ ရာခိုင်နှုန်းအထိ မြင့်မားစေသည်ဟု ခန့်မှန်းခဲ့သည်။ အဂတိလိုက်စားမှုက ဝင်ငွေမညီမျှမှုအပေါ် အရေးပါသည့် သက်ရောက်မှုရှိကြောင်းနှင့် ဝင်ငွေကြီးထွားမှုအပေါ် မကောင်းသော သက်ရောက်မှုရှိကြောင်းကိုလည်း လက်တွေ့ တွေ့ရှိပြီးဖြစ်သည်။
ရေရှည်တည်တံ့သော စီးပွားရေးဖွံ့ဖြိုးမှု၊ ကျင့်ဝတ်ဆိုင်ရာ စံတန်ဖိုးများနှင့် တရားမျှတမှုတို့ကို အဂတိလိုက်စားမှုက ခြိမ်းခြောက်လျက်ရှိသည်။ အဂတိလိုက်စားမှုက လူ့အဖွဲ့အစည်းကို မတည်မငြိမ်ဖြစ်စေပြီး တရားဥပဒေစိုးမိုးရေးကို အန္တရာယ်ပြုလျက်ရှိသည်။ အဂတိလိုက်စားမှုဟူသည် အင်စတီကျူးရှင်းများနှင့် ဒီမိုကရေစီစံတန်ဖိုးများကို လှိုက်စားကာ အားနည်းသွားစေလျက် ပျက်သုဉ်းသွားစေနိုင်သော အရာလည်းဖြစ်သည်။ အများပြည်သူနှင့်ဆိုင်သော မူဝါဒများနှင့် အများပြည်သူနှင့်ဆိုင်သော ရင်းမြစ်များသည် ဆင်းရဲသားပြည်သူများကို အကြီးအကျယ် အကျိုးပြုနေသည့် အရာများဖြစ်သောကြောင့် အဂတိလိုက်စားမှု၏ ဆိုးရွားသော ရိုက်ခတ်မှုများကို အပြင်းထန်ဆုံး ထိခိုက်ခံစားရသူများမှာ ဆင်းရဲသားပြည်သူများသာ ဖြစ်သည်။
အဂတိလိုက်စားမှု ပုံစံအမျိုးမျိုးတွင် လာဘ်စားခြင်း၊ အာဏာပြခြိမ်းခြောက် ငွေညှစ်ခြင်း၊ ခရိုနီဝါဒ၊ ဆွေမျိုးကောင်းစားရေးဝါဒ၊ သူကောင်းပြုခြင်း၊ အာဏာရှိသူနှင့် အကျိုးအမြတ် ရယူလိုသူတို့ကြား ပွဲစားလုပ်ခြင်း၊ အဂတိလိုက်စားခြင်းနှင့် အလွဲသုံးစားလုပ်ခြင်းတို့ ပါဝင်သည်။ အဂတိလိုက်စားခြင်းသည် မူးယစ်ဆေး မှောင်ခိုလုပ်ငန်း၊ ငွေကြေးခဝါချခြင်းနှင့် လူကုန်ကူးမှုတို့ကဲ့သို့သော ပြစ်မှုကျူးလွန်မှုများကို ကြီးထွားစေသည်။ နိုင်ငံရေး အတိုက်အခံများကို ဖိနှိပ်ခြင်းနှင့် ရဲတပ်ဖွဲ့၏ ရက်စက်ကြမ်းကြုတ်မှုများ ကဲ့သို့သော အခြားရည်ရွယ်ချက်အတွက် အစိုးရအာဏာကို တလွဲအသုံးပြုခြင်းများကိုလည်း နိုင်ငံရေးဆိုင်ရာ အဂတိလိုက်စားမှုအဖြစ် ထည့်သွင်းလာကြသည်။ နိုင်ငံရေးဆိုင်ရာ အဂတိလိုက်စားမှုကို မထိန်းချုပ်နိုင်သည့် အခြေအနေကို Kleptocracy (သူခိုးများက အုပ်ချုပ်ခြင်း) ဟု ခေါ်သည်။ အင်စတီကျူးရှင်းတစ်ခုတွင် ယင်း၏ ပင်မရည်ရွယ်ချက်နှင့် ဆန့်ကျင်သော အကျိုးအမြတ်ရှိနေသူများထံမှ ဘဏ္ဍာရေးဆိုင်ရာ အထောက်အပံ့ပေါ်တွင် မှီခိုနေခြင်းသည်လည်း အဂတိလိုက်စားမှုပင် ဖြစ်သည်။
နိုင်ငံရေးဆိုင်ရာ အဂတိလိုက်စားမှုကို ကာကွယ်ရန် တာဝန်သိပြည်သူများအနေဖြင့် နိုင်ငံရေးသမားများနှင့် အစိုးရအရာရှိများအား ၎င်းတို့လုပ်ရပ်များနှင့် ပတ်သက်၍ တာဝန်ယူမှုနှင့် တာဝန်ခံမှုရှိရေးအတွက် တောင်းဆိုရန် လိုအပ်သည်။ ပြည်သူများအနေဖြင့် နိုင်ငံရေးသမားများနှင့် အစိုးရအရာရှိများ မည်သည့်အရာများကို မည်သို့မည်ပုံ လုပ်ဆောင်နေကြောင်း သိရှိရခြင်း မရှိပါက ၎င်းတို့အား မည်ကဲ့သို့ ယုံကြည်နိုင်ပါမည်နည်း။ ထို့ကြောင့် ပြည်သူများအနေဖြင့် ၎င်းတို့အား ပွင့်လင်းမြင်သာမှုရှိစွာ လုပ်ဆောင်ရန် တောင်းဆိုရမည် ဖြစ်သည်။ အဂတိလိုက်စားမှုများကို ဖုံးကွယ်၍ မရနိုင်သော ပွင့်လင်းမြင်သာမှုမျိုးရှိမှသာ ပြည်သူများအနေဖြင့် ၎င်းတို့အား ယုံကြည်နိုင်မည်ဖြစ်ပြီး နိုင်ငံရေးလုပ်ငန်းစဉ်များလည်း တိုးတက်နိုင်မည် ဖြစ်သည်။
မည်သို့ပင်ဆိုစေကာမူ သမာဓိရှိပြီး အဂတိလိုက်စားမှုများနှင့် ပတ်သက်၍ခိုင်မာသော တာဝန်ခံမှုရှိသည့် ခေါင်းဆောင်များကိုသာ ရွေးကောက်တင်မြှောက်ခြင်းဖြင့် ပြည်သူများသည် အဂတိလိုက်စားမှုတိုက်ဖျက်ရေး၌ အဓိကအခန်းကဏ္ဍမှနေ၍ ပါဝင်နိုင်ပါကြောင်း The Daily Eleven သတင်းစာက ရေးသားအပ်ပါသည်။
ဇန်နဝါရီ ၅ ရက်နေ့ထုတ် The Daily Eleven သတင်းစာ၏ အယ်ဒီတာ့အာဘော်









