ကျောက်မျက်ရတနာများ မြန်မာကျပ်ငွေဖြင့် ရောင်းချပွဲတွင် ကျောက်မျက်၊ ကျောက်စိမ်းအတွဲပေါင်း ၃၉၀၀ ကျော် ရောင်းချသွားမည်ဖြစ်ပြီး ကြမ်းခင်းစျေး အမြင့်ဆုံး ကျပ်သိန်း ၁၈၀၀ တန် ကျောက်မျက်တွဲ ပါဝင်ကြောင်း သိရသည်။
ကျောက်မျက်ရတနာများ မြန်မာကျပ်ငွေဖြင့် ရောင်းချသည့်ပွဲအား ဇန်နဝါရီ ၂ ရက်မှ ၇ ရက်အထိ နေပြည်တော်ရှိ မဏိရတနာ ကျောက်စိမ်းခန်းမ၌ ရောင်းချသွားမည်ဖြစ်ပြီး အဆိုပါရောင်းချပွဲတွင် ကျောက်မျက်အတွဲပေါင်း ၂၈၆ တွဲနှင့် ကျောက်စိမ်းအတွဲပေါင်း ၃၆၉၅ တွဲ ရောင်းချသွားမည် ဖြစ်ကြောင်း သိရသည်။
ကျောက်မျက်အတွဲများအား ဇန်နဝါရီ ၂ ရက်နှင့် ၃ ရက်များတွင် ကြည့်ရှုစစ်ဆေးနိုင်ပြီး ဇန်နဝါရီ ၄ ရက်၌ အိတ်ဖွင့် တင်ဒါစနစ်ဖြင့် ရောင်းချသွားမည်ဖြစ်ကာ ကျောက်စိမ်းတွဲများအား ဇန်နဝါရီ ၂ ရက်မှ ၄ ရက်အထိ ကြည့်ရှုစစ်ဆေးနိုင်ပြီး ဇန်နဝါရီ ၅ ရက်မှ ၇ ရက်အထိ အိတ်ဖွင့်တင်ဒါစနစ်ဖြင့် ရောင်းချသွားမည် ဖြစ်ကြောင်း သိရသည်။
“ကျောက်စိမ်းတွဲထဲမှာတော့ ကြမ်းခင်းစျေး အမြင့်ဆုံးက သိန်းတစ်ထောင်ဖြစ်ပြီး ကျောက်မျက်အတွဲထဲမှာတော့ ကြမ်းခင်းစျေး အမြင့်ဆုံးကတော့ ကျပ်သိန်း ၁၈၀၀ နဲ့ တင်ပြတဲ့ ကျောက်တွဲဖြစ်ပါတယ်”ဟု မြန်မာ့ကျောက်မျက်ရတနာရောင်းဝယ်ရေးလုပ်ငန်းမှ အထွေထွေမန်နေဂျာ ဦးသက်ခိုင်က ပြောကြားသည်။
ကျောက်မျက်ရတနာများ မြန်မာကျပ်ငွေဖြင့် ရောင်းချပွဲတွင် ပြည်တွင်း ရတနာကုန်သည်များသာ တက်ရောက် ဝယ်ယူခွင့်ရှိပြီး တက်ရောက်ဝယ်ယူမည့် ပြည်တွင်းကုန်သည်များအနေဖြင့် အာမခံစပေါ်ငွေ ကြိုတင်ပေးသွင်းရကြောင်း သိရသည်။
“ကျောက်မျက်အတွဲတွေ ဝယ်ချင်တဲ့ ရတနာကုန်သည်တွေအနေနဲ့ အာမခံ စပေါ်ငွေ အနည်းဆုံးပေးသွင်းရမယ့် ပမာဏကတော့ ၁၀ သိန်း ဖြစ်ပါတယ်။ ဝယ်ယူလိုတဲ့ ပမာဏထက် ၁၀ ရာခိုင်နှုန်း ပေးသွင်းရတဲ့ အခြေအနေ ဖြစ်ပါတယ်။ ကျောက်စိမ်းတွဲ ဝယ်ယူလိုတဲ့သူတွေအတွက်တော့ ကျပ်သိန်း ၂၀ ကို အနည်းဆုံး အာမခံ စပေါ်ငွေပေးသွင်းပြီး ၁၀ ဆ တန်ဖိုးရှိတဲ့ ကျောက်စိမ်းတွဲတွေကို ဝယ်ယူနိုင်ကြမှာ ဖြစ်ပါတယ် “ဟု အထွေထွေမန်နေဂျာ ဦးသက်ခိုင်က ဆက်လက်ပြောကြားသည်။
လက်ရှိရောင်းချနေသည့် ကျောက်မျက်၊ ကျောက်စိမ်းအတွဲများသည် ကျောက်အချောထည် လုပ်ကိုင်မည့် ကုန်သည်များအတွက် အဆင်ပြေနိုင်မည့် အနေအထားရှိပြီး ယခုပြပွဲတွင် ကျပ်သန်း လေးသောင်းဝန်ကျင်ခန့် ရောင်းချနိုင်ဟု ခန့်မှန်းထားကြောင်း မြန်မာ့ကျောက်မျက်ရတနာရောင်းဝယ်ရေးလုပ်ငန်း မှ ခေတ္တဦးဆောင်ညွှန်ကြားရေးမှူး ဦးမင်းသူ က ပြောကြားသည်။
“မန္တလေးမှာ ကုန်ကြမ်း နည်းနည်းရှားတယ်။ ရှားတဲ့အတွက် နေပြည်တော်မှာ မြန်မာတွေအတွက် လုပ်ကိုင်ခွင့်ရအောင် မြန်မာကျပ်ငွေနဲ့ ရောင်းချပေးတဲ့အပေါ် ဝယ်ရတာက မဆိုးပါဘူး။ ကျောက်မျက်ပွဲ ဝင်ခွင့်ကတော့ ခြောက်သောင်း ပေးရပါတယ်”ဟု မန္တလေးမြို့မှ ကျောက်မျက်ရတနာကုန်သည် မောင်တိုးက ပြောကြားသည်။
ကျောက်မျက်ရတနာများ မြန်မာကျပ်ငွေဖြင့် ရောင်းချသည့်ပွဲသို့ ပြည်တွင်းမှ တက်ရောက်မည့် ရတနာကုန်သည် ၁၆၃၄ ဦး မှတ်ပုံတင်ထားကြောင်း မြန်မာ့ကျောက်မျက်ရတနာ ရောင်းဝယ်ရေးလုပ်ငန်းမှ သိရသည်။















