စုန်းဖမ်းပွဲလား အဂတိလိုက်စားမှုလား

စုန်းဖမ်းပွဲလား အဂတိလိုက်စားမှုလား
Published 2 January 2020

စုန်းဟု တံဆိပ်ကပ်ခံရသူများကို ရှာဖွေခြင်း သို့မဟုတ် စုန်းအတတ်နှင့် ပတ်သက်သော သက်သေအထောက်အထားများကို ရှာဖွေခြင်းအား စုန်းဖမ်းပွဲ (witch- hunt သို့မဟုတ် witch purge ဟု ခေါ်သည်။ ယင်းတွင် ကိုယ်ကျင့်တရားပိုင်းဆိုင်ရာ သွေးလန့်မှု သို့မဟုတ် ကောလာဟလများကြောင့် လူ့အဖွဲ့အစည်းတစ်ရပ်၏ ချောက်ချားမှုတို့ ပါဝင်နေလေ့သည်။ အစောပိုင်း ခေတ်သစ်ဥရောပနှင့် မြောက်အမေရိက ကိုလိုနီများ၌ ဂန္ထဝင်စုန်းဖမ်းပွဲကာလသည် ၁၄၅၀ ခုနှစ်မှ ၁၇၅၀ ခုနှစ်ခန့်အတွင်းက ဖြစ်ပြီး လူပေါင်း ၃၅,၀၀၀ မှ ၁၀၀,၀၀၀ အတွင်းခန့် စုန်းဟု စွပ်စွဲကာ သတ်ဖြတ်ခံခဲ့ရသည်ဟု ခန့်မှန်းကြသည်။ နောက်ဆုံးအဖြစ် စုန်းဟု စွပ်စွဲကာ လူများကို သတ်ဖြတ်မှုသည် ဥရောပတိုက်တွင် ၁၈ ရာစုအထိ ဖြစ်ပွားခဲ့သည်။ အာဖရိကနှင့် အာရှတိုက်များကဲ့သို့သော အခြားဒေသများ၌ ယခုခေတ်ပြိုင်ကာလ၌ပင် စုန်းဖမ်းပွဲများ ဖြစ်ပေါ်ခဲ့ကြောင်း ဆာဟာရအောက်ပိုင်း အာဖရိကဒေသနှင့် ပါပူအာနယူးဂီနီတို့မှ သတင်းများနှင့် ဆော်ဒီအာရေဗျနှင့် ကင်မရွန်းနိုင်ငံများ၌ ယနေ့အထိ စုန်းအတတ်အား ဥပဒေဖြင့် တရားဝင်တားမြစ်ထားဆဲ ရှိခြင်းတို့ကို ကြည့်၍သိနိုင်သည်။ ယခုမျက်မှောက်ခေတ် ဘာသာစကား၌မူ witch- hunt ဟူသည့် စကားလုံးအား တင်စားချက်အနေဖြင့် သုံးနှုန်းကြခြင်းဖြစ်သည်။ အမှန်တကယ်၌  နိုင်ငံရေးအတိုက်အခံများကို ချည့်နဲ့သွားစေရန်အတွက် အဖျက်အမှောင့်လုပ်ရပ်များပြုခြင်း၊ သစ္စာစောင့်သိမှုမရှိခြင်း စသဖြင့် အကြောင်းပြကာ လူသိရှင်ကြား စုံစမ်းစစ်ဆေးမှု ပြုလုပ်ခြင်းကို ခေါ်ဆိုသည်။

အစ္စရေးဝန်ကြီးချုပ် ဘင်ဂျမင်နေတန်ယာဟုသည် အဂတိလိုက်စားမှု စွဲချက်များစွာကို ရင်ဆိုင်ရပြီးနောက် သီတင်းပတ်အတန်ကြာ ဇန်နဝါရီ ၁ ရက်၌ သူ့အား အမှုစစ်ဆေးခြင်းမှ ကင်းလွတ်ခွင့်ပြုရန် ပါလီမန်ကို တောင်းဆိုခဲ့သည်။ အစ္စရေးနိုင်ငံ၏ သက်တမ်းအရှည်ဆုံး ဝန်ကြီးချုပ် နေတန်ယာဟုသည် သူ၏ နိုင်ငံရေး ရှင်သန်နိုင်ရန်အတွက် စစ်မျက်နှာနှစ်ခုကို ရင်ဆိုင်နေရရာ ယင်းတို့မှာ အဂတိလိုက်စားမှု စွဲချက်များနှင့် ဗဟိုဝါဒီ ပါတီသစ်၏ တင်းတင်းမာမာ အတိုက်အခံပြုမှုတို့ ဖြစ်သည်။ နေတန်ယာဟုကို သီးခြား အဂတိလိုက်စားမှုသုံးမှု၌ လာဘ်စားမှု၊ လိမ်လည်မှု၊ ယုံကြည်မှုကို ချိုးဖောက်မှုတို့ဖြင့် နိုင်ငံတော်ရှေ့နေချုပ်က နိုဝင်ဘာလတွင် စွဲချက်တင်ခဲ့ခြင်းဖြစ်သည်။ လက်ယာယိမ်း Likud ပါတီခေါင်းဆောင် နေတန်ယာဟုက စွဲချက်များကို ငြင်းဆိုခဲ့ပြီး တရားစွဲဆိုသူများနှင့် မီဒီယာများက သူ့အား “ စုန်းဖမ်းပွဲ ပြုလုပ်ခြင်း” ဖြစ်သည်ဟု စွပ်စွဲပြောကြားခဲ့သည်။

သူ၏ပြိုင်ဘက်၊ ဗဟိုဝါဒီ Blue and White ပါတီခေါင်းဆောင် ဘင်နီဂန့်ဇ်က ဝန်ကြီးချုပ်၏ ကြေညာချက်ကို တုံ့ပြန်ရာ၌ “ သူ အပြစ်ရှိတယ်ဆိုတာ နေတန်ယာဟု သိပါတယ်” ဟု ပြောကြားခဲ့သည်။ ဂန့်ဇ်က သူ၏ပါတီအနေဖြင့် နေတန်ယာဟု အမှုစစ်ဆေးခြင်းမှ ကင်းလွတ်ခွင့်မရရန် အစွမ်းကုန် တားဆီးကာကွယ်သွားမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။ “ အစ္စရေးမှာ ဘယ်သူမှ ဥပဒေအထက်မှာ မရှိပါဘူး” ဟု ၎င်းက ဆိုသည်။ အယူခံခွင့်အားလုံး ကုန်ဆုံးပြီးနောက် ပြစ်မှုထင်ရှား စီရင်ခြင်းခံရသည်နှင့် ဝန်ကြီးချုပ်အနေဖြင့် နုတ်ထွက်ပေးရုံသာ လိုအပ်သည်ဟု ၎င်းက ဆိုသည်။

ဥပဒေပြုအမတ်များအနေဖြင့် မတ် ၂ ရက် ရွေးကောက်ပွဲပြီးနောက်အထိ ယင်းကိစ္စအတွက် မဲခွဲရန် စီစဉ်ထားမှု မရှိသောကြောင့် အမှုစစ်ဆေးခြင်းမှ ကင်းလွတ်ခွင့်ပြုရန် နေတန်ယာဟု၏ တောင်းဆိုချက်မှာ တရားရုံးလုပ်ငန်းစဉ်များကို လအတန်ကြာအထိ ကြန့်ကြာနေစေလိမ့်ဦးမည်ဟု ခန့်မှန်းကြသည်။ “ ဒီတောင်းဆိုချက်ဟာ ဥပဒေနဲ့အညီဖြစ်ပြီး သင်တို့ကို ဆက်ပြီး ထမ်းဆောင်ပေးဖို့အတွက် အစ္စရေးရဲ့ အနာဂတ်အတွက် ရည်မှန်းချက်နဲ့လည်း ကိုက်ညီပါတယ်” ဟု နေတန်ယာဟုက ဂျေရုစလင်တွင် သတင်းထောက်များအား ပြောကြားခဲ့သည်။ နေတန်ယာဟု၏ ပြောရေးဆိုခွင့်ရှိသူ အိုဖာဂိုလန်က တောင်းဆိုချက်အား အစ္စရေး၏ ပါလီမန်ဖြစ်သည့် the Knesset ဥက္ကဋ္ဌထံ တင်သွင်းထားကြောင်း နောက်ပိုင်းတွင် အတည်ပြုပြောကြားခဲ့သည်။

တရားရုံး၏ စွဲဆိုထားမှုအောက်၌ သမ္မတသည် ဝန်ကြီးချုပ်တစ်ဦးကို အစိုးရအဖွဲ့သစ် ဖွဲ့စည်းရန် တာဝန်ပေးနိုင်ခွင့်ရှိသလား ဟူသည်ကို ဆုံးဖြတ်ရန် ဥပဒေရေးရာ ကျွမ်းကျင်သူများက အမြင့်ဆုံးတရားရုံးကို တောင်းဆိုထားသည်။ တရားသူကြီးသုံးဦး ပါဝင်သည့် ခုံရုံးက ယင်းကိစ္စကို ဒီဇင်ဘာ ၃၁ ရက်တွင် စတင်သုံးသပ်လျက်ရှိပြီး နောက်ပိုင်းတွင် သူတို့အနေဖြင့် ဆုံးဖြတ်ချက်တစ်ခုချမည်ဟု ပြောကြားခဲ့သော်လည်း နေ့ရက် အတိအကျကို ထည့်သွင်းပြောကြားခဲ့ခြင်း မရှိပေ။ နေတန်ယာဟုကမူ သူ့အား တရားစွဲဆိုရန် ကြိုးပမ်းမှုကို ထောင်ချောက်တစ်ခုသာ ဖြစ်သည်ဟု ပြောကြားခဲ့သည်။

မည်သို့ဆိုစေ ဝန်ကြီးချုပ်တစ်ဦး၏ တာဝန်ထမ်းဆောင်မှုနှင့် သက်ဆိုင်သော လုပ်ရပ်များသည် ပြည်သူအားလုံး၏ ကံကြမ္မာနှင့် သက်ဆိုင်နေသောကြောင့် စုန်းဖမ်းပွဲလား အဂတိလိုက်စားမှုလား ဆိုသည်ကိုလည်းကောင်း၊ ဥပဒေအထက်၌ မည်သူမျှ မရှိဟူသည်မှာ မှန်ကန်မှု ရှိမရှိကိုလည်းကောင်း လူအများက စောင့်ကြည့်နေမည်သာ ဖြစ်ပါကြောင်း The Daily Eleven သတင်းစာက ရေးသားအပ်ပါသည်။

 

ဇန်နဝါရီ ၃ ရက်နေ့ထုတ် The Daily Eleven သတင်းစာ၏ အယ်ဒီတာ့အာဘော်

 

Most Read

Most Recent