၂၀၂၀ ပြည့်နှစ်ဟူသည့် မျှော်လင့်ခြင်း နှစ်သစ်ဆီသို့

၂၀၂၀ ပြည့်နှစ်ဟူသည့် မျှော်လင့်ခြင်း နှစ်သစ်ဆီသို့
Published 1 January 2020

“နှစ်သစ်ရဲ့နေ့။ လတ်ဆတ်တဲ့ အစပြုမှုတစ်ရပ်။ ရေးသားခံရဖို့ရာ စောင့်ဆိုင်းနေတဲ့ ဘဝက အခန်းသစ်တစ်ခု။ အမေးခံရမယ့် မေးခွန်းအသစ်တွေကို ပွေ့ဖက်မြတ်နိုးရတော့မယ်။ ကျေနပ်အားရမှုနဲ့ မိမိကိုယ်မိမိ ရှာဖွေမှုတွေနဲ့ဆိုင်တဲ့ အသွင်ပြောင်းသွားတဲ့နှစ်မှာ အဖြေတွေကို ရှာဖွေရင်း နေထိုင်ခဲ့ရတယ်။ အဲဒီမှာ သင်ကိုယ်တိုင် အိပ်မက်ဖို့အတွက် တိတ်ဆိတ်တဲ့ ကြားကာလတစ်ရပ်နဲ့ လက်ထဲက ကလောင်တံကို ဒီကနေ့က ထွင်းထုခဲ့ပြီ။ ပြောင်းလဲဖို့ရာ အိပ်မက်တွေသာ မွေးဖွားလာတယ်”

ဆာရာဘန်ဘရက်နက် (၁၉၄၇ ဖွား)

အမေရိကန် စာရေးဆရာမ

 

နှစ်ဟောင်းလွန်မြောက်၍ နှစ်သစ်၏ အစသို့ ရောက်ရှိခဲ့လေပြီ။ ဇန်နဝါရီ ၁ ရက်သည် နှစ်သစ်၏ အစဖြစ်သည်။ နှစ်သစ်အကြောင်းပြောလျှင် ရောမနတ်မင်းကြီး ဂျန်နူးကို တွေးမိသွားစေသည်။ ဇန်နဝါရီ (January) ဟူသည် ဂျန်နူး (Janus) ကို အစွဲပြုကာ မှည့်ခေါ်ထားခြင်းဖြစ်သည်။ ပြောင်းလဲခြင်း၊ ပြန်လည်ရှင်သန်ခြင်းနှင့် အသစ်ပြန်ဖြစ်ခြင်း ဟူသည့် စိတ်ကူးဝန်းကျင်တစ်ရပ်ကို နှစ်သစ်နှင့်အတူ ပွေ့ဖက်ကြရသည်။ အမှန်တကယ်၌ ရောမနတ်မင်းကြီး ဂျန်နူးသည် အစပြုခြင်း၊ ပြောင်းလဲခြင်းနှင့် အသွင်ပြောင်းခြင်းတို့ကို ကိုယ်စားပြုနေသည်။ ဇန်နဝါရီသည် နှစ်သစ်၏ ပထမဆုံးလဖြစ်ပြီး နှစ်ဟောင်းရော နှစ်သစ်ကိုပါ တွေးမိစေသည့် ကာလဖြစ်သည်။ ရောမနတ်မင်းကြီး ဂျန်နူးကို မျက်နှာနှစ်ခုပိုင်ရှင်အဖြစ် သရုပ်ဖော်ကြသည်။ ဂျန်နူး၏ မျက်နှာတစ်ခုသည် အတိတ်ကို ကြည့်ပြီး အခြားမျက်နှာတစ်ခုသည် အနာဂတ်ကို ကြည့်သည်ဟု အဆိုရှိသည်။ ယင်း အချက်သည်ပင်လျှင် နှစ်သစ်အခမ်းအနားများအတွက် ပင်မအကြောင်းအရာ ဖြစ်လေသည်။

နှစ်သစ်၏အစ ဇန်နဝါရီလသည် နောက်ကြောင်းကို ပြန်လည်ဆန်းစစ်ရင်း ရှေ့ဆက်ရန် ခရီးကို အလေးအနက် စဉ်းစားချင့်ချိန်ရန် အချိန်ကာလဖြစ်သည်။ နှစ်သစ်၏အစသည် အပြောင်းအလဲများ ပြုလုပ်ရန်နှင့် မိမိတို့အနေဖြင့် မိမိကိုယ်မိမိ ပိုမိုကောင်း မွန်အောင် မည်သို့ပြုလုပ်မည်နည်းဆိုသည်နှင့် ပတ်သက်၍ စဉ်းစားတွေးခေါ်ရန် အချိန် ဖြစ်သည်။ ယခင်နှစ်ဟောင်း၏အစ၌ မျှော်လင့်စိတ်ကူးခဲ့သည်များ နှစ်ဟောင်းတစ် လျှောက် မည်ရွေ့မည်မျှ ဖော်ဆောင်အောင်မြင်ခဲ့သနည်းဟူသည်ကို နှစ်သစ်အစ၌ ပြန်လည်သုံးသပ်ရသည်။ နှစ်သစ်၏အစသည် မျှော်လင့်ချက်များနှင့် စိတ်ကူးများကို ပြန်လည်စဉ်းစားကာ သုံးသပ်အကဲဖြတ်ရသော အချိန်ဖြစ်သည်။ နှစ်ဟောင်းကို သုံးသပ်အကဲဖြတ်မှုသည် နှစ်သစ်အတွက် လမ်းညွှန်မှုအခြေခံတစ်ရပ်ရရှိရန် အထောက်အကူ ပြုသည်။ နှစ်သစ်အတွက် စီမံကိန်းတစ်ရပ်ကို ဖန်တီးနိုင်စေသည်။ မိမိတို့၏ဘဝတွင် ပို၍ပို၍ အောင်မြင်လာစေရန် ခွန်အားသစ်များကိုပေးသည့် တစ်စုံတစ်ရာအား မွေးဖွားလာစေသည်။

လူတို့သည် နှစ်သစ်၏အစတွင် ပိုမိုကောင်းမွန်သော အမူအကျင့်များ ဖွံ့ဖြိုးလာစေရန် သုံးသပ်မှုများ ပြုလုပ်တတ်သည်။ ယင်းမှာ ကောင်းမွန်သော စိတ်ကူးတစ်ရပ် ဖြစ်သည်။ အမူအကျင့်များသည် လူသားတို့၏ ဖြစ်တည်မှုကို ဖွဲ့စည်းတည်ဆောက်ပေးသည့် မမြင်ရသော ဗိသုကာဖြစ်သည်။ လူတို့ နေ့စဉ်ပြုမူမှုများ၌ ရာခိုင်နှုန်း ၄၀ သည် ထပ်ကာထပ်ကာ ပြုလုပ်သည့် အပြုအမူများဖြစ်သည်ဟု အဆိုရှိသည်။ ထို့ကြောင့် အမူအကျင့်များကို ပြောင်းလဲခြင်းသည် ဘဝကို ပြောင်းလဲခြင်းပင်ဖြစ်သည်။ ၂၀၂၀ ပြည့်နှစ်၌ မည်သည့်အမူအကျင့်ကို ပြောင်းလဲမည်နည်းဆိုသည်ကို တွေးကြည့်ရန် လိုသည်။

ထို့ကြောင့် နှစ်သစ်၏အစတွင် မိမိကိုယ်မိမိ မှန်မှန်ကန်ကန် ပြန်လည်သုံးသပ်အကဲဖြတ်ကာ လာမည့် နှစ်တစ်နှစ်ကို မည်ကဲ့သို့ အကောင်းဆုံး ဖြတ်သန်းမည်ဟူသော စိတ်ကူးအသစ်များနှင့်အတူ မျှော်လင့်ချက်အသစ်များ ထားရှိနိုင်ကြပါစေကြောင်း The Daily Eleven သတင်းစာက ဆုမွန်ကောင်း တောင်းပေးလိုက်ရပါသည်။

 

(ဇန်နဝါရီ ၁ ရက်ထုတ် The Daily Eleven  သတင်းစာ၏ အယ်ဒီတာ့ အာဘော်)

 

Most Read

Most Recent