၂၀၁၉ ခုနှစ် အဇာဘိုင်ဂျန်နိုင်ငံ ဘာကူမြို့တွင် ကျင်းပခဲ့သော ယူနက်စကို၏ ၄၃ ကြိမ်မြောက် ကမ္ဘာ့အမွေအနှစ် ကော်မတီ ညီလာခံအစည်းအဝေးတွင် ပုဂံဒေသအား ကမ္ဘာ့အမွေအနှစ်စာရင်းဝင်အဖြစ် ဇူလိုင် ၆ ရက်တွင် သတ်မှတ်ခဲ့ခြင်းကြောင့် ၂၀၁၉ ခုနှစ် ထင်ရှားကျော်ကြားသည့် ဖြစ်စဉ်တစ်ခုအဖြစ် ဖော်ပြလိုက်ပါသည်။
ဘာသာရေးကိုအခြေခံ၍ ပုဂံခေတ် ကိုယ်ပိုင်ဟန်ဖြင့်တည်ရှိခဲ့သော ရှေးဟောင်း အဆောက်အအုံများ၏ ဗိသုကာလက်ရာ၊ အင်္ဂတေပန်း၊ နံရံပန်းချီစသည့် စေတီ၊ပုထိုး နှင့် အဆောက်အအုံများကို တစ်ကမ္ဘာလုံးက ၀ိုင်းဝန်းစောင့်ရှောက်နိုင်ရန် ကမ္ဘာတည်သရွေ့ တည်ရှိနိုင်စေရန် ကမ္ဘာ့အမွေအနှစ်စာရင်းဝင်ဖြစ်ရေး တင်သွင်းဆောင်ရွက်ရာတွင် ပုဂံယဉ်ကျေးမှုအမွေအနှစ်ဒေသကို တည်ရှိနေဆဲဖြစ်သော သို့မဟုတ် ကွယ်ပျောက်သွားခဲ့သော ယဉ်ကျေးမှုဓလေ့ သို့မဟုတ် မြို့ပြ ယဉ်ကျေးမှုတစ်ခု၏ အတုမရှိမှု သို့မဟုတ် ပြယုဂ်တစ်ခုအနေဖြင့် ကျန်ရှိနေမှု၊ လူ့သမိုင်းတွင် သိသာထင်ရှားသော အဆင့်အတန်း သို့မဟုတ် ထိုထက်ပိုစွာ ဖော်ပြပေးသော အဆောက်အအုံပုံစံများ၊ ဗိသုကာလက်ရာ နည်းပညာဆိုင်ရာအစိတ်အပိုင်းများ၊ ရေမြေဒေသ များ၊ လူသားအားလုံး အသိအမှတ်ပြုလက်ခံနိုင်သော အရေးပါထင်ရှားမှုများ၊ ရှင်သန်နေဆဲ ထုံးဓလေ့များ၊ အတွေးအခေါ်များ၊ ယုံကြည်မှု၊ အနုပညာ၊ စာပေလက်ရာများဖြင့် ဆက်စပ်ဖြစ်ပျက်ခဲ့မှုများစသည့် ကမ္ဘာလုံး ဆိုင်ရာ စံတန်ဖိုးများဖြင့် ကမ္ဘာ့အမွေအနှစ် ကော်မတီသို့ တင်ပြခဲ့ခြင်းဖြစ်သည်။
ကမ္ဘာ့အမွေအနှစ် စာရင်းဝင်ဖြစ်လာသော ပုဂံဒေသတွင် ရှေးဟောင်းယဉ်ကျေးမှု အမွေအနှစ်များ ရေရှည်တည်တံ့ရေး ယုတ်လျော့လာခြင်းမရှိစေရန် ကာကွယ်ထိန်းသိမ်းရေး စသော စီမံခန့်ခွဲမှုနောက်ဆက်တွဲ စိန် ခေါ်မှုများရှိနေပြီး ပုဂံဒေသစီမံခန့်ခွဲမှုကော်မတီအနေဖြင့် ရှေးဟောင်းယဉ်ကျေးမှုဇုန် နယ်မြေအတွင်း ပါဝင်နေသော ခေတ်သစ်အ ဆောက်အအုံများနှင့်ပတ်သက်သော စိန် ခေါ်မှုများ၊ ကမ္ဘာ့အမွေအနှစ်စာရင်းရေရှည် တည်တံ့စေရန် ထိန်းသိမ်းကာကွယ်မှုများအ တွက် စီမံခန့်ခွဲမှုဆိုင်ရာ နောက်ဆက်တွဲဂယက် များစွာ ရှိနေဆဲဖြစ်သည်။
ယူနက်စကို စာရင်းဝင်ဖြစ်လာခြင်းကြောင့် ပုဂံဒေသသို့ ပြည်တွင်းပြည်ပခရီးသွားဧည့်သည်များစွာ ယခင်ကထက် ပိုမိုဝင် ရောက်လာနိုင်ခြင်းကြောင့် ခရီးသွားလုပ်ငန်း ဖော်ဆောင်ရာတွင် အခြေခံအဆောက်အအုံ များစွာ လိုအပ်သော်လည်း စည်းကမ်းတကျ နည်းလမ်းဘောင်အတွင်း မလုပ်ဆောင်နိုင် ပါက အမွေအနှစ်ကို ထိခိုက်လာမည်ဖြစ် သည်။ လက်ရှိ ပုဂံတွင် ဟိုတယ် ၁၄၁ လုံးရှိပြီး ယင်းအထဲမှ ထက်ဝက်ကျော် ၈၆ လုံးက ယဉ်ကျေးမှုနယ်မြေအတွင်းတွင် တည်ရှိနေကြောင်း သိရသည်။









