၂၀၁၉ ခုနှစ်အတွင်း သုံးလောင်းပြိုင် လူသတ် အလောင်းဖျောက်မှု၊ နှစ်လောင်းပြိုင် လူသတ်မှု အပါအဝင် မင်းမဲ့စရိုက်ဆန်သော မှုခင်းများ

၂၀၁၉ ခုနှစ်အတွင်း သုံးလောင်းပြိုင် လူသတ် အလောင်းဖျောက်မှု၊ နှစ်လောင်းပြိုင် လူသတ်မှု အပါအဝင် မင်းမဲ့စရိုက်ဆန်သော မှုခင်းများ
ဒဂုံဆိပ်ကမ်းမြို့နယ်တွင် ဖြစ်ပွားခဲ့သည့် နှစ်လောင်းပြိုင်လူသတ်မှုဖြစ်သည့်နေ့တွင် အလောင်းအား ဆေးရုံသို့ပို့ရန် သယ်ဆောင်နေစဉ် (ဓာတ်ပုံ-သီဟအောင်)
ဒဂုံဆိပ်ကမ်းမြို့နယ်တွင် ဖြစ်ပွားခဲ့သည့် နှစ်လောင်းပြိုင်လူသတ်မှုဖြစ်သည့်နေ့တွင် အလောင်းအား ဆေးရုံသို့ပို့ရန် သယ်ဆောင်နေစဉ် (ဓာတ်ပုံ-သီဟအောင်)
Published 31 December 2019
မင်းသိန်းနိုင်၊ သန့်ဇင်ကျော်

၂၀၁၉ ခုနှစ်အတွင်း ရန်ကုန်တိုင်းဒေသကြီး၌ လူသတ်မှုဖြစ်စဉ်များဖြစ်ပွားခဲ့ပြီး ယင်းဖြစ်စဉ်များအနက် လူအများ စိတ်ဝင်စားသည့် သုံးလောင်းပြိုင်လူသတ်အလောင်း ဖျောက်မှု၊ နှစ်လောင်းပြိုင်လူသတ်မှု၊ ပစ္စည်း လုယက်လူသတ်မှုများပါဝင်ကာ အဆိုပါ ဖြစ်စဉ်များကို ထင်ရှားကျော်ကြားကဏ္ဍ၌ ဖော်ပြအပ်ပါသည်။

သုံးလောင်းပြိုင် လူသတ်အလောင်း ဖျောက်မှုမှာ ရန်ကုန်တိုင်းဒေသကြီး တောင်ပိုင်းခရိုင် တွံတေးမြို့နယ်တွင်ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး ယင်းဖြစ်စဉ်မှ ကျူးလွန်သူများမှာ မင်းမဲ့စရိုက်ဆန်ဆန် လူသတ်မှုကျူးလွန်ခဲ့ ခြင်းဖြစ်သည်။

ဖြစ်စဉ်မှာ ဇွန် ၂၁ ရက် ညပိုင်းက တွံ တေးမြို့နယ် ဇီးဖြူကုန်းကျေးရွာနေ သိန်းဇော်ဦးသည် သူငယ်ချင်းများဖြစ်သည့် ဖား မျက်လုံး၊ နိုင်လင်းထွန်း၊ မောင်မောင်တို့နှင့် အတူ နေအိမ်တွင်အရက်သောက်နေစဉ် လွန်ခဲ့သည့်ရှစ်လခန့်က အပေါင်ဆိုင်မှပြန်လည်ရွေးယူနိုင်ခြင်းမရှိသေးသည့် ဘက်ထရီ တစ်လုံးနှင့်ပတ်သက်၍ စကားများခဲ့ဖူးသော  တစ်ရွာတည်းနေ ရာအိမ်မှူးဖိုးထောင်၊ အာကာ၊ စန်းဦး၊ ဖိုးနီ (၁)၊ ဇော်လှမျိုး၊ စတီးနှင့် ဖိုးနီ (၂)၊ အောင်ထွဋ်နှင့် ခွာကြီးတို့ ဝမ်းကွဲ ညီအစ်ကိုတစ်စုမှာ ရောက်ရှိလာခဲ့ကာ သိန်းဇော်ဦးပါ လေးဦးကို ရဲစခန်းသို့ လိုက်ခဲ့ရန် ခေါ်ဆိုခဲ့ကြောင်း သိရသည်။

ထို့နောက် သိန်းဇော်ဦးပါ လေးဦးမှာ မလိုက်နိုင်ကြောင်း ပြောဆိုသဖြင့် ဖိုးထောင် နှင့် ၎င်း၏ဝမ်းကွဲညီအစ်ကိုလေးဦးက “ဟေ့ ကောင် မင်းတို့က ဘယ်လောက်သတ္တိရှိလို့ လဲ” ဟု ပြောဆိုကာ သိန်းဇော်ဦး၏ နေအိမ် ပြတင်းပေါက်နှစ်ပေါက်ကို အသင့်ပါလာသည့်ဓားဖြင့် ဝိုင်းခုတ်ခဲ့ကြောင်း၊ ယင်းသို့ ခုတ်သဖြင့် သိန်းဇော်ဦးပါလေးဦးမှာ လိုက်သွားခဲ့ကြောင်း သိရသည်။

ယင်းသို့ လိုက်သွားသဖြင့် သိန်းဇော်ဦး ၏ ဇနီးဖြစ်သူက ဇွန် ၂၂ ရက်တွင် သက်ဆိုင် ရာရဲစခန်းသို့ လိုက်ပြီး စုံစမ်းရာ ၎င်းင်း၏ ခင် ပွန်းနှင့် ခင်ပွန်း၏ သူငယ်ချင်းတို့မှာ စခန်းသို့ လာရောက်ခဲ့ခြင်းမရှိကြောင်း သိရှိရသ ဖြင့် တရားလိုပြုလုပ်၍ ဖိုးထောင်နှင့် ၎င်း၏ ဝမ်းကွဲညီအစ်ကိုတော်စပ်သူရှစ်ဦးအား အမှု ဖွင့်တိုင်တန်းခဲ့ကြောင်း သိရသည်။

ဖြစ်စဉ်မှ ရာအိမ်မှူး ဖိုးထောင်အား ဇွန် ၂၂ ရက်တွင် တံခွန်တိုင်ကျေးရွာ စက်လှေဆိပ်၌ ဖမ်းဆီးရမိခဲ့ပြီး ဇွန် ၂၃ ရက်၌ စတီးမှာ သက်သေခံဓားနှင့်အတူ ကျေးရွာအုပ်ချုပ်ရေးမှတစ်ဆင့် ရဲစခန်းသို့ လာရောက် အဖမ်းခံခဲ့ကြောင်း သိရသည်။

ဖမ်းဆီးရမိသူနှစ်ဦးအား ရဲတပ်ဖွဲ့က စစ်ဆေးရာ သိန်းဇော်ဦးပါ လေးဦးမှာ လွန်ခဲ့သည့်ငါးရက်ခန့်က ၎င်းတို့၏တူတော်စပ်သူ နှစ်ဦးကို ဓားဖြင့်ခြိမ်းခြောက်ဖူးသဖြင့် ရာအိမ်မှူးဖိုးထောင်က “ငါ့ညီတွေကို ခြိမ်း ခြောက်စိန်ခေါ်နေတာ ဘယ်သူတွေလဲ” ဟု ပြောဆိုရာတွင် သိန်းဇော်ဦးပါလေးဦးက ဖိုးထောင်ကို ဓားဖြင့်လိုက်ခုတ်၊ လေးခွဖြင့်ပစ်သဖြင့် ဖိုးထောင်မှာ ထွက်ပြေးခဲ့ရကြောင်း သိရသည်။

ယင်းကြောင့် ရာအိမ်မှူးဖိုးထောင်နှင့် ၎င်း၏ ဝမ်းကွဲညီအစ်ကိုလေးဦးတို့မှာ လူစုပြီး သိန်းဇော်ဦး၏နေအိမ်ပေါ်သို့တက်ကာ နေအိမ်ပြတင်းပေါက်များကို  ဓားဖြင့်ခုတ်ပြီး သိန်းဇော်ဦးပါလေးဦးအား သက်ဆိုင်ရာ ကျေးရွာအုပ်ချုပ်ရေးမှူး၏ နေအိမ်သို့ ခေါ်ဆောင်ခဲ့ကြောင်း၊ ယင်းနေအိမ်မှတစ်ဆင့် နိုင်လင်းထွန်းနှင့် သိန်းဇော်ဦးကို တစ်တွဲ၊ မောင်မောင်နှင့် ဖားမျက်လုံးတို့အား တစ်တွဲ ကြိုးဖြင့်တုပ်၍ စက်လှေဖြင့်ခေါ်ဆောင်လာစဉ် တွံတေးတူးမြောင်းအတွင်း သိန်းဇော်ဦး၊ နိုင်လင်းထွန်းနှင့် မောင်မောင်တို့အား  ဓား များဖြင့် ဝိုင်းဝန်းထိုးခုတ်ပြီး တူးမြောင်းအတွင်းသို့ ပစ်ချထားခဲ့ကြောင်း သိရသည်။

ထို့နောက် ဖားမျက်လုံးမှာ ရာအိမ်မှူး ဖိုးထောင်နှင့် ဆွေမျိုးသားချင်းဖြစ်သဖြင့် ထိုးကြိတ်ဆုံးမပြီး ပြန်လွှတ်ခဲ့ကြောင်း စစ်ဆေး ပေါ်ပေါက်ခဲ့ပြီး ဇွန် ၂၃ ရက်တွင် မောင်မောင်၏အလောင်းကိုလည်းကောင်း၊ ဇွန်၂၄ ရက် တွင် သိန်းဇော်ဦးနှင့် နိုင်လင်းထွန်းတို့၏အလောင်းကို တွံတေးတူးမြောင်းအတွင်းမှ ပြန်လည်ဆယ်ယူရရှိခဲ့ကြောင်း သိရသည်။

ဖြစ်စဉ်မှ ကျုးလွန်သူငါးဦးအား တွံ တေးမြို့မရဲစခန်းက ရာဇသတ်ကြီးပုဒ်မ ၃၀၂/၃၆၄/၄၅၂/၄၂၇/၁၁၄ တို့ဖြင့် အသီးသီးအမှုဖွင့်၍ လက်ရှိတွင် ကျူးလွန်သူများကို တောင်ပိုင်းခရိုင်တရားရုံးတွင် ပြစ်ဒဏ်များချမှတ်ရန် ရုံးချိန်းများ ချိန်းဆိုစစ် ဆေးနေကြောင်း သိရသည်။

ထို့ပြင် နှစ်လောင်းပြိုင်လူသတ်မှုမှာ မတ် ၆ ရက် ညပိုင်းတွင် ဒဂုံဆိပ်ကမ်းမြို့ နယ် (၉၄) ရပ်ကွက် ယုဇနဥယျာဉ်မြို့တော် A ဘလောက် (၉)လမ်းရှိ တိုက်ခန်းတစ်ခန်း တွင် မွေ့ယာဆိုင်တစ်ဆိုင်၏ အရောင်းဝန် ထမ်းများဖြစ်သော ကို.....(၂၇ နှစ်) မှာ ထိုးသွင်းဒဏ်ရာငါးချက်၊ ပြတ်ရှဒဏ်ရာတစ်ချက် ရရှိလည်းကောင်း၊  မ.... (၂၃ နှစ်) မှာ ရင်အုံအောက်ထိုးသွင်းဒဏ်ရာတစ်ချက် ရရှိ၍ လည်းကောင်း သေဆုံးနေသည်ကို ရဲတပ်ဖွဲ့ က စစ်ဆေးခဲ့ကြောင်း သိရသည်။

စစ်ဆေးရာ ကျူးလွန်သူမှာ ထက်ရှိုင်း (ခ) ဖိုးထက် (၂၂ နှစ်) ဆိုသူဖြစ်ပြီး ၎င်းကို တနင်္သာရီတိုင်း မြိတ်မြို့နယ် စနေထောင့် ကျေးရွာ၌ မတ် ၇ ရက်တွင် ဖမ်းဆီးရမိခဲ့ကြောင်း၊ ထို့နောက်စစ်ဆေးရာ ၎င်းနှင့် သေ ဆုံးသူမိန်းကလေးမှာ သမီးရည်းစားဖြစ်ပြီး အခင်းမဖြစ်မီနေ့တွင် ရုပ်ရှင်ကြည့်ရန် ချိန်းထားခဲ့ရာ ရောက်မလာသဖြင့် ဖုန်းဆက်ကြည့်သော်လည်း ဖုန်းမကိုင်ခဲ့ကြောင်း၊ ယင်းအတွက် နေအိမ်တိုက်ခန်းသို့လိုက်သွားရာတွင် ၎င်း၏အလုပ်မှ အခြားအမျိုးသားတစ်ဦးနှင့် အတူရှိနေသည်ကို တွေ့ရသဖြင့် စိတ်မထိန်းနိုင်ဖြစ်ကာ ဓားဖြင့်ထိုးပြီး ကျူးလွန်မိသည် ဟု ထွက်ဆိုခဲ့ကြောင်း သိရသည်။

ယင်းဖြစ်စဉ်များအပြင် အရွယ်မရောက်သေးသည့် မိန်းကလေးကို သားမယားပြုကျင့်စဉ် အော်ဟစ်သဖြင့် ရက်စက်စွာ သတ်ဖြတ်၍ ဆာလာအိတ်အတွင်းထည့် ထားခဲ့သည့် ဖြစ်စဉ်တစ်ခုလည်း ရန်ကုန်မြို့အတွင်း ဖြစ်ပွားခဲ့သည်။

ထိုဖြစ်စဉ်မှာ သြဂုတ် ၂၁ ရက်က မင်္ဂလာတောင်ညွန့်မြို့နယ်တွင် ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး သိမ်ဖြူခုံးတံတားအောက် ရထား သံလမ်းနံဘေးနှင့် တံတားအောက်ခြေအုတ် ပေါင်ကြားတွင် ဆာလာအိတ်ဖြင့် ထုပ်ထားသော ရှစ်နှစ်အရွယ် မိန်းကလေးတစ်ဦး၏အလောင်းကို တွေ့ရှိခဲ့ခြင်းဖြစ်ပြီး စစ်ဆေးရာ အလောင်းတွင် ဖူးရောင်ဒဏ်ရာများ တွေ့ရပြီး အဝတ်အစားများမပါဘဲ သေဆုံးနေခြင်းဖြစ်ကြောင်း သိရသည်။

ဖြစ်စဉ်မှ သံသယရှိပြီး ပျောက်ဆုံးနေ သည့် စိုင်းဖုန်းကျော် (ခ) ပြည့်ဖြိုးအောင် (ခ)သရဲ (ခ) ဖင်ကြီးမကို အခင်းဖြစ်ပြီးသုံးလ ခန့်အကြာ နိုဝင်ဘာ ၂၀ ရက်တွင် မွန်ပြည်နယ် ကျိုက္ခမီမြို့နယ် အောင်သုခရပ်ကွက်၌ ဖမ်းဆီးရမိခဲ့ပြီး စစ်ဆေးရာ သြဂုတ် ၁၉ ရက် က ထွန်းထွန်း (ခ) ရှမ်းလေးနှင့်အတူ အောင်ဆန်း အားကစားကွင်းရှိ ကွပ်ပျစ်ခုံတစ်ခုတွင် ဖခင်နှင့်အတူအိပ်ပျော်နေသော ကလေးငယ်ကိုပွေ့ချီ၍ တစ်နေရာအရောက်တွင် သားမယားပြုကျင့်ခဲ့ကြပြီး ကလေးက အော် ဟစ်သဖြင့် လက်၊ ခဲလုံးတို့ဖြင့်ရိုက်သတ်ကာ ဆာလာအိတ်အတွင်းထည့်၍ ရထားသံ လမ်းအနီးတွင် ပစ်ချခဲ့သည်ဟု ဝန်ခံထွက် ဆိုခဲ့ကြောင်း သိရသည်။

ဖြစ်စဉ်မှ ထွန်းထွန်း (ခ) ရှမ်းလေးကို  နိုဝင်ဘာ ၂၁ ရက်တွင် ပန်းဆိုးတန်းခုံးတံတားအောက် ရန်ကုန်ဘူတာကြီးရှေ့တွင် ဖမ်းဆီးရမိခဲ့ပြီး လက်ရှိတွင် ကလေးငယ်ကို ရက်စက်စွာ ကျူးလွန်သတ်ဖြတ်ခဲ့သည့် ၎င်းတို့နှစ်ဦးအား အရှေ့ပိုင်းခရိုင်တရားရုံးက ပြစ်ဒဏ်ချမှတ်ရန် ရုံးချိန်းများ ချိန်းဆိုစစ် ဆေးလျက်ရှိကြောင်းသိရသည်။

ထို့အတူ လေးနှစ်အရွယ်ကလေးငယ် ကို လည်ပင်းညှစ်သတ်ပြီး ပစ်ထားခဲ့သည့် ဖြစ်စဉ်တစ်ခုဖြစ်ပွားခဲ့ပြီး ယင်းဖြစ်စဉ်မှာ မြောက်ဥက္ကလာပမြို့နယ် ရွှေပေါက္ကံ စက်မှုဇုန်ရပ်ကွက်တွင်ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။

ဖြစ်စဉ်မှာ စက်တင်ဘာ ၂၂ ရက် မွန်းလွဲပိုင်းက ကလေးငယ်၏မိခင်မှာ ကလေး ပျောက်နေသဖြင့် ပတ်ဝန်းကျင်ကို အကူအ ညီတောင်း၍ လိုက်လံရှာဖွေရာ နေအိမ်အနီး စက်ရုံတစ်ရုံ၏နောက်ဘက် ကိုက် ၅၀ ခန့် အကွာတွင် ကလေးငယ်၏အလောင်းကို တွေ့ရှိခဲ့ရပြီး ပလတ်စတစ်အကြွတ်စဖြင့် လက်ပြန်ကြိုးတုပ်၊ လည်ပင်းကိုလည်း ချည်နှောင်ထားသည်ကို တွေ့ရှိခဲ့ရကြောင်း သိရသည်။

ထိုဖြစ်စဉ်မှ ကလေးငယ်၏ဖခင် အလုပ်သမားခေါင်းဆောင်အဖြစ် အလုပ်လုပ်သောစက်ရုံ၌ လုပ်ကိုင်ပြီး ထွက်ပြေးတိမ်း ရှောင်နေသော သံသယရှိသူ နေဝင်းအောင် (၂၅ နှစ်) ကို စက်တင်ဘာ ၂၄ ရက်တွင် မန္တ လေးမြို့၌ ရဲတပ်ဖွဲ့က ဖမ်းဆီးရမိခဲ့သည်။

စစ်ဆေးရာ အခင်းမဖြစ်မီအချိန်က ကလေးငယ်မှာ ဂိမ်းဆော့နေသည့် ကျူးလွန်သူ နေဝင်းအောင်အနားသို့ ရောက်ရှိလာကာ နှောင့်ယှက်သဖြင့် ဖုန်းလွတ်ကျသွား သည်ကို မကျေမနပ်ဖြစ်ကာ ကလေးငယ်ကို အသီးကျွေးမည်၊ ငါးပြမည်ဟုပြောဆို၍  ရေ နုတ်မြောင်းတစ်ခုအနီး ပွေ့ချီသွားခဲ့သည် ဟု ထွက်ဆိုခဲ့ကြောင်း သိရသည်။

ဆက်လက်၍ ၎င်းခေါ်သွားသည့် နေရာသို့အရောက် ကလေးငယ်က ငါးလည်း မရှိ အသီးလည်းမရှိဘူးဟုပြောဆို၍ ခြေထောက်ဖြင့်ကန်ပြီး ဖခင်ဖြစ်သူနှင့်တိုင် ပြောမည်ဟု ပြောသဖြင့် အလုပ်ထုတ်ခံရ မည်ကိုကြောက်လန့်ကာ ကလေးငယ်၏လည်ပင်းကိုသိုင်းညှစ်ခဲ့ကြောင်း၊ ထို့နောက် ကလေးငယ်က အသက်ရှူကျပ်ပြီး စကားမပြောနိုင်ဖြစ်သွားခဲ့ကာ အိမ်ပြန်၍ ဖခင်ဖြစ်သူ ကိုတိုင်မပြောနိုင်အောင် အနားတွင်ရှိသည့် ကြိုးဖြင့် တုပ်နှောင်ထားခဲ့ကြောင်းနှင့် လက်ရှိတွင် လူသတ်မှုကျူးလွန်သူ နေဝင်းအောင်ကို အရှေ့ပိုင်းခရိုင်တရားရုံးက ပြစ်ဒဏ်ချမှတ်ရန် စစ်ဆေးလျက်ရှိကြောင်း သိရသည်။

ယင်းဖြစ်စဉ်များအပြင် အိပ်ပေါ်တက်၍ ရွှေ၊ ငွေ၊ ပစ္စည်းခိုးယူရန် ကြံစည်သူက အိမ်ရှင်များကို သတ်ခဲ့သည့်ဖြစ်စဉ်များ လည်း ဖြစ်ပွားခဲ့ပြီး ဖြစ်စဉ်တစ်ခုမှာ ဇူလိုင် ၂၉ ရက် နံနက်အစောပိုင်းတွင် လှိုင်သာယာ မြို့နယ် (၁၂) ရပ်ကွက်ရှိ နေအိမ်တစ်အိမ် တွင် ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။

ဖြစ်စဉ်၌ သားအတွက် ဆေးကုစရိတ် လိုသည်ဟုဆိုကာ အဆိုပါနေအိမ်သို့တက်၍ ပစ္စည်းခိုးယူရန်ကြံစည်သော ရဲနိုင်ထွန်းဆိုသူက အိပ်ရာမှနိုးလာသည့် အိမ်ရှင်လင် မယားနှစ်ဦးကို ဓားဖြင့်ထိုးခဲ့ပြီး ဓားထိုးဒဏ်ရာများဖြင့် လင်မယားနှစ်ဦးအနက် ဇနီးဖြစ် သူသေဆုံးခဲ့ရကြောင်းနှင့် ကျူးလွန်သူကို အိမ်ရှင်၏သမီးက မီးပူဖြင့်ထုရိုက်၍ ပတ် ဝန်းကျင်အကူအညီတောင်းကာ ဖမ်းဆီးနိုင် ခဲ့ကြောင်းသိရသည်။

အလားတူ ဓားဖြင့် အချက်ပေါင်းများစွာ ထိုးခဲ့သည့်ဖြစ်စဉ်မျိုး ဇူလိုင် ၃၀ ရက် နံနက်အစောပိုင်းကလည်း မင်္ဂလာတောင်ညွန့်မြို့နယ် ဗိုလ်မင်းရောင်လမ်းရှိ တိုက်ခန်း တစ်ခန်းတွင် ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။

ထိုတိုက်ခန်းတွင် လင်မယားနှစ်ဦးနှင့် ၎င်းတို့၏ကလေးငယ်တစ်ဦး နေထိုင်ကြပြီး အခင်းဖြစ်နေ့ နံနက်အစောပိုင်းတွင် အမျိုး သားတစ်ဦးက အိမ်အတွင်းဝင်ရောက်လာကာ အသင့်ပါလာသည့်ဓားဖြင့် ခင်ပွန်းဖြစ်သူ၊ ကလေးငယ်ကိုကာကွယ်သည့် ဇနီးဖြစ်သူတို့ကို ဓားဖြင့် အချက်ပေါင်းများစွာထိုး၍ ထွက်ပြေးသွားခဲ့ကြောင်း သိရသည်။

ယင်းသို့ ဓားဖြင့်အထိုးခံရမှုကြောင့် ခင်ပွန်းဖြစ်သူမှာ ဓားဒဏ်ရာ ၁၇ ချက်ရရှိ ကာ သေဆုံးခဲ့ရပြီး ဇနီးဖြစ်သူမှာ ဓားဒဏ်ရာ ငါးချက်ကျော်ရရှိကာ ဆေးရုံတွင် ဆေးကုသ မှုခံယူခဲ့ရကြောင်း၊ လက်ရှိအချိန်အထိ ကျူး လွန်သူကို ဖမ်းဆီးရမိခြင်းမရှိသေးကြောင်း သိရသည်။

အထက်ဖော်ပြပါ လူအများစိတ်ဝင်စားသည့် မှုခင်းဖြစ်စဉ်ကြီးများအပြင် ဇန်နဝါရီ ၅ ရက်ကလည်း လှိုင်သာယာမြို့နယ်၊ အလယ်ကျေးရွာ၊ ဗိုလ်အောင်ကျော်လမ်းတွင် အမျိုးသားနှစ်ဦးကို လူတစ်စုက ဝက်အူ လှည့်၊ ဓားတို့ဖြင့်ထိုးခုတ်သဖြင့် တစ်ဦးသေဆုံးမှု၊ ဇန်နဝါရီ ၂၀ ရက်တွင် အင်းစိန်မြို့နယ်၊ အောင်ဇေယျအိမ်ရာ၌ အသက် ၅၆ နှစ်အရွယ် လုံခြုံရေးဝန်ထမ်းတစ်ဦး အသတ်ခံရမှု၊ မတ် ၅ ရက်တွင် အကျႌငှားဝတ်ထားသည်ကို ပြန်တောင်းသည့် အမျိုးသားတစ်ဦး ဓားဖြင့် ထိုးသတ်ခံရမှု၊ မတ် ၁၈ ရက်တွင် အင်းစိန်မြို့ နယ်တွင် စကားများပြီးအပြန်အလှန် ဆဲဆို နေကြသည်ကို ဝင်ရောက်တားမြစ်သည့် အမျိုးသားတစ်ဦး  ဓားဖြင့်ထိုးသတ်ခံရမှု၊ ဇွန် ၁၀ ရက်တွင် ထန်းတပင်မြို့နယ်၌ ဘဲခြောက် ကောင်ပျောက်သည့်ကိစ္စ မကျေနပ်၍ အိမ် နီးချင်း ၆၄ နှစ်အရွယ် အမျိုးသားတစ်ဦးကို ဓားဖြင့်ထိုးသတ်မှု စသည့်ဖြစ်စဉ်များအပြင် အခြားလူသတ်မှုဖြစ်စဉ်များလည်း ဖြစ်ပွားခဲ့ ကြောင်း ရန်ကုန်တိုင်းရဲတပ်ဖွဲ့မှ သိရသည်။

၂၀၁၉ ခုနှစ် ဇန်နဝါရီမှ နိုဝင်ဘာအထိ ရန်ကုန်တိုင်းဒေသကြီး၌ လူသတ်မှု ၁၆၆ မှု၊ လုယက်မှု ၉၆ မှု၊ မုဒိမ်းမှု ၁၅၅ မှု၊ တိရစ္ဆာန်ခိုးမှု ခြောက်မှုဖြစ်ပွားခဲ့ကြောင်း ရဲတပ်ဖွဲ့၏ မှုခင်းစာရင်းဇယားများအရ သိရသည်။

 

 

Most Read

Most Recent