ရခိုင်လက်နက်ကိုင်အဖွဲ့ AA စစ်ဦးစီးချုပ် ဗိုလ်ချုပ်ထွန်းမြတ်နိုင်၏ မိသားစုဝင် အချို့နှင့် ရခိုင်တိုင်းရင်းသားလူငယ်များ သည် ၂၀၁၉ ခုနှစ်အတွင်း ဖမ်းဆီးခံရပြီး အကြမ်းဖက်မှု တိုက်ဖျက်ရေးဥပဒေ ပုဒ်မ များဖြင့် တောက်လျှောက်စစ်ဆေးလျက် ရှိသည်။
AA စစ်ဦးစီးချုပ်၏ ညီဖြစ်သူ ကို အောင်မြတ်ကျော်၊ ညီမဖြစ်သူ မယမင်း မြတ် (ခေါ်) နှင်းပွင့်ဖြူ၊ မယမင်းမြတ်၏ခင် ပွန်းဖြစ်သူ ကိုကျော်နိုင်အပြင် AA အဖွဲ့နှင့် ဆက်စပ်သည်ဆိုပြီး ရခိုင်တိုင်းရင်းသား ရှစ် ဦးကို ရန်ကုန်တိုင်းဒေသကြီးရှိ အင်းစိန် ဗဟိုအကျဉ်းထောင်တွင် ချုပ်နှောင်ထားပြီး နောက်ထပ်လေးဦးကိုလည်း ဖမ်းဝရမ်း ထုတ်ပြန်ခဲ့သည်။
AA စစ်ဦးစီးချုပ်၏ ညီဖြစ်သူ ကိုအောင်မြတ်ကျော်အား စင်ကာပူနိုင်ငံက ၂၀၁၉ ခုနှစ် ဇူလိုင် ၉ ရက်တွင် ပြည်နှင်ဒဏ် ပေးလိုက်သည့်အတွက် မြန်မာပြည်ကို ပြန်လည်ရောက်ရှိလာခဲ့သည်။
၂၀၁၉ ခုနှစ် ဇူလိုင် ၁၂ ရက်တွင် မြန် မာနိုင်ငံ ရဲတပ်ဖွဲ့က ကိုအောင်မြတ်ကျော်နှင့် ပြည်နှင်ခြင်းခံရသူများအပါအဝင် ဆက်စပ်သူများကို ဖမ်းဆီးစစ်ဆေးခဲ့သည်။
စင်ကာပူနိုင်ငံ၌ United League of Arakan-ULA/AA (စင်ကာပူ) အဖွဲ့ကို စတင်ဖွဲ့စည်းခဲ့သည်ဟုဆိုသော ကိုအောင် မြတ်ကျော် (ခ) ထွန်းအောင်နိုင် အပါအဝင် ကိုထွန်းအေး၊ ကိုဟိန်းဇော်၊ ကိုရဲကျော်ထက်၊ မအေးမြတ်မွန်၊ ကိုတင်လှိုင်ဦး၊ ကိုရွှေလှိုင် သန်း၊ ကိုမြတ်လင်းဦးတို့ကို အကြမ်းဖက်မှု တိုက်ဖျက်ရေး ဥပဒေပုဒ်မ ၅၀ (ည)/၅၂ (က) ဖြင့် ရန်ကုန်အနောက်ပိုင်းခရိုင်တွင် တရားစွဲဆိုတင်ပို့ခဲ့ပြီး အင်းစိန်အကျဉ်း ထောင်တွင် ချုပ်နှောင်ခဲ့သည်။
ထိုသို့ ဖမ်းဆီးစစ်ဆေးခံရပြီးနောက် ကိုအောင်မြတ်ကျော်က “နိုင်ငံတော်အနေဖြင့် စစ်ဖြစ်နေတဲ့ဒေသကို ကူညီတာမကြိုက်ဘူး။ မိမိတို့လုပ်ရပ်အပေါ်မှာ ဥပဒေအရ သတ္တိရှိရှိရင်ဆိုင်မှာဖြစ်ပြီး ရခိုင်တိုင်းရင်း သားတွေ ဒုက္ခရောက်နေတာကို နိုင်ငံတော်အစိုးရက မျက်ကွယ်ပြုထားတယ်” ဟု ရုံး ထုတ်စဉ် တရားရုံးတွင် ပြောကြားခဲ့သည်။
၂၀၁၃ ခုနှစ်မှစ၍ စင်ကာပူနိုင်ငံတွင် ရောက်ရှိနေသည့် AA (Arakan Army) ခေါင်းဆောင် ဗိုလ်ချုပ်ထွန်းမြတ်နိုင်၏ ညီ ကိုအောင်မြတ်ကျော်နှင့် ရခိုင်တိုင်းရင်းသားများဖြစ်ကြသည့် ကိုထွန်းအေး၊ ကိုသန်းထွန်းနိုင်၊ ကိုစိုးစိုးတို့က ဦးဆောင်ပြီး အဖွဲ့ဝင် ၈၆ ဦးခန့်နှင့် United League of Arakan-ULA/AA (စင်ကာပူ) ကို စတင်ဖွဲ့စည်းကာ လစဉ်ကြေးများထည့်ဝင်ခဲ့ပြီး ကောက်ယူငွေများကို ULA/AA အဖွဲ့ဝင်များကို ထောက်ပံ့ပေးခဲ့သည်ဟု တိုင်ကြားချက်၌ ဖော်ပြထားသည်ကို အနောက်ပိုင်း ခရိုင်တရားရုံးက သတင်းထုတ်ပြန်ခဲ့သည်။
၂၀၁၉ ခုနှစ် ဇူလိုင် ၇ ရက်တွင် ကိုအောင်မြတ်ကျော်ပါဝင်သည့်အဖွဲ့က ဦးဆောင်၍ ULA/AA ၁၀ နှစ်မြောက်နှစ်ပတ်လည်အခမ်းအနားကို စင်ကာပူနိုင်ငံ Queen Town Communication Club တွင် ကျင်းပ ခဲ့သည်။ အဆိုပါအခမ်းအနားတွင် ဝင်ကြေး အဖြစ် တစ်ဦးကို စင်ကာပူ ဒေါ်လာ ၁၅ ဒေါ် လာနှုန်း ကောက်ခံခဲ့သည်ဟု အနောက်ပိုင်း ခရိုင်တရားရုံးက ဆိုသည်။
အခမ်းအနားတက်ရောက်လာသူများ ကို AA ခေါင်းဆောင် ဗိုလ်ချုပ်ထွန်းမြတ်နိုင်က တိုက်ရိုက်စကားပြောပြီး ပရိုဂျက်တာဖြင့် ဖွင့်လှစ်ပြသခဲ့သည်။
ထိုသို့သော လှုပ်ရှားမှုများကြောင့် ULA/AA (စင်ကာပူ) အဖွဲ့တွင် ပါဝင်လှုပ် ရှားခဲ့သူများကို စင်ကာပူနိုင်ငံရဲတပ်ဖွဲ့က စစ်ဆေးပြီး ပြည်နှင်ဒဏ်ပေးခြင်းဖြစ်သည် ဟု သိရသည်။
အမှုတွဲများကို သတင်းရဲတပ်ဖွဲ့မှ ရဲမှူး တင့်ရွှေက တရားလိုပြုလုပ် တရားစွဲဆိုထား ပြီး ရာဇဝတ်ကြီးအမှုအမှတ် ၇၈/၂၀၁၉၊ ကိုအောင်မြတ်ကျော်ပါ ရှစ်ဦးအမှုတွဲကို အ ကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေပုဒ်မ ၅၀ (ည)/၅၂(က) ဖြင့် စစ်ဆေးနေပြီး ဆက်စပ် အမှုအဖြစ် ရာဇဝတ်အထွေထွေအမှုအမှတ် ၅၇/၂၀၁၉ ဖြင့် ဆောင်ရွက်နေသည့် အမှု လည်းပါဝင်သည်။
အဆိုပါအမှုတွင် ကိုသန်းထွန်းနိုင် (ခ)ဘိုနီ၊ စိုးစိုး (ခ) စိုးမြင့်တို့ကို အကြမ်းဖက်မှု တိုက်ဖျက်ရေးဥပဒေပုဒ်မ ၅၀ (ည)/ရာဇ ဝတ် ကျင့်ထုံးဥပဒေပုဒ်မ ၅၁၂ ဖြင့် ဖမ်းဝရမ်းထုတ်ပြန်ထားသည့်အမှုဖြစ်ပြီး လတ်တ လောဖမ်းဆီးရမိရန်မရှိသည့်အတွက် အမှုကို ၎င်းတို့နှစ်ဦး မျက်ကွယ်တွင် စစ်ဆေးမည် ဖြစ်သည်။
ထို့ပြင် AA နဲ့ ဆက်စပ်ပြီး ရခိုင်တိုင်းရင်းသား ကိုအောင်မျိုးဝင်းကိုလည်း ရာဇဝတ်ကြီးအမှုအမှတ် ၈၇/၂၀၁၉၊ အကြမ်း ဖက်မှု တိုက်ဖျက်ရေးဥပဒေပုဒ်မ ၅၀ (ည)ဖြင့် အနောက်ပိုင်းခရိုင်တရားရုံးမှာပင် သီးခြား တရားစွဲဆိုစစ်ဆေးနေပြီး ၎င်းအမှုနှင့် ဆက်စပ်၍ ရာဇဝတ်အထွေထွေအမှုအမှတ် ၆၁/၂၀၁၉ ဖြင့် ဆောင်ရွက်နေသည့် အမှုလည်း ရှိနေသည်။
အဆိုပါအမှုမှာ ရခိုင်ပြည်နယ်၊ စစ်တွေမြို့နေ ဦးကျော်ဟန်၊ ရမ်းဗြဲမြို့နေ ဦးသာထွန်းအောင်၊ ရန်ကုန်တိုင်းဒေသကြီး ထန်းတပင်မြို့နယ်၊ ၀ါးတစ်ရာအုပ်စုနေ ဦးထွန်းမင်းနိုင် (ခ) အေးထွန်းတို့ကို အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေပုဒ်မ ၅၀ (ည)/ရာ ဇဝတ်ကျင့်ထုံးဥပဒေပုဒ်မ ၅၁၂ ဖြင့် ဖမ်း ဝရမ်းထုတ်တရားစွဲဆိုခဲ့သည်။ ဖမ်းဆီးရမိ ခြင်းမရှိသေးသော်လည်း ကိုအောင်မျိုးဝင်း အမှုနှင့် တစ်ပေါင်းတည်းစစ်ဆေးနေပြီဖြစ် သည်။
AA စစ်ဦးစီးချုပ် ဗိုလ်ချုပ်ထွန်းမြတ်နိုင်၏ ညီမ မယမင်းမြတ် (ခေါ်) မိုးနှင်းဖြူနှင့် မယမင်းမြတ်၏ ခင်ပွန်း ကိုကျော်နိုင်တို့ကို လည်း အောက်တိုဘာ ၁၉ ရက်တွင် ဖမ်းဆီး ခဲ့သည်။
AA စစ်ဦးစီးချုပ် ဗိုလ်ချုပ်ထွန်းမြတ်နိုင်၏ ယောက်ဖ ကိုကျော်နိုင်သည် အောက်တိုဘာ ၁၉ ရက်တွင် ထိုင်းနိုင်ငံ ချင်းမိုင်မြို့ မှ ရန်ကုန်အပြည်အပြည်ဆိုင်ရာလေဆိပ်သို့ ရောက်ရှိစဉ် ဖမ်းဆီးခံရခြင်းဖြစ်သည်။
ကိုကျော်နိုင်သည် မန္တလေးတိုင်း ဒေသကြီး၊ ချမ်းမြေ့သာစည်မြို့နယ်၊ အမှတ် (၁၁) ရဲစခန်းတွင် (ပ)၅၃၄/၂၀၁၉ အကြမ်းဖက် မှုတိုက်ဖျက်ရေးဥပဒေပုဒ်မ ၅၀ (စျ) / ၅၁ (ဂ) အမှုမှ ထွက်ပြေးတိမ်းရှောင်နေသည့် AA မှ မောင်မောင်စိုးနှင့်ဆက်သွယ်ပြီး သြ ဂုတ် ၂၈ ရက်တွင် ထိုင်းနိုင်ငံမှ လာအိုနိုင်ငံ ကို သွားရောက်ခဲ့သည်။
လာအိုနိုင်ငံကို ရောက်ရှိတည်းခိုနေထိုင်စဉ်အတွင်း မောင်မောင်စိုးအတွက်ကုန် ကျစရိတ်ငွေများကို ကိုကျော်နိုင်က စိုက်ထုတ်ပေးခဲ့ပြီး သြဂုတ် ၃၀ ရက်တွင် မောင် မောင်စိုးနှင့်အတူ ထိုင်းနိုင်ငံသို့ ပြန်ဝင်လာ ခဲ့ပြီး လာအိုနိုင်ငံကို သွားရောက်စဉ် လိုက်ပါ ကူညီပေးသည့်အတွက် မောင်မောင်စိုးကို ဘက်ငွေနှစ်ထောင် ထောက်ပံ့ပေးခဲ့သည်ဟု တိုင်ကြားစာအရ သိရသည်။
အဆိုပါတိုင်ကြားစာသည် မရမ်းကုန်း မြို့မရဲစခန်းတွင် အောက်တိုဘာ ၂၀ ရက်က အမှုဖွင့်တိုင်ကြားခဲ့သည့်စာဖြစ်သည်။
AA အဖွဲ့ဝင်တစ်ဦးဖြစ်သော အမှုမှ ထွက်ပြေးတိမ်းရှောင်နေသူဆက်သွယ်ခဲ့ပြီး ငွေကြေးများ ထောက်ပံ့တယ်ဟုဆိုပြီး ကို ကျော်နိုင်နှင့် အပေါင်းပါများကို အကြမ်း ဖက်မှုတိုက်ဖျက်ရေးဥပဒေပုဒ်မ ၅၂ (က)၊ (ခ)၊ (ဂ) နှင့် အရေးယူပေးရန် တိုင်ကြားခဲ့ပါ သည်။ စတင်တရားစွဲဆိုရာတွင် ပုဒ်မ ၅၂ (က) ဖြင့် ကိုကျော်နိုင်အပြင် ၎င်းင်း၏ဇနီး မယမင်းမြတ်ကိုပါ တရားစွဲဆိုခဲ့သည်။
ခင်ပွန်းဖြစ်သူကို အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေဖြင့် တရားစွဲဆိုရာမှာ မိမိကိုပါ မည်သည့်ကိစ္စကြောင့် ထည့်သွင်းတရားစွဲဆိုတာလဲဟု မယမင်းမြတ်က မေးခွန်း ထုတ်ခဲ့သည်။
စွပ်စွဲခံထားရတဲ့ ကိုကျော်နိုင်နှင့် မယမင်းမြတ် (ခေါ်) မိုးနှင်းဖြူတို့ကို မရမ်းကုန်း မြို့နယ်တရားရုံး၌ ဒုရဲမှူးမင်းခိုင်က တရား လိုပြုလုပ်တရားစွဲဆိုခဲ့ပြီး ရာဇဝတ်ကြီးအမှု အမှတ် ၁၄၃၂/၂၀၁၉ ၊ အကြမ်းဖက်မှုတိုက် ဖျက်ရေးဥပဒေပုဒ်မ ၅၂ (က) ဖြင့် တရားစွဲဆိုထားသည်။









