၂၀၁၉ ခုနှစ်တွင် ကြွေလွင့်ခဲ့သည့် မိုးလေဝသပညာရှင် ဒေါက်တာဦးထွန်းလွင်

၂၀၁၉ ခုနှစ်တွင် ကြွေလွင့်ခဲ့သည့် မိုးလေဝသပညာရှင် ဒေါက်တာဦးထွန်းလွင်
Published 31 December 2019
ဆန်းထူးအောင်

ပြည်သူလူထု၏ ချစ်ခင်နှစ်သက်မှု ရရှိထားသည့် မိုးလေဝသပညာရှင် ဆရာကြီး ဒေါက်တာဦးထွန်းလွင်သည် ၂၀၁၉ ခုနှစ် နိုဝင်ဘာ ၄ ရက် ညနေ ၆ နာရီ ၅၇ မိနစ်တွင် ကွယ်လွန်ခဲ့သည်။

ဆရာကြီး ဒေါက်တာဦးထွန်းလွင်သည် နှလုံးရောဂါ၊ ကျောက်ကပ်ရောဂါများကို ခံစားခဲ့ရပြီး အဆိုပါရောဂါများကြောင့်ပင် ကွယ်လွန်ခဲ့ခြင်းဖြစ်သည်။

ဆရာကြီး ဒေါက်တာဦးထွန်းလွင်သည် အသက် ၇၂ အရွယ်တွင် ကွယ်လွန်ခဲ့ခြင်းဖြစ်ပြီး နယ်ပယ်အသီးသီးမှ ပညာရှင်၊ အဖွဲ့အစည်းများက ဝမ်းနည်းစကားများ၊ ဝမ်းနည်းကြောင်း သဝဏ်လွှာများ ပြောကြားခဲ့ကြသည်။

မြန်မာနိုင်ငံအတွက် မိုးလေဝသပညာရှင်တစ်ဦး ဆုံးရှုံးခဲ့ရသည်ဟု ပြည်သူများအကြား သုံးသပ်မှုများရှိခဲ့ခြင်းကို ထင်ရှားကျော်ကြားကဏ္ဍတွင် ဖော်ပြအပ်ပါသည်။

ဆရာကြီးအား နိုဝင်ဘာ ၆ ရက် ညနေ ၅ နာရီတွင် ရေဝေးသုသာန်၌ မီးသင်္ဂြိုဟ်ခဲ့ပြီး အရိုးပြာကို ဂူသွင်းခဲ့သည်။

မိုးလေဝသပညာရှင် ဒေါက်တာဦးထွန်းလွင်၏ စျာပနသို့ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် အပါအဝင် နယ်ပယ်အသီးသီးမှ လွမ်းသူ့ပန်းခွေများပေးပို့ခဲ့ပြီး အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က အမိန့်စာဖတ်ကြားခဲ့သည်။

ဆရာကြီး ဒေါက်တာဦးထွန်းလွင်သည် အစိုးရအလုပ်မှ အနားယူခဲ့သော်လည်း မိုးလေဝသသတင်းများကို ပြည်သူလူထုသိရှိနိုင်ရန်၊ သာမန်လူများ မိုးလေဝသအခြေအနေနှင့် ပတ်သက်ပြီး အလွယ်တကူ နားလည်စေရန် ၎င်း၏ လူမှုကွန်ရက်စာမျက်နှာတွင် နေ့စဉ်ဖော်ပြခဲ့သူဖြစ်သည်။

ဒေါက်တာဦးထွန်းလွင်အား ၁၉၄၈ ခုနှစ် ဇန်နဝါရီ ၁၇ ရက်တွင် မြင်းခြံခရိုင် ငါန်းဇွန်မြို့နယ် ကုလားကျေးရွာ၌ အဖ ဦးသိန်းမောင်၊ အမိ ဒေါ်အေးကြီးတို့မှ မွေးဖွားခဲ့ပြီး မွေးချင်းနှစ်ဦးအနက် အကြီးဖြစ်သည်။ ၁၉၆၄ ခုနှစ်တွင် မန္တလေးတိုင်း လဖုန်းအထိမ်းအမှတ် အထက်တန်းကျောင်းမှ အခြေခံပညာ အထက်တန်းအောင်မြင်ခဲ့ပြီး မြန်မာနိုင်ငံလုံးဆိုင်ရာ သချင်္ာလူရည်ချွန် (ရွှေတံဆိပ်ဆု) ရရှိခဲ့သည်။ ပညာမင်းကြီး ဦးဘိုးသုန်ပေးသော ပညာမင်းကြီးဆုတံဆိပ်ကို ရရှိသည်။

၁၉၆၅ ခုနှစ်တွင် မန္တလေးမြို့ အထက (၁၄) ကျောင်း (ယခင်- ဖာသာလဖုန်းကျောင်း) တွင် ၁၀ တန်း အောင်မြင်သည်။ ၁၉၆၅ ခုနှစ် မေလ ၃ ရက်တွင် မန္တလေးမြို့ရှိ မိုးလေဝသဌာန၌ အောက်တန်းစာရေးအဖြစ် အသက် ၁၇ နှစ် ၄ လအရွယ်မှ စတင် တာဝန်ထမ်းဆောင်ခဲ့သည်။ အမှုထမ်းဘဝဖြင့် မန္တလေး၊ ၀ိဇ္ဇာနှင့် သိပ္ပံတက္ကသိုလ်၊ တိုးချဲ့ ညနေသင်တန်းမှ သိပ္ပံဘွဲ့ (ရူပဗေဒဘာသာ အဓိက) ကို ဘာသာစုံဂုဏ်ထူး၊ အထူးအောင်ဖြင့်အောင်မြင်ခဲ့သည်။ ၁၉၇၁ ခုနှစ်တွင် B.Sc (ရူပဗေဒ) ဘွဲ့ရရှိခဲ့ပြီး ဘာသာစုံ ဂုဏ်ထူးဖြင့် အထူးအောင်မြင်ခဲ့သည်။

သို့သော် တက္ကသိုလ်တွင် သရုပ်ပြတိုက်ရိုက်ခန့်ခဲ့သော်လည်း ဝင်ရောက်လုပ်ကိုင်ခြင်းမရှိဘဲ မိုးလေဝသဌာန၌သာ ဆက်လက်အမှုထမ်းခဲ့သည်။

၁၉၆၅ မှ ၁၉၇၇ ခုနှစ်အထိ မန္တလေးတွင် သပြေညိုထွန်းလွင်အမည်ဖြင့် ကျူရှင်ဆရာအဖြစ် အသက်မွေးခဲ့သည်။ ၁၉၇၃ ခုနှစ်၌ အမေရိကန်နိုင်ငံ ဖလော်ရီဒါတက္ကသိုလ်သို့ ပညာသင်စေလွှတ်ခြင်းခံရသည်။ နှစ်နှစ်တက်ပြီး ၁၉၇၅ ခုနှစ်တွင် B.Sc (မိုးလေဝသ) ဘွဲ့ရခဲ့သည်။ ၁၉၈၇ ခုနှစ်တွင်လည်း မဟာသိပ္ပံဘွဲ့အတွက် ဒုတိယအကြိမ် အမေရိကန်နိုင်ငံ ဖလော်ရီဒါတက္ကသိုလ်ကို ထပ်မံပညာသင်သွားရောက်ခဲ့ရပြီး ၁၉၈၉ ခုနှစ်တွင် ယင်းတက္ကသိုလ်မှပင် မဟာသိပ္ပံဘွဲ့ (မိုးလေဝသ) ကို အောင်မြင်ရရှိပြီး ပါရဂူဘွဲ့သင်တန်း တက်ရောက်ခွင့် သုံးနှစ် ပညာသင်ဆုကို အမေရိကန်ပြည်ထောင်စု အမျိုးသား အဏ္ဏဝါနှင့် လေထုအုပ်ချုပ်ရေးအဖွဲ့က ချီးမြှင့်ခြင်းခံခဲ့ရသည်။ သို့သော် မတက်ရောက်ဖြစ်ခဲ့ပေ။ ယင်းနောက် အဆိုပါဘာသာရပ်ဖြင့် ပါရဂူဘွဲ့ကျမ်းပြုစုပြီးဖြစ်သည်။

၁၉၆၅ ခုနှစ် မေ ၃ ရက်တွင်  မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာန၌ တိုင်းထွာရေးမှူးအဖြစ်  တာဝန်ထမ်းဆောင်ခဲ့ပြီး ညွှန်ကြားရေးမှူးချုပ်အဖြစ် အဆင့်ဆင့် တိုးမြှင့်တာဝန်ထမ်းဆောင်ခဲ့သည်။ မြန်မာ့ရုပ်မြင်သံကြား သတင်းအစီအစဉ်တွင် လပတ်မိုးလေဝသသတင်းကြေညာသူအဖြစ် ၁၉၈၀ ပြည့်နှစ် အောက်တိုဘာမှစ၍  ၂၆ နှစ်ကျော် ဆောင်ရွက်ခဲ့သည်။

၂၀၀၃ ခုနှစ်တွင် စက်မှုထူးချွန် ဒုတိယဆု ရရှိခဲ့သည်။ Ph.D ဘွဲ့ကို ရန်ကုန်တက္ကသိုလ်တွင် လေးနှစ်တက်ပြီး ၂၀၀၈ ခုနှစ် ဇူလိုင်တွင် ဒေါက်တာဘွဲ့ရရှိခဲ့သည်။ ၂၀၀၉ ခုနှစ် မတ် ၂၀ ရက်၌ ရန်ကုန်တက္ကသိုလ် ရူပဗေဒဌာနတွင် ပေးအပ်သော ပထမဆုံး ဆရာခ ရူပဗေဒဆု ချီးမြှင့်ခြင်းခံခဲ့ရသည်။ ၂၀၀၆ တွင် နိုင်ငံတကာ မိုးလေဝသနှင့် ဇလဗေဒအသင်းကြီး၏ အမြဲတမ်းအသင်းဝင်၊ ၂၀၀၇ တွင် အာရှဒေသ သဘာဝဘေးဒဏ် ကာကွယ်ရေးနှင့် ပြင်ဆင်ရေးကောင်စီ မြန်မာနိုင်ငံ၏ဥက္ကဋ္ဌအဖြစ် တာဝန်ယူလုပ်ဆောင်ခဲ့သည်။

ဒေါက်တာထွန်းလွင်မှာ ၁၉၈၀ ပြည့်နှစ်ခန့်မှသည် ညွှန်ကြားရေးမှူး တာဝန်ယူထားသည့်တိုင် မိုးလေဝသ သတင်းကြေညာသူအဖြစ် လုပ်ဆောင်ခဲ့သူဖြစ်သည်။

နာဂစ်မုန်တိုင်းမတိုင်မီအချိန်အထိ မိုးလေဝသသတင်းအတွက် အားထားရသူတစ်ဦးဖြစ်ခဲ့ပြီး သတင်းလောကတွင်လည်း သတင်းထုတ်ပြန်ရန် ပွင့်လင်းသူအဖြစ် ကျော်ကြားခဲ့သည်။ ၂၀၀၈ ခုနှစ် မေလ နာဂစ်မုန်တိုင်းနှင့်ပတ်သက်၍ အငြင်းပွားဖွယ်ရာဖြစ်ခဲ့ပြီး မီဒီယာများတွင် မိုးလေဝသဌာနက သတင်းထုတ်ပြန်ရန် ပျက်ကွက်ခဲ့ခြင်းနှင့် ပတ်သက်၍ ဦးထွန်းလွင်မှာ လူထုစိတ်ဝင်စားမှုခံရသော ပုဂ္ဂိုလ်တစ်ဦးဖြစ်လာခဲ့သည်။

၂၀၀၃ ခုနှစ် ဇန်နဝါရီ ၄ ရက်တွင် စစ်အစိုးရက စက်မှုစီးပွားထူးချွန်ဆု (ဒုတိယအဆင့်) ချီးမြှင့်ခဲ့သည်။ သင်္ချာပုံစံသုံး မိုးလေဝသခန့်မှန်းနည်း၊ ကမ်းရိုးတန်းဒေသများအတွက် မုန်တိုင်းဒီရေ ခန့်မှန်းခြင်းဆိုင်ရာ လက်တွေ့သုံးနည်းစနစ်၊ မိုးလေဝသရက် ရှည်ခန့်မှန်းခြင်းအတွက် တာဝေး ဆက်နွှယ်မှုနည်းစနစ် စသည်တို့ကို ပထမဦးဆုံးတီထွင် အသုံးပြုနိုင်ခဲ့သူ ဖြစ်သည်။ ဒေါက်တာ ဦးထွန်းလွင်သည် မိုးလေဝသနှင့် ဇလဗေဒ ညွှန်ကြားမှုဦးစီးဌာနတွင် ညွှန်ကြားရေးမှူးချုပ်အဖြစ် တာဝန်ထမ်းဆောင်ခဲ့သည့် ၂၀၀၆ ခုနှစ်မှာပင် လုပ်ငန်းပိုင်းဆိုင်ရာ အောင်မြင်မှုတစ်ရပ်အနေဖြင့် အာရှသဘာဝဘေးစောင့်ကြည့်ပြင်ဆင်ရေး ဗဟိုဌာန (Asian Disaster Preparedness Centre, ADPC) က ပထမဆုံးဖွဲ့စည်းသည့် ငါးနှစ်တာလုပ်ငန်းစီမံချက်၏ ဦးဆောင်မှုကော်မတီတွင် မြန်မာနိုင်ငံကိုယ်စားပြုဥက္ကဋ္ဌအဖြစ် ရွေးချယ်ခြင်းခံခဲ့ရသည်။

ဦးထွန်းလွင်သည် အမှုထမ်းသက် နှစ် ၄၀ ကျော်အတွင်း လုပ်ငန်းပိုင်းဆိုင်ရာ စွမ်းဆောင်မှုများအနေဖြင့် မုန်တိုင်းဒီရေ ခန့်မှန်းနည်းဖော်ထုတ်ခြင်း၊ အယ်လ်နီညို၊ လာနီညာဖြစ်စဉ်များနှင့် တာဝေးဆက်နွှယ်မှုအား ဌာနတွင်း ပထမဆုံး လေ့လာတင်ပြခြင်း၊ မြန်မာနိုင်ငံ၏ ရာသီဥတု ပြောင်းလဲပုံများကို ၁၉၇၇ ခုနှစ်မှစတင်၍ နှစ် ၅၀ ကြာ မှတ်တမ်းပြု၍ သုတေသနပြုနိုင်ခဲ့ခြင်းတို့ကို ဆောင်ရွက်ခဲ့သည်။ ဦးထွန်းလွင်သည် နိုင်ငံတကာ ပူးပေါင်းဆောင်ရွက်မှု၏ အားကိုရယူ၍ မြန်မာနိုင်ငံအတွက် ရာသီဥတုနှင့် သဘာဝဘေးအန္တရာယ်ဆိုင်ရာ လုပ်ငန်းများအပေါ် အကျိုးရှိစေရန် ၂၀၀၆ ခုနှစ်အတွင်း ဌာန၏ ဦးဆောင်သူအနေဖြင့် ပါဝင်ခဲ့သည်။ ရလဒ်များအနေဖြင့် UNESCO အကူအညီဖြင့် ပင်လယ်ရေမျက်နှာပြင်တိုင်းတာရေး စခန်းဖွင့်လှစ်မှုများ၊ ADPC ၏ နည်းပညာပိုင်း၊ ပစ္စည်းကိရိယာပိုင်း ထောက်ပံ့မှုများ စသည်တို့ကို ရရှိခဲ့သည်။

မြန်မာနိုင်ငံ၏ အငြိမ်းစား ဥပဒေအရ အသက် ၆၅ နှစ်အထိ တာဝန်ထမ်းဆောင်နိုင်သော်လည်း ၂၀၀၉ ခုနှစ် ဇွန် ၁ ရက် အသက် ၆၁ နှစ်အရွယ်တွင် ကျန်းမာရေးအရ ရုတ်တရက် အငြိမ်းစားယူလိုက်သော်လည်း မိုးလေဝသနှင့် ဇလဗေဒလုပ်ငန်းများတွင် သုတေသီအဖြစ် ဆက်လက်လုပ်ကိုင်ခဲ့သူတစ်ဦးဖြစ်သည်။

မိုးလေဝသအခြေအနေများနှင့် ပတ်သက်ပြီး မြန်မာပြည်သူလူထုအတွက် နေ့စဉ် မိုးလေဝသသတင်းများကို ထုတ်ပြန်တင်ဆက်ပေးခဲ့သည့် ဆရာကြီး မိုးလေဝသပညာရှင် ဒေါက်တာဦးထွန်းလွင် ကြေလွင့်မှုကို  ၂၀၁၉ ခုနှစ် ထင်ရှားကျော်ကြားကဏ္ဍတွင် ဖော်ပြလိုက်ပါသည်။  

 

 

Most Read

Most Recent