၂၀၁၉ ခုနှစ်အတွင်း ရန်ကုန်တိုင်းဒေသကြီး၌ မူးယစ်ဆေးဝါးဖမ်းဆီးရမိမှု ဖြစ်စဉ်များရှိခဲ့ပြီး ယင်းဖြစ်စဉ်များထဲမှ မူးယစ်ဆေးဝါးအမြောက်အမြား ဖမ်းဆီးရမိသည့် ဖြစ်စဉ်အချို့ကို ၂၀၁၉ ခုနှစ် ထင်ရှားကျော်ကြားကဏ္ဍ၌ ရေးသားဖော်ပြအပ်ပါသည်။
၂၀၁၉ ခုနှစ်အတွင်း ရန်ကုန်တိုင်းဒေသကြီးရှိ မြို့နယ်အများစုတွင် WY စိတ်ကြွဆေးပြား အများစုဖမ်းဆီးရမိခဲ့ပြီး ယင်းနောက်တွင် ICE မူးယစ်ဆေးဝါးများလည်း အများအပြား ဖမ်းဆီးရမိသည့်ဖြစ်စဉ် တစ်ခုရှိကာ အခြားအမျိုးအစားမူးယစ်ဆေးဝါးများ ဖမ်းဆီးရမိမှုများလည်းရှိခဲ့သည်။
ယင်းဖြစ်စဉ်များအနက် စုစုပေါင်းငွေကျပ် ၅၃ ဘီလျံကျော် တန်ဖိုးရှိ မူးယစ်ဆေးဝါးများ ဖမ်းဆီးရမိခဲ့သည့် ဖြစ်စဉ်တစ်ခုလည်း ရှိခဲ့သည်။ ထိုဖြစ်စဉ်မှာ ဒီဇင်ဘာ ၁၀ ရက်တွင် လှိုင်မြို့နယ်တွင် ဖမ်းဆီးရမိခဲ့ခြင်းဖြစ်ပြီး ယင်းနေ့ညနေပိုင်းတွင် လှိုင်မြို့နယ်၊ ၁၅ ရပ်ကွက် ပါရမီ မီးပွိုင့်အနီးတွင် မော်တော်ယာဉ်တစ်စီး မသင်္ကာဖွယ်ရပ်ထားစဉ် အဆိုပါယာဉ်ကို မူးယစ်ဆေးဝါးတားဆီး နှိမ်နင်းရေးရဲတပ်ဖွဲ့က သွားရောက်စစ်ဆေးရာ ယာဉ်အတွင်း လူမတွေ့ရှိဘဲ မူးယစ်ဆေးဝါးများ ဖမ်းဆီးရမိခဲ့ခြင်းဖြစ်သည်။
အဆိုပါ 6J/---- Chevrolet ယာဉ်ထဲရှိ ခေါင်းခန်းနှင့် နောက်ခန်းတို့အတွင်းမှ ဆာလာအိတ်များဖြင့် ထည့်ထားသည့် Guanyinwaung စာတမ်းပါ အထုပ် ၄၆၅ ထုပ်ဖြင့် ထည့်ထားသော ကျပ်သိန်းပေါင်း ၅၃ ဘီလျံတန်ဖိုးရှိ ICE ၆၆၆ ကီလို တွေ့ရှိသိမ်းဆည်းရမိခဲ့ကြောင်း သိရသည်။
အဆိုပါ ICE မူးယစ်ဆေးဝါးများ ဖမ်းဆီးရမိသည့်ဖြစ်စဉ်ကို လှိုင်မြို့မရဲစခန်းတွင် မူးယစ်ဆေးဝါး တားဆီးနှိမ်နင်းရေးဥပဒေ ပုဒ်မဖြင့် အမှုဖွင့်၍ စုံစမ်းစစ်ဆေးနေကြောင်းသိရသည်။
ထို့ပြင် ရန်ကုန်မြို့ မြန်မာပလာဇာရှေ့တွင် အမျိုးသားနှစ်ဦးထံမှ စိတ်ကြွဆေးပြားများ ဖမ်းဆီးရမိပြီးနောက် ကွင်းဆက်အဖြစ် ကျပ်ရှစ်ဘီလျံကျော်တန်ဖိုးရှိ စိတ်ကြွမူးယစ် ဆေးပြားများ ဖမ်းဆီးရမိခဲ့သည့် ဖြစ်စဉ်များ ဖြစ်ပွားခဲ့သည်။
ဖြစ်စဉ်မှာ ၂၀၁၉ ခုနှစ် သြဂုတ် ၂၅ ရက် မွန်းတည့် ၁၂ နာရီခန့်တွင် မူးယစ်ဆေးဝါးတားဆီး နှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များသည် သတင်းအရ ရန်ကုန်မြို့ မြန်မာပလာဇာရှေ့တွင် ထွဋ်အောင်လွင် (၂၈ နှစ်) နှင့် ကြည်ခိုင်(၄၀ နှစ်) တို့အား ရှာဖွေစစ်ဆေးရာ ၎င်းတို့ထံမှ စိတ်ကြွမူးယစ်ဆေးပြား ၄၀၀ ကို ဖမ်းဆီးရမိပြီး ထွက်ဆိုချက်များအရ ၎င်းတို့ ဆေးပြားများဝယ်ယူခဲ့သည့် စမ်းချောင်းမြို့နယ် လင်းလွန်းမြောက်ရပ်ကွက် ဇလွန်လမ်းနေ မအေးအေးဝင်း (ခ) စုလှိုင် (၂၈ နှစ်) ၏ နေအိမ်သို့ ဆက်လက်ရှာဖွေ စစ်ဆေးရာ ၎င်းအမျိုးသမီးနှင့်အတူ စိတ်ကြွရူးသွပ်ဆေးပြား ၁၆၈၈၀၀ ပြား သိမ်းဆည်းရမိခဲ့ကြောင်း သိရသည်။
ယင်းနောက် မအေးအေးဝင်း (ခ) စုလှိုင်အား စစ်ဆေးရာ ၎င်းမူးယစ်ဆေးပြား ဝယ်ယူခဲ့သည့် မခိုင်ခိုင် (၃၂ နှစ်) နှင့် နိုင်နိုင်ထွန်း (၂၈ နှစ်) တို့ မောင်နှမနှစ်ဦး ငှားရမ်းနေထိုင်သော ဒဂုံဆိပ်ကမ်းမြို့နယ် (၆၇) ရပ်ကွက် ရတနာအိမ်ရာ (၁) ရတနာလမ်းရှိ နေအိမ်သို့ စစ်ဆေးရှာဖွေရာ ၎င်းတို့နှင့်အတူ စိတ်ကြွရူးသွပ်ဆေးပြား ၆၇၈၀ ထပ်မံဖမ်းဆီးရမိကာ နေအိမ်စောင့် စိုင်းနော်မိန်း (၃၈ နှစ်) ကိုလည်း ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။
ဆက်လက်စစ်ဆေးရာ မခိုင်ခိုင်သည် ရခိုင်တိုင်းရင်းသူတစ်ဦးဖြစ်ပြီး ၎င်းသည် အောင်မင်္ဂလာ အဝေးပြေးဝင်းအတွင်းရှိ ရန်ကုန်- စစ်တွေ ခရီးသည်တင်ယာဉ်လိုင်းများ ဖြစ်သည့် လေးဝတီယာဉ်လိုင်းနှင့် မင်းထက်သာ ယာဉ်လိုင်းကားဂိတ်များတွင် အဝတ်အထည်များနှင့်ရောနှော၍ စိတ်ကြွမူးယစ် ဆေးပြားများကို စစ်တွေသို့ပို့ဆောင်ရန် ပေးပို့အပ်နှံထားကြောင်း သိရှိသည့်အတွက် သြဂုတ် ၂၆ ရက် နံနက် ၈ နာရီခန့်တွင် အဆိုပါ ယာဉ်များရှိရာ ဂိတ်များသို့ ရဲတပ်ဖွဲ့ဝင်များ သွားရောက်စစ်ဆေးခဲ့ကြောင်း သိရသည်။
စစ်ဆေးရာ မင်းထက်သာယာဉ်လိုင်း ခရီးသည်တင်ယာဉ်တစ်စီး၏ ပစ္စည်းတင် အကန့်အတွင်းမှ ဆာလာအိတ်ခုနစ်အိတ်ဖြင့် ထည့်ထားသည့် စိတ်ကြွမူးယစ် ဆေးပြား ၁၀ သိန်းကိုလည်းကောင်း၊ စစ်တွေသို့ထွက်ခွာသွားပြီဖြစ်သည့် မင်းထက်သာနှင့် လေးဝတီယာဉ်လိုင်းများပေါ်တွင် ငါးအိတ်စီတင် ပို့ပြီးဖြစ်ကြောင်း သိရှိရသဖြင့် သြဂုတ် ၂၇ ရက် နံနက် ၃ နာရီတွင်အမ်းမြို့ ပူးပေါင်းစစ်ဆေးရေးဂိတ်၌ မင်းထက်သာခရီးသည်တင် ယာဉ်တစ်စီးပေါ်မှ ဆာလာအိတ် ငါးအိတ်ဖြင့်ထည့်လျက် စိတ်ကြွမူးယစ်ဆေးပြား ၇ ဒသမ ၅ သိန်းနှင့် နံနက် ၈ နာရီခွဲတွင် မင်းပြားမြို့ ရာမောင်တံတားကူးနေရာတွင် လေးဝတီ ခရီးသည်တင်ယာဉ်တစ်စီးပေါ်မှ ဆာလာအိတ် ငါးအိတ်ဖြင့် ထည့်ထားသည့် စိတ်ကြွမူးယစ်ဆေးပြား ၇၄၉၉၇၅ ပြားကို ရှာဖွေတွေ့ရှိခဲ့ပြီး ဖြစ်စဉ်တစ်ခုလုံး၏ ကွင်းဆက်အသီးသီးမှ ကျပ်ရှစ်ဘီလျံကျော် တန်ဖိုးရှိ စုစုပေါင်း စိတ်ကြွရူးသွပ်ဆေးပြား ၂၆၇၅၉၅၅ ပြားတို့ကို ဖမ်းဆီးသိမ်းဆည်းရမိခဲ့ကြောင်း သိရသည်။
မူးယစ်ဆေးပြားများနှင့်အတူ ဖမ်းဆီးရမိသည့် မခိုင်ခိုင်အား အသေးစိတ်စစ်ဆေးရာ ၎င်းသည် ၂၀၁၅ ခုနှစ်အတွင်းက ထိုင်းနိုင်ငံသို့ တရားမဝင် သွားရောက်အလုပ် လုပ်ကိုင်စဉ် AA အဖွဲ့၏ စည်းရုံးမှုကြောင့် AA အဖွဲ့ဝင်အဖြစ် တာဝန်ထမ်းဆောင်ကာ AA အဖွဲ့အတွက် စည်းရုံး၍ လူသစ်စုဆောင်းခြင်း၊ ရန်ပုံငွေရရှိရေးအတွက် မူးယစ်ဆေးဝါးတရားမဝင် သယ်ဆောင်ရောင်းဝယ် ဖြန့်ဖြူးခြင်းများကို လုပ်ကိုင်လျက်ရှိကြောင်းနှင့် ယခင်ကလည်း ရန်ကုန်- စစ်တွေခရီးသည်တင်ယာဉ်များကို အသုံးပြု၍ မူးယစ်ဆေးပြားများကို ငါးကြိမ် သိုဝှက်သယ်ယူပို့ဆောင်ပေးခဲ့ပြီးဟု ထွက်ဆိုခဲ့ကြောင်းသိရပြီး အဆိုပါဖြစ်စဉ်မှ ကျူးလွန်သူများကို ရန်ကုန်တိုင်းဒေသကြီး အနောက်ပိုင်းခရိုင် တရားရုံး၌ ဆက်လက်စစ်ဆေးသည်။
ယင်းသို့ မူးယစ်ဆေးဝါးများ ဖမ်းဆီးရမိမှုများအနက် လူအများစိတ်ဝင်စားသည့် အခြားမူးယစ်ဆေးဝါး ဖမ်းဆီးရမိသည့် ဖြစ်စဉ်တစ်ခုလည်း ဖြစ်ပွားခဲ့သည်။ ယင်းဖြစ်စဉ်မှာ ဂျာမနီနိုင်ငံမှ လေကြောင်းလိုင်းမှ တစ်ဆင့်ပေးပို့သော မူးယစ်ဆေးဝါးတစ်မျိုးဖြစ်သည့် ကျပ်သိန်း ၁၀၀၀၀ ကျော်တန်ဖိုးရှိ Ecstasy ပန်းရောင်ဆေးပြား အမြောက်အမြား ဖမ်းဆီးရမိခြင်းဖြစ်သည်။
အဆိုပါဖြစ်စဉ်မှာ ဖေဖော်ဝါရီ ၁၂ ရက် မွန်းလွဲ ၃ နာရီခွဲခန့်တွင် ကျောက်တံတားမြို့နယ် ဗဟိုစာတိုက်ကြီးမှ တာဝန်ရှိသူတစ်ဦးက သက်ဆိုင်ရာ ကျောက်တံတားမြို့နယ် ရဲတပ်ဖွဲ့သို့ ဂျာမနီနိုင်ငံက ပေးပို့သော ပါဆယ်ပုံးတစ်ပုံးအတွင်း မသင်္ကာဖွယ်ပစ္စည်းများပါကြောင်း အကြောင်းကြားသဖြင့် သက်ဆိုင်ရာ ရဲတာဝန်ရှိသူများ သွားရောက်စစ်ဆေးခဲ့ကြောင်း သိရသည်။
ယင်းသို့သွားရောက်စစ်ဆေးရာ အဆိုပါပုံးတွင် ဂျာမနီနိုင်ငံမှပေးပို့သူ SING KHAN, BERGSTRABD 12,47533 KLEVEN လိပ်စာပါရှိပြီး ပစ္စည်းကို လက်ခံမည့်သူ MG KYAW SAYS, 13K, 125270, NORTH DRAGON, CHIN TWIN STREET, No 1420, YANGON MYANMAR စသည့် လိပ်စာပါရှိသည့် အလျား ၁၉ လက်မ၊ အနံ ၁၅ လက်မ၊ အမြင့် ၁၂ လက်မခန့်ရှိ အညိုရောင်စက္ကူဂျပ်ဖာ ပုံးတစ်ပုံး တွေ့ရှိခဲ့ရပြီး အဆိုပါပုံးကို ဖွင့်ဖောက်စစ်ဆေးခဲ့ကြောင်း သိရသည်။
စစ်ဆေးရာ အတွင်းတွင် ခဲရောင်အိတ်၊ အကြည်ရောင်ပလတ်စတစ် ကပ်ခွာအိတ်၊ အဖြူရောင်စက္ကူတို့ဖြင့် သုံးထပ်ထည့်ထားပြီး အတွင်း၌တွေ့သည့် အထုပ်ငယ်ငါးထုပ်ကို ဖောက်ကြည့်ရာ စုစုပေါင်း Ecstasy ပန်းရောင်ဆေးပြား ၂၆၁၈၉ ပြားဖမ်းဆီးရမိခဲ့ပြီး အဆိုပါဆေးပြားများ၏တန်ဖိုးမှာ ကျပ် သိန်း ၁၀၀၀၀ ကျော်ရှိကြောင်း သိရသည်။
ထို့ပြင် အဆိုပါ ပါဆယ်ပုံးကို လာရွေးသည့် ရှမ်းပြည်နယ် ကျိုင်းတုံမြို့နေ ကျော်ဇေယျ (ခ) ကောင်းမြတ် (၂၈ နှစ်) ဆိုသူကိုလည်း တွေ့ရှိခဲ့ရပြီး ၎င်းအား ဖမ်းဆီးကာ ကျောက်တံတားမြို့မရဲစခန်းက မယ (ပ) ၄/၂၀၁၉၊ မူး/စိတ်ပုဒ်မ ၁၉ (က)/၂၀ ဖြင့် အမှုဖွင့်၍ စစ်ဆေးတရားစွဲဆိုခဲ့ပြီး လက်ရှိတွင် အဆိုပါအမှုကို အနောက်ပိုင်းခရိုင်တရားရုံးတွင် စစ်ဆေးလျက်ရှိကြောင်း သိရပြီး အထက်ဖော်ပြပါဖြစ်စဉ်သုံးခုမှာ ရန်ကုန်မြို့၌ မူးယစ်ဆေးဝါးအမြောက်အမြား ဖမ်းဆီးရမိသည့် ဖြစ်စဉ်များဖြစ်ကာ လူအများစိတ်ဝင်စားသည့် ဖြစ်စဉ်များ ဖြစ်သည်။









