တပ်မတော်လေယာဉ် ပြေးလမ်းချော်မှုကြောင့် အပြည်ပြည်ဆိုင်ရာလေဆိပ် ၁၉ နာရီကြာ ပိတ်ထားခဲ့မှုနှင့် နောက်ဆက်တွဲ ဂယက်

တပ်မတော်လေယာဉ် ပြေးလမ်းချော်မှုကြောင့် အပြည်ပြည်ဆိုင်ရာလေဆိပ် ၁၉ နာရီကြာ ပိတ်ထားခဲ့မှုနှင့် နောက်ဆက်တွဲ ဂယက်
ပြေးလမ်းချော်ခဲ့သည့် Y8 အမျိုးအစားလေယာဉ်ကို တွေ့ရစဉ် Photo: Myanmar Aviation Development Association Facebook
ပြေးလမ်းချော်ခဲ့သည့် Y8 အမျိုးအစားလေယာဉ်ကို တွေ့ရစဉ် Photo: Myanmar Aviation Development Association Facebook
Published 31 December 2019
ရွှန်းလဲ့ဝင်း

၂၀၁၉ စက်တင်ဘာ ၅ ရက်က Y8 အမျိုးအစား တပ်မတော်လေယာဉ်တစ်စင်း လေ့ကျင့်ပျံသန်းရန်အတွက် ရန်ကုန်လေဆိပ်မှ အတက်တွင် ပြေးလမ်းချော်မှု ဖြစ်ပွားခဲ့ခြင်းကြောင့် ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်၌ လေယာဉ်ဆင်းသက်မှုများ နာရီပေါင်းများစွာ ရပ်ဆိုင်းခဲ့ရသည်။  တပ်မတော်လေယာဉ်ပြေးလမ်းချော်မှုကြောင့် ပိတ်ထားခဲ့ရသည့် ရန်ကုန်လေဆိပ်ကို ၁၉ နာရီကြာမြင့်ပြီးချိန် စက်တင်ဘာ ၆ ရက် နံနက် ၆ နာရီမှ ပုံမှန်အတိုင်း ပြန်လည်ဖွင့်လှစ် အသုံးပြုနိုင်ခဲ့သည်။

ထိုသို့ မြန်မာနိုင်ငံ၏ အဓိက နိုင်ငံတကာ ဝင်ထွက်ပေါက်တစ်ခုဖြစ်သည့် ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်တွင် မတော်တဆမှုတစ်ခု ဖြစ်သည်နှင့် နာရီပေါင်းများစွာ ပိတ်ထားရသည့် ဖြစ်စဉ်ကြောင့် အကောင်အထည်ဖော်ရန် ဆောင်ရွက်နေသည့် ဟံသာဝတီလေဆိပ်သစ် စီမံကိန်း မဖြစ်မနေပေါ်ပေါက်လာရန် လိုနေပြီလားဆိုသည့် မေးခွန်းများက ပြည်သူများကြား၌ ထွက်ပေါ်လာခဲ့ခြင်းကြောင့် ယခုဖြစ်စဉ်ကို ၂၀၁၉ ခုနှစ် လေကြောင်း လောက၏ ထင်ရှားသည့် ဖြစ်စဉ်တစ်ခုအနေဖြင့် ဖော်ပြအပ်ပါသည်။

ပြေးလမ်းတစ်ခုတည်းသာရှိသည့် ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်ပြေးလမ်းပေါ်တွင် လေယာဉ်မတော်တဆမှု ဖြစ်ပွားခဲ့ခြင်းကြောင့် လေဆိပ်ကိုဆင်းသက်မည့် အဆင်းလေယာဉ်များကို

ဆင်းသက်ခွင့်ပြုနိုင်ခြင်း မရှိခဲ့ချေ။ ရန်ကုန်လေဆိပ် လေယာဉ်ပြေးလမ်း ပိတ်ထားခဲ့ရခြင်းကြောင့် နိုင်ငံတကာလေကြောင်းလိုင်း ၁၇ ခု၏ ခရီးစဉ် ၃၂ ခုနှင့် ပြည်တွင်း လေကြောင်းလိုင်းလေယာဉ်အချို့ ရန်ကုန်လေဆိပ်ကို ဆင်းသက်နိုင်ခြင်းမရှိခဲ့ချေ။                                

ရန်ကုန်လေဆိပ်တွင် လေယာဉ်မတော်တဆမှုဖြစ်၍ လေဆိပ်ကို ယာယီပိတ်ထားခဲ့ရခြင်းသည်၂၀၁၉ ခုနှစ်အတွက် ဒုတိယအကြိမ် ဖြစ်သည်။ ပြီးခဲ့သည့် မေ ၈ ရက် ညနေက ဘင်္ဂလားဒေ့ရှ် လေကြောင်းလိုင်းမှ လေယာဉ်တစ်စင်း မတော်တဆမှု ဖြစ်ပွားခဲ့ခြင်းကြောင့် လေယာဉ်တောင်ပံကျိုး၍ ကိုယ်ထည်တွန့်ခေါက် ပျက်စီးခဲ့ပြီး ပြေးလမ်းပေါ်၌ လေယာဉ်၏အပိုင်းအစများ လွင့်ကျန်နေခြင်းကြောင့် လေဆိပ်ပြေးလမ်းကို ပြန်လည်ရှင်းလင်းနေချိန်တွင် ရန်ကုန်လေဆိပ်တွင် လေယာဉ်များ အတက်အဆင်း ပြုလုပ်နိုင်ခြင်းမရှိဘဲ လေဆိပ်ကို သုံးနာရီခန့် ယာယီပိတ်ထားခဲ့ရသည်။

လေယာဉ်ကွင်းကို သုံးနာရီ ခန့် ပိတ်ထားရခြင်းသည် ကြီးမားသည့် ပြဿနာမဟုတ်ဟု ပြောနိုင်သော်လည်း နာရီ ၂၀ နီးပါးကြာမြင့်အောင် ပိတ်ထားခဲ့ရခြင်းမှာ ခရီးသည်များလည်း အဆင်မပြေမှုများစွာ ကြုံရသလို လေကြောင်းလိုင်းများသည်လည်း အထိနာ၊ ဆုံးရှုံးမှု ကြီးမားခဲ့ရသည်။

၂၀၁၉ ခုနှစ် မကုန်မီမှာပင် ရန်ကုန်လေဆိပ်ကို ယာယီပိတ်ထားခဲ့ရသည့် ဖြစ်စဉ်နှစ်ခုကို ကြုံတွေ့ရချိန်တွင် လေကြောင်းနယ်ပယ်မှ ကျွမ်းကျင်သူများ၊ လေယာဉ်မှူးများ၊ လေကြောင်းလောကနှင့် နီးစပ်ကျွမ်းဝင်သူများသည် အသစ်တည်ဆောက်မည်ဟု ကြားသိထားသည့် ဟံသာဝတီ အပြည်ပြည်ဆိုင်ရာ လေဆိပ်သစ် တည်ဆောက်ရေးစီမံကိန်းသည် မဖြစ်မနေအကောင်အထည်ဖော်ရမည့် စီမံကိန်း တစ်ခုဖြစ်သည်ဟု ပြောဆိုလာကြသည်။

ဟံသာဝတီအပြည်ပြည်ဆိုင်ရာ လေဆိပ်သစ်အကောင်အထည် ဖော်နိုင်ရေးသည် နိုင်ငံတကာ လေကြောင်းလိုင်းများ ဆင်းသက်မှသာ စီးပွားရေးအရ တွက်ခြေကိုက်မည့် လေဆိပ်တစ်ခုဖြစ်လာမည် ဖြစ်သည့်အတွက် လေဆိပ်သစ်ကြီးပြီးသွားပါက နိုင်ငံတကာလေကြောင်းလိုင်းများ ဆင်းသက်နိုင်မည်လား ဆိုသည့်အချက်က အစိုးရအတွက် ကြီးမားသည့်စိန်ခေါ်မှုတစ်ခုလည်း ဖြစ်နေသည်။

နိုင်ငံတော်အစိုးရဘက်ကမူ ဟံသာဝတီအပြည်ပြည်ဆိုင်ရာ လေဆိပ်သစ်ကြီး တည်ဆောက်ပြီး စီးသွားသည်နှင့် နိုင်ငံတကာလေကြောင်းလိုင်းများ ရွှေ့ပြောင်းဆင်းသက်ရန် ဥပဒေကြောင်းအရတရား ဝင်ဆောင်ရွက်သွားမည်ဟု ဆိုသည်။   

ထို့ကြောင့် လက်ရှိတွင် မဖြစ်မနေ အကောင်အထည်ဖော်ရန် လိုအပ်လာပြီဖြစ်သည့် ဟံသာဝတီ လေဆိပ်သစ်တည်ဆောက်ရေး စီမံကိန်းက လက်တွေ့အကောင်အထည် ပေါ်လာမည်လားဆိုသည်ကို ပြည်သူများက စိတ်ဝင်တစား စောင့်ကြည့်နေကြသည်။           

 

 

Most Read

Most Recent