ရန်ကုန်တိုင်းဒေသကြီး၊ ဗိုလ်တထောင်မြို့နယ်အတွင်းရှိ အာဇာနည်ခေါင်းဆောင်ကြီးများ ကျဆုံးခဲ့သော သမိုင်းဝင်ဝန်ကြီးများရုံးအတွင်း Spa လုပ်ငန်းပါဝင်သည့် De’Be’au ကျန်းမာရေးစင်တာကို နိုဝင်ဘာ ၂၆ ရက်တွင် ဖွင့်လှစ်ခဲ့ရာတွင် ပြည်သူများက ဝေဖန်ခဲ့ကြသည်။
ယခုကဲ့သို့ ဝန်ကြီးများရုံးဝင်းအတွင်း Spa နှင့် Bar ကဲ့သို့ ဆိုင်များဖွင့်လှစ်မှုကို လက်သင့်မခံကြောင်း၊ ယခု De’Be’au ဆိုင်ဖွင့်လှစ်မှုသည် လုပ်ငန်းလိုင်စင်မရှိသည့်အတွက် စည်ပင်က ကန့်ကွက်စာပေးပို့ထားသည်ဟု ကြားသိရကြောင်း ဗိုလ်တထောင်မြို့နယ် မဲဆန္ဒနယ် အမှတ် (၂) တိုင်းဒေသကြီးလွှတ်တော် ကိုယ်စားလှယ် ဦးအောင်ထူးက ပြောကြားသည်။
သမိုင်းဝင် ဝန်ကြီးများရုံးအတွင်း လုပ်ဆောင်နေသည့် လုပ်ငန်း ၁၆ ခုရှိပြီး လွှတ်တော်ကိုယ်စားလှယ်နှင့် ပြည်သူများ ထောက်ပြဝေဖန်ခဲ့သည့် Spa လုပ်ငန်းပါသည့် De’Be’au ဆိုင်ကို ပိတ်သိမ်းမည်ဟု အနော်မာကုမ္ပဏီက ပြောကြားခဲ့ကြောင်း ရန်ကုန်တိုင်းဒေသကြီးလွှတ်တော် လူမှုရေးနှင့် စီမံခန့်ခွဲရေးကော်မတီအဖွဲ့ဝင်၊ မင်္ဂလာတောင်ညွန့်မြို့နယ် မဲဆန္ဒနယ်အမှတ် (၁) တိုင်းဒေသကြီးလွှတ်တော် ကိုယ်စားလှယ် ဦးလှဌေးက ပြောကြားခဲ့သည်။
သမိုင်းဝင် ဝန်ကြီးများရုံးအတွင်း ဆောင်ရွက်နေသည့် လုပ်ငန်းများ၏ အသေးစိတ်အချက်အလက်များနှင့် ပတ်သက်ပြီး နိုဝင်ဘာ ၈ ရက်တွင် ရန်ကုန်တိုင်းဒေသကြီးလွှတ်တော်၊ ပတ္တမြားခန်းမ၌ လူမှုရေးနှင့် စီမံခန့်ခွဲရေးကော်မတီ၊ သက်ဆိုင်ရာ အစိုးရအဖွဲ့အစည်းများနှင့် လုပ်ကိုင်ခွင့်ရရှိထားသည့် အနော်မာကုမ္ပဏီတို့ ကြားနာတွေ့ဆုံ ဆွေးနွေးခဲ့ကြောင်းသိရသည်။
အဆိုပါ တွေ့ဆုံပွဲသို့ လာရောက်ခဲ့သည့် YHT (Yangon Heritage Trust) မှ တာဝန်ရှိသူများကလည်း နိုင်ငံတော်၏ မြို့ပြအမွေအနှစ် အဆောက်အအုံတွင် ယခုကဲ့သို့ လုပ်ဆောင်နေသည့် De’Be’au ဆိုင်လုပ်ငန်းကို သဘောကျနှစ်သက်မှုမရှိသည်ကို ပြောကြားခဲ့ကြောင်း ဦးလှဌေးက ပြောကြားသည်။
ထို့ပြင် သမိုင်းဝင်ဝန်ကြီးများရုံးအတွင်း နိုင်ငံခြားအရက်များ ရောင်းချနိုင်သည့် ယစ်မျိုးလိုင်စင် လျှောက်ထားမှုနှင့်ပတ်သက်ပြီး တိုင်းလွှတ်တော် လူမှုရေးနှင့် စီမံခန့်ခွဲရေးကော်မတီသို့ တိုင်ကြားစာပေးပို့ထားကာ ကန့်ကွက်ကြောင်းကိုလည်း ဗိုလ်တထောင်ထွေအုပ်ရုံးသို့ ပြောကြားထားကြောင်း ဗိုလ်တထောင်မြို့နယ်၊ မဲဆန္ဒနယ် အမှတ် (၁) တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးအောင်ထူးက ပြောကြားခဲ့သည်။
ဝန်ကြီးများရုံးအတွင်း နိုင်ငံခြားအရက် ရောင်းချနိုင်သည့် FL 17 ယစ်မျိုးလိုင်စင်အား ဦးမိုးလွင်အမည်ဖြင့် မြို့နယ်ထွေအုပ်ရုံးတွင် ဇွန်လတွင် လာရောက်လျှောက်ထားခဲ့ပြီး Public Area ဖြစ်ပြီး လျှောက်ထားမှု မပြည့်စုံသဖြင့် မြို့နယ်ထွေအုပ်ရုံးက ခွင့်ပြုခဲ့ခြင်းမရှိသော်လည်း ဒီဇင်ဘာ ၅ ရက်တွင် ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးများရုံး ကြီးကြပ်ထိန်းသိမ်း စောင့်ရှောက်ရေးအဖွဲ့ လိပ်မူထားသည့်စာဖြင့် ထပ်မံလျှောက်ထားခဲ့ကြောင်း၊ ထို့ပြင် ဒေါ်ဝင်းဝင်းခိုင်အမည်ဖြင့် ဒီဇင်ဘာ ၅ ရက်တွင် ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးများရုံး ကြီးကြပ်ထိန်းသိမ်း စောင့်ရှောက်ရေးအဖွဲ့ လိပ်မူထားသည့်စာဖြင့် FL 17 ယစ်မျိုး လိုင်စင်လျှောက်ထားခဲ့ခြင်းဖြစ်သည်။
ဗိုလ်တထောင်မြို့နယ် အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနက ဒီဇင်ဘာ ၉ ရက်နေ့စွဲဖြင့် ထုတ်ပြန်သည့် ကြေညာချက်တွင် ရန်ကုန်တိုင်းဒေသကြီး အရှေ့ပိုင်းခရိုင်၊ ဗိုလ်တထောင်မြို့နယ်၊ အမှတ် (၆) ရပ်ကွက်၊ ကမ်းနားလမ်း၊ အမှတ် (စီရထားဝင်း) နေ ဦးသော်တာအမည်ဖြင့် ဖွင့်လှစ်ရောင်းချလျက်ရှိသော FL 17 ယစ်မျိုးလိုင်စင်အား ၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ်အတွင်း အရှေ့ပိုင်းခရိုင်၊ ဗိုလ်တထောင်မြို့နယ် အမှတ် (၉) ရပ်ကွက် အနော်ရထာလမ်း၊ အမှတ် (၃၀၀) နေ Zigg.Co.Ltd အမည်ဖြင့် ယစ်မျိုးလိုင်စင် FL 17 သို့ ယစ်မျိုးလိုင်စင်အမည်၊ လိပ်စာပြောင်းရွှေ့ ဝင်ရောက်ခွင့်ပြုပါရန် မြို့နယ် အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနသို့ တင်ပြလျှောက်ထားလာကြောင်း၊ အဆိုပါယစ်မျိုး လိုင်စင်အမည်၊ လိပ်စာ၊ ပြောင်းလျှောက်ထားခြင်းနှင့်ပတ်သက်ပြီး ယစ်မျိုးအက် ဥပဒေ ၁၆ အရ ကန့်ကွက်လိုပါက မြို့နယ်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာနသို့ လိပ်မူပြီး အမိန့်ကြော်ငြာစာကပ်သည့်နေ့မှစပြီး ၁၅ ရက်အတွင်း အထောက်အထားအပြည့်အစုံဖြင့် ကိုယ်တိုင်လာရောက်ကန့်ကွက်နိုင်ကြောင်း ပါရှိသည်။
ထို့ပြင် ရန်ကုန်တိုင်းဒေသကြီး၊ အရှေ့ပိုင်းခရိုင်၊ ဗိုလ်တထောင်မြို့နယ်၊ အမှတ်(၉) ရပ်ကွက်၊ ၄၆ လမ်း၊ အမှတ် (65/B) နေ ကျော်သူလတ်အမည်ဖြင့် ဖွင့်လှစ်ရောင်းချလျက်ရှိသော FL 9 ယစ်မျိုးလိုင်စင်အား ၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ်အတွင်း အရှေ့ပိုင်းခရိုင်၊ ဗိုလ်တထောင်မြို့နယ်၊ အမှတ် (၉) ရပ်ကွက်၊ အနော်ရထာလမ်း၊ အမှတ် (၃၀၀) နေ ဒေါ်ဝင်းဝင်းခိုင်အမည်ဖြင့် ယစ်မျိုးလိုင်စင် FL 17 သို့ ယစ်မျိုးလိုင်စင် အမည်၊ လိပ်စာ၊ အမျိုးအစား ပြောင်းရွှေ့ဝင်ရောက်ခွင့်ပြုပါရန် ဗိုလ်တထောင်မြို့နယ် အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနသို့ တင်ပြလျှောက်ထားလာကြောင်း၊ အဆိုပါယစ်မျိုးလိုင်စင် အမည်၊ လိပ်စာ၊ အမျိုးအစားပြောင်း လျှောက်ထားလာခြင်းနှင့် ပတ်သက်ပြီး ယစ်မျိုးအက်ဥပဒေ ၁၆ အရ ကန့်ကွက်လိုပါက မြို့နယ်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာနသို့ လိပ်မူပြီး အမိန့်ကြော်ငြာစာကပ်သည့် နေ့မှစ၍ ၁၅ ရက်အတွင်း အထောက်အထား အပြည့်အစုံဖြင့် လူကြီးမင်းကိုယ်တိုင် လာရောက်ကန့်ကွက်နိုင်ကြောင်း ကြေညာချက်တွင်ဖော်ပြထားသည်။
FL 17 ယစ်မျိုးလိုင်စင်သည် နိုင်ငံခြားအရက်များ (Forgein Alcoholic Liquor) ကို ဟိုတယ်နှင့် နားနေခန်း ဥပစာအတွင်းသောက်သုံးရန် ဟိုတယ်ပိုင်ရှင် သို့မဟုတ် ဟိုတယ် မန်နေဂျာက ကောင်တာဖွင့်၍ လက်လီရောင်းချခွင့် လိုင်စင်ဖြစ်သည်။









