ပြည်သူ့စားဝတ်နေရေးအတွက် စိုးရိမ်ဖွယ်ရာဖြစ်လာသော ငွေကြေးဖောင်းပွမှုနှုန်းနှင့် စားသုံးသူစျေးဆနှုန်း

ပြည်သူ့စားဝတ်နေရေးအတွက် စိုးရိမ်ဖွယ်ရာဖြစ်လာသော ငွေကြေးဖောင်းပွမှုနှုန်းနှင့် စားသုံးသူစျေးဆနှုန်း
ရန်ကုန်မြို့ တာမွေမြို့နယ်ရှိ စျေးတန်းတစ်နေရာကို တွေ့ရစဉ်
ရန်ကုန်မြို့ တာမွေမြို့နယ်ရှိ စျေးတန်းတစ်နေရာကို တွေ့ရစဉ်
Published 31 December 2019
စည်သူအောင်

ငွေကြေးဖောင်းပွမှုနှုန်းသည် နိုင်ငံတစ်နိုင်ငံ၏ စီးပွားရေးအခြေအနေကို အကဲဖြတ်ရာတွင် အဓိကအခန်းကဏ္ဍမှ ပါဝင်သည်။ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုရှိစေရန် ထိုက်သင့်သော ငွေကြေးဖောင်းပွမှုရှိရန် လိုအပ်သကဲ့သို့ လွန်ကဲသော ငွေကြေးဖောင်းပွမှုကြောင့် နိုင်ငံများ ကာလကြာရှည် မတည်မငြိမ် ဖြစ်စေနိုင်သည်။ ငွေကြေးဖောင်းပွမှုကို တိုင်းတာမှု အမျိုးမျိုးရှိပြီး ယေဘုယျအားဖြင့် အထွေထွေစျေးနှုန်းများ ကာလကြာရှည် မြင့်တက်မှု သို့မဟုတ် နိုင်ငံတစ်ဝန်း လူနေမှုစရိတ်များ မြင့်တက်မှုဖြစ်သည်။ မြန်မာနိုင်ငံတွင် ၁၈ လဆက်တိုက် ပျမ်းမျှ ငွေကြေးဖောင်းပွမှုနှုန်းနှင့် စားသုံးသူစျေးဆနှုန်း မြင့်တက်နေခြင်းသည် ပြည်သူများ၏ နေ့စဉ်စားဝတ်နေရေး ဖြည့်ဆည်းနိုင်စွမ်းကို ခြိမ်းခြောက်လျက်ရှိရာ ၂၀၁၉ ခုနှစ်အတွက် ထင်ရှားသည့် စီးပွားရေးဖြစ်စဉ်တစ်ခုအဖြစ် ဖော်ပြအပ်ပါသည်။ 

၂၀၁၈-၂၀၁၉ ဘဏ္ဍာနှစ်အတွင်း ပျမ်းမျှငွေကြေးဖောင်းပွမှုနှုန်း ၄ ဒသမ ၈၁ ရာခိုင်နှုန်းရှိမည်ဟု ခန့်မှန်းထားသော်လည်း ဘဏ္ဍာနှစ်အစပိုင်း လများဖြစ်သော အောက်တိုဘာတွင် ၆ ဒသမ ၃၄ ရာခိုင်နှုန်း၊ နိုဝင်ဘာတွင် ၆ ဒသမ ၆၆ ရာခိုင်နှုန်း၊ ဒီဇင်ဘာတွင် ၆ ဒသမ ၈၆ ရာခိုင်နှုန်း၊ ဇန်နဝါရီတွင် ၆ ဒသ မ ၉၄ ရာခိုင်နှုန်း၊ ဖေဖော်ဝါရီတွင် ၇ ဒသမ ၀၇ ရာခိုင်နှုန်း၊ မတ်တွင် ၇ ဒသမ ၂၈ ရာခိုင်နှုန်း၊ ဧပြီတွင် ၇ ဒသမ ၅၁ ရာခိုင်နှုန်း၊ မေတွင် ၇ ဒသမ ၈၂ ရာခိုင်နှုန်း၊ ဇွန်တွင် ၈ ဒသမ ၀၈ ရာခိုင်နှုန်း၊ ဇူလိုင်တွင် ၈ ဒသမ ၃၅ ရာခိုင်နှုန်း၊ သြဂုတ်တွင် ၈ ဒသမ ၅၃ ရာခိုင်နှုန်း၊ စက်တင်ဘာတွင် ၈ ဒသမ ၆၁ ရာခိုင်နှုန်းအထိ ရှိနေကာ ၂၀၁၈ ခုနှစ် ဧပြီမှ ၂၀၁၉ ခုနှစ် စက်တင်ဘာအထိ ၁၈ လဆက်တိုက် ငွေကြေးဖောင်းပွမှုနှုန်း မြင့်တက်နေခြင်းဖြစ်သည်။

၂၀၁၈-၂၀၁၉ ဘဏ္ဍာနှစ်တွင် နှစ်အလိုက် ငွေကြေးဖောင်းပွမှုနှုန်း ၄ ဒသမ ၁၀ ရာခိုင်နှုန်းနှင့် ပျမ်းမျှငွေကြေးဖောင်းပွမှုနှုန်း ၄ ဒသမ ၈၁ ရာခိုင်နှုန်းရှိမည်ဟု ခန့်မှန်းထားခြင်းဖြစ်သည်။ ၂၀၁၈ ခုနှစ်အတွင်း ဧပြီလမှစ၍ ၂၀၁၉ ခုနှစ် စက်တင်ဘာလအထိ ငွေကြေးဖောင်းပွမှုနှုန်း ၁၈ လဆက်တိုက် မြင့်တက်ခဲ့ရာ ၂၀၁၈-၂၀၁၉ ဘဏ္ဍာနှစ်တွင် မျှော်မှန်းထားသည့် ပျမ်းမျှငွေကြေးဖောင်းပွမှုနှုန်း ၄ ဒသမ ၈၁ ရာခိုင်နှုန်းနှင့် ၂၀၁၉ ခုနှစ် စက်တင်ဘာလအတွင်း ဖြစ်ပေါ်ခဲ့သော ပျမ်းမျှငွေကြေးဖောင်းပွမှုနှုန်း နှိုင်းယှဉ်ပါက လေးရာခိုင်နှုန်းနီးပါး မြင့်တက်ခဲ့သည်။

တစ်နိုင်ငံလုံးအတွက် ၂၀၁၂  ခုနှစ် အခြေခံနှစ်ဖြင့် စားသုံးသူစျေးဆနှုန်းအပေါ် အခြေခံတွက်ချက်ထားသော ငွေကြေးဖောင်းပွမှုနှုန်းမှာ ၂၀၁၉ ခုနှစ် အောက်တိုဘာအထိ တစ်နှစ်ပျမ်းမျှ ၈ ဒသမ ၆၀ ရာခိုင်နှုန်းရှိပြီး နှစ်အလိုက်ငွေကြေးဖောင်းပွမှုနှုန်း (Year on Year Inflation ) မှာ ၈ ဒသမ ၇၂ ရာခိုင်နှုန်းရှိကြောင်း သိရသည်။

၂၀၁၉ ခုနှစ် အောက်တိုဘာလအတွင်း မကွေးတိုင်းဒေသကြီးတွင် ၁၂ ဒသမ ၄၀ ရာခိုင်နှုန်းဖြင့် ပျမ်းမျှငွေကြေးဖောင်းပွမှုနှုန်း အမြင့်ဆုံးဖြစ်ပေါ်ခဲ့ပြီး စစ်ကိုင်းတိုင်းဒေသကြီးတွင် ၁၁ ဒသမ ၅၃ ရာခိုင်နှုန်းဖြင့် ဒုတိယအမြင့်ဆုံးဖြစ်ခဲ့ကာ မန္တလေးမြို့တွင် ၁၀ ဒသမ ၁၀ ရာခိုင်နှုန်းဖြင့် တတိယအမြင့်ဆုံးဖြစ်ကြောင်း သိရသည်။ ၂၀၁၉ ခုနှစ် အောက်တိုဘာလအထိ နှစ်အလိုက် ငွေကြေးဖောင်းပွမှုနှုန်းမှာ ဧရာဝတီတိုင်းဒေသကြီးတွင် ၁၅ ဒသမ ၁၃ ရာခိုင်နှုန်းဖြင့် ပြောင်းလဲမှု အများဆုံးဖြစ်ပေါ်ခဲ့ပြီး ကချင်ပြည်နယ်တွင် ၁ ဒသမ ၉၀ ရာခိုင်နှုန်းဖြင့် ပြောင်းလဲမှုရာခိုင်နှုန်း အနည်းဆုံးဖြစ်ပေါ်ခဲ့သည်။

ထို့အတူ ၂၀၁၉ ခုနှစ် အောက်တိုဘာတွင် စားသုံးသူစျေးဆနှုန်း (CPI) ၁၆၀ ဒသမ ၅၈ ရှိခဲ့ပြီး ယခင်နှစ်ကာလတူထက် ၈ ဒသမ ၇၂ ရာခိုင်နှုန်းမြင့်တက်ခဲ့ကြောင်း ဗဟိုစာရင်းအင်းအဖွဲ့က ထုတ်ပြန်သည့် စားသုံးသူစျေးဆနှုန်းနှင့် ငွေကြေးဖောင်းပွမှုနှုန်း အခြေအနေအရ သိရသည်။ တစ်နှစ်အတွင်း အစားအစာ အုပ်စု ကုန်စျေးနှုန်း ရှစ်ရာခိုင်နှုန်းခန့်၊ အိမ်လခ ၃၁ ရာခိုင်နှုန်းခန့်၊ ကျန်းမာရေး ကုန်ကျစရိတ် ရှစ်ရာခိုင်နှုန်းကျော်၊ ပညာရေးကုန်ကျစရိတ် လေးရာခိုင်နှုန်းကျော် မြင့်တက်ခဲ့ကြောင်း စားသုံးသူစျေးဆနှုန်းနှင့် ငွေကြေးဖောင်းပွမှုနှုန်း အခြေအနေအရ သိရသည်။

၂၀၁၉ ခုနှစ် အောက်တိုဘာအတွက် ထုတ်ပြန်ထားသော တစ်နိုင်ငံလုံး၏ စားသုံးသူစျေးဆနှုန်းနှင့် ငွေကြေးဖောင်းပွမှုနှုန်း စိစစ်ချက်အရ ၂၀၁၈ ခုနှစ် အောက်တိုဘာထက် အစားအစာအုပ်စု ၇ ဒသမ ၉၇ ရာခိုင်နှုန်း၊ ဆေးလိပ်နှင့် အဖျော်ယမကာအုပ်စု ၇ ဒသမ ၉၁ ရာခိုင်နှုန်း၊ အဝတ်အထည်အုပ်စု ၄ ဒသမ ၇၇ ရာခိုင်နှုန်း၊ အိမ်လခနှင့် အိမ်ပြင်ခအုပ်စု ၃၀ ဒသမ ၈၁ ရာခိုင်နှုန်း၊ အိမ် အသုံးအဆောင်စျေးနှုန်းနှင့် ပြုပြင်ထိန်းသိမ်းစရိတ်အုပ်စု ၆ ဒသမ ၆၃ ရာခိုင်နှုန်း၊ ကျန်းမာရေးအုပ်စု ၈ ဒသမ ၂၁ ရာခိုင်နှုန်း၊ အပန်းဖြေခြင်းနှင့် ယဉ်ကျေးမှုအုပ်စု ၁၂ ဒသမ ၂၇ ရာခိုင်နှုန်း၊ ပညာရေးအုပ်စု ၄ ဒသမ ၀၈ ရာခိုင်နှုန်း၊ ပြင်ပအစားအသောက် အုပ်စု ၅ ဒသမ ၄၂ ရာခိုင်နှုန်း၊ အထွေထွေ ကုန်ပစ္စည်းအုပ်စု ၁၀ ဒသမ ၇၁ ရာခိုင်နှုန်း၊ အစားအစာမဟုတ်သော အုပ်စု ၁၀ ဒသမ ၀၄ ရာခိုင်နှုန်း မြင့်တက်ခဲ့သည်။

တစ်နိုင်ငံလုံး၏ စားသုံးသူစျေးဆနှုန်းနှင့် ငွေကြေးဖောင်းပွမှုနှုန်း စိစစ်ချက်အရ ၂၀၁၈ ခုနှစ် အောက်တိုဘာနှင့် နှိုင်းယှဉ်ပါက ၂၀၁၉ ခုနှစ် အောက်တိုဘာတွင် ကျဆင်းခဲ့သော ကဏ္ဍများနှင့် ကျဆင်းမှုနှုန်းများမှာ သယ်ယူပို့ဆောင်ရေးအုပ်စုတွင် ၂ ဒသမ ၃၅ ရာခိုင်နှုန်း၊ ဆက်သွယ်ရေးအုပ်စုတွင် သုည ဒသမ ၆၀ ရာခိုင်နှုန်းတို့ဖြစ်သည်။

၂၀၁၂ ခုနှစ် အခြေခံနှစ်ဖြင့် တွက်ချက်ထားသော ၂၀၁၉ ခုနှစ် အောက်တိုဘာအတွက် တစ်နိုင်ငံလုံး၏ စားသုံးသူစျေးဆနှုန်းမှာ အစားအစာအုပ်စုအတွက် ၁၇၃ ဒသမ ၃၉၊ အစားအစာမဟုတ်သောအုပ်စုအတွက် ၁၄၂ ဒသမ ၅၆ နှင့် အုပ်စုအားလုံးအတွက် ၁၆၀ ဒသမ ၅၈ ရှိပြီး ပြီးခဲ့သည့် ၂၀၁၈ ခုနှစ် အောက်တိုဘာတွင် ဖြစ်ပေါ်ခဲ့သော စားသုံးသူစျေးဆနှုန်းနှင့် နှိုင်းယှဉ်ပါက ၈ ဒသမ ၇၂ ရာခိုင်နှုန်း မြင့်တက်ခဲ့ခြင်းဖြစ်သည်။

ငွေကြေးဖောင်းပွမှုနှုန်း ကာလကြာရှည် မြင့်မားနေခြင်းသည် ငွေကြေးဆိုင်ရာမူ ၀ါဒမှားယွင်းမှု၊ ငွေကြေးရိုက်ထုတ်မှုများပြားမှု၊ နိုင်ငံခြားငွေလဲနှုန်းမြင့်တက်မှု၊ နိုင်ငံ့ငွေတန်ဖိုးကျဆင်းမှု၊ ဝယ်လိုအား သို့မဟုတ် ရောင်းလိုအား အဆမတန်မြင့်တက်မှု၊ အနိမ့်ဆုံးလုပ်ခလစာနှုန်း၊ စားနပ်ရိက္ခာ စျေးနှုန်းများ မြင့်တက်မှု၊ ရေနံစျေး၊ လျှပ်စစ်ဓာတ်အားခကဲ့သို့ အခြေခံစျေးနှုန်းများမြင့်တက်မှု၊ သဘာဝဘေးအန္တရာယ်ကျရောက်မှု၊ အရင်းအနှီးစျေးကွက်၊ စတော့စျေးကွက်များက မောက်ကမဖြစ်ပေါ်မှု၊ ဘဏ်တိုးနှုန်းပြောင်းလဲမှု၊ အစိုးရအသုံးစရိတ်များပြားမှု၊ ကောလာဟလသတင်းများဖြစ်ပေါ်မှု၊ ပြည်သူများ၏ နိုင်ငံ့စီးပွားရေးအပေါ် ယုံကြည်စိတ်ပျောက်ဆုံးမှု စသည့်အကြောင်းအရာများနှင့် သက်ဆိုင်နေသည်။

ငွေကြေးဖောင်းပွမှုသည် ဆင်းရဲသော ပြည်သူလူထုကို အထိနာစေသကဲ့သို့ ပို၍လည်း ဆင်းရဲမွဲတေစေသည်။ ထို့အတူ ဆင်းရဲသောနိုင်ငံများသည် ငွေကြေးဖောင်းပွမှုဒဏ်ကို ချမ်းသာသောနိုင်ငံများထက် ပိုခံရသည်။ နိုင်ငံလည်း မချမ်းသာ၊ ဆင်းရဲသောပြည်သူလူထုလည်း များပြားသော မြန်မာနိုင်ငံအနေဖြင့် တစ်ရှိန်ထိုးဆက်တိုက် မြင့်တက်လာသော ငွေကြေးဖောင်းပွမှုနှုန်းနှင့် စားသုံးသူ စျေးဆနှုန်းကို လျှော့ချနိုင်မည့် လက်တွေ့ကျသည့်မူဝါဒကို ချမှတ်နိုင်ရန် လိုနေပြီဖြစ်သည်။                                       

 

 

Most Read

Most Recent