YP ဆီဆိုင်များနှင့် မြေနေရာလွှဲပြောင်းခြင်းမှ ပြည်သူ့ဘဏ္ဍာ ကျပ်ဘီလျံများစွာ နစ်နာမှုအတွက် ပြန်မဖြေနိုင်သော မေးခွန်းများ

YP ဆီဆိုင်များနှင့် မြေနေရာလွှဲပြောင်းခြင်းမှ ပြည်သူ့ဘဏ္ဍာ ကျပ်ဘီလျံများစွာ နစ်နာမှုအတွက် ပြန်မဖြေနိုင်သော မေးခွန်းများ
သာကေတမြို့နယ်တွင် ဖွင့်လှစ်ထားသည့် YP စက်သုံးဆီဆိုင်တစ်ဆိုင်အား တွေ့ရစဉ် (ဓာတ်ပုံ- ဆန်းထူးအောင်)
သာကေတမြို့နယ်တွင် ဖွင့်လှစ်ထားသည့် YP စက်သုံးဆီဆိုင်တစ်ဆိုင်အား တွေ့ရစဉ် (ဓာတ်ပုံ- ဆန်းထူးအောင်)
Published 31 December 2019
ဖြိုးဝေ

စက်သုံးဆီစျေး ထိန်းချုပ်ရန်ဆိုသည့် ရည်ရွယ်ချက်ဖြင့် ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့က နိုင်ငံပိုင်မြေများကို Yangon Petrol ကုမ္ပဏီတစ်ခုတည်းသို့ တစ်ပေပတ်လည် ကျပ် ၂၀၀၀ နှင့် ကျပ် ၄၈၀၀ အကြားဖြင့် ပေးလိုက်မှုမှာလည်း ပြည်သူလူထုအကြား ဝေဖန်မှုမြင့်တက်စေခဲ့သည့် ၂၀၁၉ ခုနှစ်၏ နာမည်ကျော် စီးပွားရေးဖြစ်စဉ်တစ်ခုဖြစ်ခဲ့သည်။

တစ်ပေပတ်လည် ကျပ်တစ်သိန်းနှင့် အထက်ပေါက်သော နိုင်ငံပိုင်မြေ ၂၆ ကွက် မှ မြေ ၃၇ ဧကကျော်ကို ကျပ် ၃၃၀၁၈ သိန်းခန့်ဖြင့် Yangon Petrol ကုမ္ပဏီက အဆိုပြုခဲ့သည်ဆိုသည့် သတင်းနောက်ကွယ်တွင် ထိုသို့တင်ဒါ လုပ်ထုံးလုပ်နည်းများနှင့် ကိုက်ညီမှုမရှိဘဲ ပွင့်လင်းမြင်သာမှုမရှိသည့် မြေလွှဲပြောင်းမှုမှာ နိုင်ငံ့ဘဏ္ဍာ ကျပ်ဘီလျံရာပေါင်းများစွာ ဆုံးရှုံးနိုင်သည်ဆိုသည့် ဝေဖန်သံများအပေါ်တွင်လည်း ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့က ပွင့်လင်းမြင်သာစွာ အသေးစိတ်ချပြရှင်းလင်းမှုမရှိဘဲ ရန်ကုန်တိုင်းဒေသကြီးလွှတ်တော်၌ မေးမြန်းသည်ကိုပင်လျှင် ကြယ်ပွင့်ပြမေးခွန်းအဖြစ် မေးမြန်းခဲ့မှုကို စာဖြင့်သာ ဖြေကြားသည့် ဖြစ်စဉ်များလည်း ဖြစ်ပေါ်ခဲ့သည်။

Yangon Petrol စက်သုံးဆီဆိုင်နှင့် ပတ်သက်ပြီး မေးခွန်းထုတ်ခဲ့သူမှာ မရမ်းကုန်းမြို့နယ် မဲဆန္ဒနယ်အမှတ် (၁) တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးရန်ရှင်းဖြစ်ပြီး ရန်ကုန်တိုင်းဒေသကြီးအစိုးရက စီစဉ်ဆောင်ရွက်သည့် Yangon Petrol စက်သုံးဆီအရောင်းဆိုင်များ ဖွင့်လှစ်သည့် မြေနေရာများအတွက် ရန်ကုန်မြို့တော်စည်ပင်သာယာရေး ကော်မတီပိုင် သို့မဟုတ် တိုင်းဒေသကြီးအစိုးရပိုင် မြေနေရာများ ဘယ်နှစ်ခုပါခဲ့ပါသလဲ။ ယင်းမြေနေရာများကို စျေးနှုန်းမည်မျှဖြင့် မည်သို့သော စည်းကမ်းချက်များ သတ်မှတ်ငှားရမ်းခွင့် ပြုပါသလဲ။ Yangon Petrol စက်သုံးဆီအရောင်းဆိုင်များအနေဖြင့် စက်သုံးဆီစျေးနှုန်းများ တည်ငြိမ်ရေးနှင့် စျေးနှုန်းမှန်ကန်ရေးကို အထောက်အကူပြုစေရန် ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့အနေဖြင့် မည်သို့ထိန်းကျောင်း ဆောင်ရွက်လျက်ရှိပါသလဲ စသည့် ကြယ်ပွင့်ပြမေးခွန်းအား ဇွန်လတွင် ပြုလုပ်ခဲ့သည့် ရန်ကုန်တိုင်းဒေသကြီးလွှတ်တော် နဝမ ပုံမှန်အစည်းအဝေးတွင် မေးမြန်းခဲ့သော်လည်း လွှတ်တော်၌ ဖြေကြားခဲ့ခြင်းမရှိဘဲ ဝန်ကြီးချုပ်ကိုယ်စား စိုက်ပျိုးရေး၊ မွေးမြူရေး၊ သစ်တောနှင့် စွမ်းအင်ဝန်ကြီး ဦးဟံထွန်းက စာဖြင့်သာ ဖြေကြားခဲ့သည်။

ယင်းဖြေကြားစာတွင် ၂၀၁၈ ဧပြီ ၁၂ ရက်က ကျင်းပသည့် ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ အစည်းအဝေး အမှတ်စဉ် (၁၅။ ၂၀၁၈) ဆုံးဖြတ်ချက်အပိုဒ် (၄) အရ စီးပွားရေး ဖွံ့ဖြိုးတိုးတက်စေရေး စက်သုံးဆီစျေးနှုန်း တည်ငြိမ်မှုရှိစေရေးနှင့် နိုင်ငံတော်အတွက် အရန်ဆီများထားနိုင်ရေး ဆောင်ရွက်မည့် အစီအစဉ်အား အတည်ပြုခဲ့ပြီး ယင်းအစီအမံအရ ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့၏ ကြီးကြပ်ကွပ်ကဲမှုဖြင့် စက်သုံးဆီ အရောင်းဆိုင်များ တည်ဆောက်၍ ဖြစ်သင့်ဖြစ်ထိုက်သည့် စျေးနှုန်းဖြင့် စက်သုံးဆီများ ဖြန့်ဖြူးရောင်းချနိုင်ရန် စီမံဆောင်ရွက်ခဲ့သည်ဟု ဖော်ပြခဲ့သည်။

“ စက်သုံးဆီစျေးနှုန်းတည်ငြိမ်ဖို့ ရည်ရွယ်ပြီး ဆောင်ရွက်တာဖြစ်လို့ အင်မတန်ကောင်းပါတယ်။ ဒါပေမဲ့ ဆောင်ရွက်တဲ့နေရာမှာ ပွင့်လင်းမြင်သာစွာဆောင်ရွက်ဖို့ လိုတယ်။ ဝန်ကြီးပြန်ဖြေထားတာကို ကြည့်တဲ့အခါ စက်သုံးဆီဆိုင်ဖွင့်ဖို့ မြေနေရာတွေကို ချထားပေးတဲ့နေရာမှာ အဲဒါတွေနဲ့ ပတ်သက်ပြီး ပွင့်လင်းမြင်သာဖို့ လိုတယ်။  အရင်အစိုးရလက်ထက်တုန်းကလည်း ဆီရောင်းဖို့၊ အခွင့်အလမ်းရရှိဖို့ မြေနေရာတွေကို လက်သိပ်ထိုးပြီး ဆောင်ရွက်ခဲ့ကြတယ်။ အခုဆောင်ရွက်တဲ့အခါမှာတော့ တစ်ချိန်တုန်းက ဖြစ်ခဲ့တာကို သင်ခန်းစာယူပြီး လက်ရှိအစိုးရရဲ့ ဆောင်ရွက်နေတဲ့ ပွင့်လင်းမြင်သာမှု လမ်းစဉ်ကိုလိုက်ပြီး EOI ခေါ်ပြီး တင်ဒါခေါ်တာတွေကို အရင်လုပ်သင့်တယ်” ဟု ဦးရန်ရှင်းက ပြောကြားခဲ့သည်။

ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့၏ ကြီးကြပ်ကွပ်ကဲမှုနှင့် Yangon Petrol ကုမ္ပဏီတည်ထောင်ပြီး ကုမ္ပဏီအား စက်သုံးဆီအရောင်းဆိုင် တည်ဆောက်ဖွင့်လှစ်သင့်သည့် မြေနေရာကို ရှာဖွေတင်ပြစေခဲ့သည်။ စက်သုံးဆီအရောင်းဆိုင် ဖွင့်လှစ်ရန်အတွက် တင်ပြလာသည့် မြေနေရာများအား သက်ဆိုင်ရာဌာနများအနေဖြင့် ကွင်းဆင်းစိစစ်၍ လုပ်ထုံးလုပ်နည်းနှင့်အညီ ဌာနမှ သတ်မှတ်သည့် စျေးနှုန်းအတိုင်း တိုင်းဒေသကြီးအစိုးရအဖွဲ့၏ အစည်းအဝေးဆုံးဖြတ်ချက်အရ မြေငှားဂရန် ခွင့်ပြုခဲ့သည်။ ထိုသို့ ခွင့်ပြုရာတွင် စက်သုံးဆီစျေးနှုန်း တည်ငြိမ်ရေးကို အထောက်အကူပြုစေမည့် ဆက်စပ်လုပ်ငန်းများသာ လုပ်ကိုင်ရန် စည်းကမ်းချက်ဖြင့် ခွင့်ပြုခဲ့ပြီး ခွင့်ပြုခဲ့သည့် စျေးနှုန်းများမှာ နယ်မြေဒေသကွဲပြားမှုအလိုက် တစ်စတုရန်းပေလျှင် ကျပ် ၂၀၀၀ မှ ကျပ် ၄၈၀၀ အထိဖြစ်သည်။ ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ အစည်းအဝေး ဆုံးဖြတ်ချက်အရ ၂၀၁၉ မေ ၃၁ ရက်အထိ Yangon Petrol ကုမ္ပဏီသို့ ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ စီမံခန့်ခွဲခွင့်ရှိသော မြေနေရာ ရှစ်နေရာနှင့် ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီပိုင် မြေနေရာလေးနေရာ၊ စုစုပေါင်း အရောင်းဆိုင်မြေနေရာ ၁၂ နေ ရာအား စိစစ်ခွင့်ပြု ငှားရမ်းပေးခဲ့သည်ဆိုသည့် အချက်များလည်း ဖြေကြားစာတွင် ပါရှိသည်။

ဦးရန်ရှင်း၏ မှတ်ချက်များအရ YP ဆီဆိုင်များသည် အစိုးရက လုပ်ဆောင်သည့် စီးပွားရေးဖြစ်ကြောင်း၊ လွှတ်တော်သဘောတူညီချက် မပါဝင်ခဲ့၍ ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံ အခြေခံဥပဒေပါ ပြဋ္ဌာန်းချက်များနှင့် မညီခဲ့ကြောင်း၊ Yangon Petrol ကုမ္ပဏီသည် လွတ်လပ်စွာ လုပ်ငန်းဆောင်ရွက်နိုင်ပြီး ကုမ္ပဏီမှရရှိသည့် အသားတင်အမြတ်၏ အများဆုံးရာခိုင်နှုန်း ၂၀ အား ရန်ကုန်တိုင်းဒေသကြီးအတွင်း လုံခြုံရေး၊ ကျန်းမာရေး၊ ပညာရေးစသည့် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများတွင် သုံးစွဲသွားမည့် လူမှုအထောက်အကူပြု CSR အတွက် လျာထားထည့်ဝင် ရန်ဖြစ်သော်ငြား စက်သုံးဆီစျေးနှုန်း တည်ငြိမ်စေရေး ဆောင်ရွက်ရာတွင် အမြတ်အစွန်းမာဂျင် အလွန်နည်းပါးသည့် အခြေအနေများ ပေါ်ပေါက်လာပါကလည်း တိုင်းဒေသကြီး၏ CSR လျာထားငွေမှ ကျခံဆောင်သွားမည်ဖြစ်ကြောင်း၊ ကုမ္ပဏီမှ စက်သုံးဆီအား အရှုံးဖြင့် ရောင်းချခြင်းများမဖြစ်ရန် ထိန်းသိမ်းသွားမည်ဖြစ်ကြောင်း ဖြေကြားစာအပေါ် ဦးရန်ရှင်းက ကိုးကား၍မှတ်ချက်ပြုသည်။

ကြယ်ပွင့်ပြမေးခွန်းမေးသည်ကို စာနှင့်သာ ဖြေဆိုသည့်အတွက် ဦးရန်ရှင်းက လွှတ်တော်သို့ ဖြေပေးပါရန်တောင်းဆိုခဲ့သော်ငြား လက်ရှိအချိန်အထိ အစိုးရဘက်က တရားဝင် ဆွေးနွေးဖြေကြားလာမှုမရှိသေးသလို စက်သုံးဆီမြေ ၁၂ နေရာအတွက်မြေဧက မည်မျှပေး၍ စက်သုံးဆီစျေး ပြင်ပပေါက် စျေးထက်ကြီးမြင့်လာပါကလည်း မည်သို့ ထိန်းကျောင်းမည်ဆိုသည်ကို မသိရသေးချေ။ ထို့ပြင် Yangon Petrol ကုမ္ပဏီအမည်ပေါက်ဖြင့် နိုင်ငံပိုင်မြေများအား ဂရန်ပေးခဲ့သည်ဆိုသည့် အခြေအနေများမှာလည်း ပြည်သူများသိလိုသည့် အဖြေဖြစ်နေ၍ ၂၀၂၀ ပြည့်နှစ်အတွင်း YP ဆီဆိုင်အတွက် မေးခွန်းများကို ဆက်လက်ဖြေရှင်းမရှင်း စောင့်ကြည့်ရဦးမည့် ၂၀၁၉ ခုနှစ်၏ သတိပြုဖွယ် စီမံကိန်းဖြစ်စဉ်တစ်ခုအဖြစ် ရှိနေဆဲဖြစ်ကြောင်း တင်ပြလိုပါသည်။        

 

 

Most Read

Most Recent