နှစ်ဟောင်းကို နှုတ်ဆက်၊ နှစ်သစ်ကို ကြိုဆို

နှစ်ဟောင်းကို နှုတ်ဆက်၊ နှစ်သစ်ကို ကြိုဆို
Published 30 December 2019

“သင့်ရဲ့ အကျင့်ဆိုးတွေနဲ့ စစ်ခင်းပါ။ သင့်ရဲ့ အိမ်နီးချင်းတွေနဲ့ သင့်မြတ်အောင်နေပါ။ နှစ်သစ်တိုင်းမှာ ပိုမိုကောင်းမွန်တဲ့ လူတစ်ယောက်အဖြစ် သင့်ကိုယ်သင် ရှာဖွေတွေ့ရှိနိုင်ပါစေ”

ဘင်ဂျမင်ဖရန်ကလင် (၁၇၀၆ - ၁၇၉၀)

အမေရိကန်ပညာရှိနှင့် အမေရိကန်ပြည်ထောင်စုကို ထူထောင်ခဲ့သူတစ်ဦး

လူအများ (အထူးသဖြင့် လူငယ်များ) က နှစ်သစ်ဆုတောင်းများကို မိတ်ဆွေများ၊ မိသားစုဝင်များအကြား ဖြန့်ချိကြရင်း ၂၀၁၉ ခုနှစ်ကို နှုတ်ဆက်ရန်နှင့် ၂၀၂၀ ပြည့်နှစ်ကို ကြိုဆိုရန် ပြင်နေကြလေပြီ။ ကမ္ဘာတစ်လွှားမှ သန်းပေါင်းများစွာသော လူများသည် လာမည့်နှစ်သစ်ကို တစ်မူထူးခြားသော နည်းလမ်းများဖြင့် ကြိုဆိုရန် စိတ်ကူးထားနှင့်ကြပြီး ဖြစ်သည်။ နှစ်ဟောင်း၌ မိမိတို့ရင်ဆိုင်ခဲ့ရသည့် ဆိုးရွားသော အခိုက်အတန့်များကို ချန်ထားရစ်ကာ နှစ်သစ်၌ ကောင်းမွန်သော အခိုက်အတန့်များရရှိရန် မျှော်လင့်ကြသည်။

ဒီဇင်ဘာ ၃၁ ရက်တွင် နှစ်ဟောင်းကို နှုတ်ဆက်၍ နှစ်သစ်ကိုကြိုဆိုရန် ပုလင်းဖွင့်သူက ဖွင့်ကြမည်။ ဝတ်ကောင်းစားလှများ ဝတ်ဆင်ရန် ပြင်သူက ပြင်ကြမည်။ ဆယ်ဖီများ တဖျပ်ဖျပ် ရိုက်ကူးကာ ရောင်စုံစက္ကူလေးများ ကြဲဖြန့်သူက ဖြန့်ကြပါလိမ့်မည်။ ညကောင်းကင်၌ ရောင်စုံမီးရှူးမီးပန်းများ ဝေဝေဆာဆာ ထွက်ပေါ်လာခိုက် “ဟက်ပီး နယူးရီးယား” ဟု သံကုန်ဟစ်လိုက်မည်ဟု အားခဲသူက ခဲထားကြပေမည်။ ၂၀၁၉ ခုနှစ်သည် အတိတ်မှ တစ်စုံတစ်ရာ အဖြစ်သို့ ရုတ်ခြည်းပြောင်းလဲ သွားပေတော့မည်။ နံရံပေါ်မှ ပြက္ခဒိန် အဟောင်းကို ဖယ်ရှားလျက် ပြက္ခဒိန်အသစ်ဖြင့် အစားထိုး လှဲလှယ်မှုနှင့်အတူ တစ်စုံတစ်ရာသော အသစ်အသစ်များ မိမိဘဝ အတွင်းသို့ စတင်ချင်းနင်း ဝင်ရောက်လာသကဲ့သို့ ခံစားမိကြပေလိမ့်မည်။

ဒီဇင်ဘာ ၃၁ ရက်ညသည် သူ့ကိုယ်သူ ထာဝရနုပျိုနေလိမ့်ဦးမည်ဟု ခံစားရနိုင်သည်။ ထို့အတူ လူတို့သည်လည်း မိမိကိုယ်မိမိ ထာဝရနုပျိုနေလိမ့်မည်ဟု ယုံကြည်နေတတ်သည်။ သို့သော် ဖန်ခွက်ထဲမှ အရည်ကို ကုန်ဆုံးအောင် မော့ချလိုက်ဘိသကဲ့သို့ နှစ်တစ်နှစ် သူ့ဘာသာ ကုန်ဆုံးသွားပြီး မိမိတို့သည်လည်း အသက်တစ်နှစ်ကြီး၍ လာသည်။ ည ၁၂ နာရီ ထိုးမည့် အချိန်ကို မအိပ်မနေ စောင့်စားရင်း နှစ်သစ်ကို ကြိုဆိုသည့် ည၏ ရယ်သံများကို ထာဝရ တည်တံ့လိုကြပေလိမ့်မည်။ ၂၀၁၉ ခုနှစ်၏ နောက်ဆုံးရက်ကို မှတ်ဉာဏ်ထဲ၌ သိမ်းဆည်းထားလိုက်ပြီး ၂၀၂၀ ပြည့်နှစ်နှင့်အတူ နိုးထလာကြပေလိမ့်မည်။

အမှန်တကယ်၌ ၂၀၁၉ ခုနှစ်ကိုသာ နှုတ်ဆက်ထားရစ်ခဲ့ရသည် မဟုတ်ပါ။ ၂၀၁၉ ခုနှစ်နှင့်အတူ မိမိတို့ဘဝ၏ များစွာသော အရာတို့ကို နှုတ်ဆက်ထားရစ်ခဲ့ရပြီးဖြစ်သည်။ အချို့အချို့သော မျက်နှာများ မှိန်ဖျော့ဝေ၀ါးသွားကာ မိမိတို့၏ ဘဝများထဲမှ ပျောက်ကွယ်၍ သွားကြသည်။ မိမိချစ်သူခင်သူတစ်ဦး ၂၀၁၉ ခုနှစ်အတွင်း မိမိ၏ဘဝထဲမှ ထွက်ခွာသွားခြင်းမျိုးလည်း ဖြစ်နိုင်သည်။ မိမိဘဝထဲမှ ပျောက်ကွယ်သွားသူများကို လွမ်းဆွတ်တမ်းတ နေမည့်အစား လက်ရှိ မိမိအနားရှိသူများနှင့် ကောင်းမွန်စွာ ဆက်ဆံနိုင်ရေးက ပို၍ အရေးပါသည်။ ထို့အတူ ၂၀၁၉ ခုနှစ်အတွင်းမှ အဖြစ်အပျက်များသည် ကောင်းသည် ဖြစ်စေ၊ ဆိုးသည်ဖြစ်စေ သင်ခန်းစာ ယူရုံမှတစ်ပါး မိမိတို့၏ ဘဝထဲမှ ထွက်သွားခဲ့ပြီး ဖြစ်သည်။ ထို့ကြောင့် ၂၀၂၀ ပြည့်နှစ်အတွင်း တွေ့ကြုံလာရမည့် အဖြစ်အပျက်များအတွက် ကြိုတင်သိရှိနိုင်ခြင်း မရှိသည့်တိုင် မိမိကိုယ်မိမိ အကောင်းဆုံး ပြင်ဆင်ထားရန်သာ လိုအပ်မည်ဖြစ်သည်။ မိမိတို့ အနေဖြင့် အကောင်းဆုံးကို မျှော်လင့်ထားသော်လည်း အဆိုးဆုံးအတွက် အသင့်ပြင်ထားရန် လိုအပ်သည်။

မည်သို့ပင်ဆိုစေကာမူ ၂၀၁၉ ခုနှစ်ကို နှုတ်ဆက်လျက် ၂၀၂၀ ပြည့်နှစ်ကို လူသစ်စိတ်သစ်ဖြင့် ကြိုဆိုကာ နောက်တစ်နှစ်အား အကောင်းဆုံး ကျော်ဖြတ်နိုင်ရေးအတွက် အစီအစဉ်များကို အတတ်နိုင်ဆုံး ရေးဆွဲပြင်ဆင်ထားရန် လိုအပ်ပါကြောင်း The Daily Eleven သတင်းစာက ရေးသားအပ်ပါသည်။

(ဒီဇင်ဘာ ၃၁ ရက်နေ့ထုတ် The Daily Eleven သတင်းစာ၏ အယ်ဒီတာ့အာဘော်)

 

Most Read

Most Recent