လယ်ယာမြေများ သိမ်းဆည်းခံရမှု ပြန်လည်စိစစ်ရေးကော်မတီက စိစစ်ထားသည့် အမှုတွဲများမှ မူလလယ်သမားများကို မြေယာလျော်ကြေးပေးနိုင်ရန်အတွက် မြို့နယ် ခုနစ်မြို့နယ်မှ ရန်ကုန်တိုင်းဒေသကြီးအစိုးရ စီမံခန့်ခွဲခွင့်ရှိသည့် မြေကွက် ၅၀၀ ကျော်အတွက် လျှောက်လွှာတစ်စောင်လျှင် ကျပ် ၁၀၀၀၀ နှုန်းဖြင့် ရောင်းချခဲ့သည်။
အဆိုပါမြေကွက်များတွင် လူနေအိမ်၊ စီးပွားရေးလုပ်ငန်းနှင့် စက်မှုလက်မှုလုပ်ငန်းများ ဆောင်ရွက်ရန် ရောင်းချခြင်းဖြစ်ပြီး မြေကွက်စျေးနှုန်းအနေဖြင့် ကျပ်သိန်း ခြောက်ဆယ်ဝန်းကျင်မှ ကျပ်သိန်း ၁၀၀ ကျော် ရှိသည့်အတွက် လျှောက်လွှာဝယ်သူ အများအပြားရှိခဲ့သဖြင့် ၂၀၁၉ ခုနှစ်၏ ထင်ရှားကျော်ကြားကဏ္ဍတွင် ဖော်ပြလိုက်ပါသည်။
ရန်ကုန်တိုင်းဒေသကြီးအစိုးရက လှိုင်သာယာ၊ ရွှေပြည်သာ၊ ဒဂုံမြို့သစ်လေးမြို့နယ် (ဒဂုံအရှေ့၊ ဒဂုံအနောက်၊ ဒဂုံတောင်၊ ဒဂုံမြောက်) နှင့် မှော်ဘီမြို့နယ်များအတွင်းရှိ မြေနေရာ ၃၈ နေရာရှိ မြေကွက်ပေါင်း ၅၀၀ ကို ဝယ်ယူနိုင်သည့်လျှောက်လွှာများကို ၂၀၁၉ ခုနှစ်အောက်တိုဘာ ၇ ရက်မှ နိုဝင်ဘာ ၈ ရက်အထိ တောင်ဥက္ကလာပမြို့နယ် ဗြဟ္မစိုရ်လမ်း (၄/၆) နှင့် သီလလမ်းထောင့်ရှိ ရန်ကုန်အရှေ့ပိုင်းခရိုင် စုပေါင်းရုံးတွင် ရောင်းချခဲ့သည်။
မြေကွက်လျှောက်လွှာ စတင်ရောင်းချသည့် အောက်တိုဘာ ၇ ရက်မှစပြီး တစ်ပတ်ခန့်အတွင်း လျှောက်လွှာဝယ်ယူသူ များပြားခဲ့ပြီး တန်းစီစနစ်ဖြင့် ရောင်းချခဲ့သောကြောင့် ညအိပ်စောင့်ဆိုင်းသူများလည်း ရှိခဲ့ကြသည်။
တိုင်းအစိုးရက ဘာကြောင့်မြေကွက်ရောင်းချရသလဲ
ယခုကဲ့သို့ မြေများရောင်းချခြင်းသည် သိမ်းဆည်းထားသည့် မြေများကို လျော်ကြေးပေးနိုင်ရန်အတွက် ရောင်းချခြင်းဖြစ်ပြီး အမှန်တကယ် ရောင်းချသင့်သူများကို စိစစ်၍ရောင်းချမည်ဖြစ်ကြောင်း ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီတွဲဖက် အတွင်းရေးမှူးဦးသန်းက အောက်တိုဘာ ၇ ရက်တွင် ပြုလုပ်သည့် ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီ သတင်းစာရှင်းလင်းပွဲတွင် ပြောကြားခဲ့သည်။
လယ်ယာမြေများ သိမ်းဆည်းခံရမှု ပြန်လည်စိစစ်ရေး ကော်မတီက စိစစ်ထားသည့် အမှုတွဲပေါင်း သုံးထောင်ကျော်ရှိသည့်အနက် မူလလယ်သမားများ မြေယာလျော်ကြေး ၆ ဒသမ ၉ ဘီလျံကျော် လျော်ကြေးပေးပြီးဖြစ်ကြောင်း၊ ၂၀၁၉-၂၀၂၀ ဘတ်ဂျက်၌ ၃၁ ဘီလျံကျော် လျော်ကြေးပေးရန် လျာထားကြောင်း၊ မြေယာလျော်ကြေးပေးရာတွင် ပြန်လည်ရရှိနိုင်ရန်အတွက် ပိုနေသည့် မြေကွက်များ ပြန်လည်ရောင်းချခြင်း ဖြစ်သည်။
ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ အစိုးရအဖွဲ့က စီမံခန့်ခွဲပိုင်ခွင့်ရှိသည့်မြေများကို ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့က စီမံခန့်ခွဲရေးကော်မတီကို ဖွဲ့စည်းတာဝန်ပေးခဲ့ပြီး မြေကွက်များ၏ အခြေခံစျေးနှုန်းကို ၂၀၁၈ -၂၀၁၉ ဘဏ္ဍာနှစ်အတွက် ရန်ကုန်တိုင်းဒေသကြီး ကာလတန်ဖိုးစိစစ်ရေးအဖွဲ့က မြို့နယ်အလိုက်သတ်မှတ်ထားသည့် စျေးနှုန်းကို အခြေပြုထားခြင်းဖြစ်ကြောင်း သိရသည်။
လျှောက်လွှာတင်သူများ၏ မျှော်လင့်ချက်နှင့် မြေအသုံးချခွင့်ပုံစံ
ရန်ကုန်မြို့အတွင်းနေထိုင်ရန် အိမ်တစ်အိမ်ရရှိရေး မျှော်လင့်သူများက ဝမ်းသာစွာဖြင့် လျှောက်လွှာများကို တန်းစီ၍ ဝယ်ယူခဲ့ကြသည်။ အစိုးရက ရောင်းချသည့် မြေကွက်များဖြစ်သည့်အတွက် အာမခံချက်ရှိသဖြင့် မျှော်လင့်တကြီးဖြင့် မြေကွက်ဝယ်ယူရန် လျှောက်လွှာတင်ခဲ့ကြသည်။
မြေကွက်များမှာ လူနေအိမ်၊ စီးပွားရေး လုပ်ငန်း၊ စက်မှုလက်မှု လုပ်ငန်းများအတွက်ဖြစ်ပြီး လူနေအိမ်အတွက် လျှောက်လွှာဝယ်ယူသူများက ရန်ကုန်မြို့အတွင်း နေထိုင်စရာအတွက် အဓိကလာရောက် လျှောက်ထားခြင်းသဖြင့် ဦးစားပေးရောင်းချပေးသင့်ကြောင်း ပြောဆိုမှုများရှိခဲ့သည်။
အစိုးရကရောင်းချသည့် မြေကွက်များမှာ (၄၀_၆၀)ပေ၊ (၆၀_၆၀)ပေ၊ (၆၀_၈၀)ပေ၊ (၆၀_၁၂၀) ပေ၊ (၁၀၀_၁၀၀) ပေ၊ (၁၀၀_၁၂၀) ပေ အကျယ်အဝန်းများရှိပြီး အသုံးပြုခွင့် ရရှိထားသည့် မြေနေရာအား သုံးနှစ်အတွင်း ပြန်လည်ရောင်းချခြင်းမပြုရန်၊ မြေအသုံးပြုခွင့် ရရှိထားသူမှာ ၎င်းရရှိထားသည့် မြေနေရာတွင် ခြောက်လအတွင်း စတင်ဆောက်လုပ်၍ အဆောက်အအုံ ဆောက်လုပ်ပြီးစီးပါက မြေငှားစာချုပ် (ဂရန်) ရရှိရေး ဆောင်ရွက်ပေးမည်ဖြစ်ကြောင်း၊ အသုံးပြုခွင့်ရရှိထားသော မြေများကို လျှောက်ထားသူအမည်ဖြင့်သာ ထားရှိရမည်ဖြစ်ပြီး သုံးနှစ်အတွင်း အမည်ပြောင်းခွင့်ပြုမည် မဟုတ်ကြောင်း၊ မြေအသုံးပြုခွင့် ရရှိထားသူများ သတ်မှတ်ထားသည့် စည်းကမ်းချက်များကို လိုက်နာရန်ပျက်ကွက်ပါက ခွင့်ပြုထားသော မြေကိုလည်းကောင်း၊ မြေပေါ်ရှိ အဆောက်အအုံများကိုလည်းကောင်း တိုင်းဒေသကြီးအစိုးရအဖွဲ့က ပြန်လည်သိမ်းယူမည်ဖြစ်ပြီး ပေးသွင်းငွေများကို ပြန်ထုတ်ပေးမည်မဟုတ်ကြောင်း သိရသည်။ ထို့ပြင် ရန်ကုန်တိုင်းအစိုးရ ရောင်းချမည့် မြေကွက်နေရာအများစု အခြေခံအဆောက်အအုံ ၉၅ ရာခိုင်နှုန်း ရှိပြီထားကြောင်း ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီ တွဲဖက်အတွင်းရေးမှူး ဦးသန်းက ပြောကြားထားသည်။
အစိုးရ ရောင်းချမယ့်မြေစျေးက အပြင်ပေါက်စျေးနဲ့ ကိုက်ညီမှုရှိခဲ့သလား
ရန်ကုန်တိုင်းဒေသကြီးအစိုးရက ရောင်းချမည့် မြေကွက်စျေးနှုန်းများမှာ ပျမ်းမျှအားဖြင့် အနည်းဆုံး ပေ ၄၀_၆၀ ကို ကျပ်သိန်း ၆၀ ခန့်ရှိကြောင်း သိရသည်။
သို့သော်လည်း အနည်းဆုံး ကျပ်သိန်း ၆ဝခန့်ဖြင့် ရောင်းချမည့် ရန်ကုန်တိုင်းဒေသကြီး အစိုးရ၏မြေကွက်အချို့မှာ ရေမီးမရရှိခြင်း၊ YBS မရောက်ခြင်းနှင့် လမ်းဖောက်ထားခြင်းပင် မရှိသေးသော မြေကွက်များဖြစ်ကြောင်း မြေကွက်ရောင်းချမည့် လျှောက်လွှာခေါ်ယူပြီးနောက် ရက်ပိုင်းများက ယင်းနေရာတွင် အိမ်ရာမြေအကျိုးဆောင် လုပ်ကိုင်နေသူများ၏ ပြောကြားချက်များအရ သိရသည်။
ရန်ကုန်တိုင်းဒေသကြီးအစိုးရမှ ရောင်းချသွားမည့် မြို့နယ်လေးမြို့နယ်ရှိ မြေကွက်များမှ အချို့မှာ မြေလွတ်မြေရိုင်းများဖြစ်နေပြီး လမ်းပန်းဆက်သွယ်ရေး၊ သောက်သုံးရေ၊ လျှပ်စစ်မီးများမရှိကြောင်း လျှောက်လွှာဝယ်ယူပြီး မြေပြင်ကွင်းဆင်းကြည့်ရှုခဲ့သူများ၏ ပြောကြားချက်များအရ သိရသည်။
ထို့ပြင် တောင်ဒဂုံ၊ မြောက်ဒဂုံ၊ အရှေ့ဒဂုံတို့တွင် ပါဝင်နေသည့်မြေကွက်များမှာ ဝေးလံချောင်ကျသည့် နေရာများတွင် ရှိနေပြီး ပေ ၄၀_၆၀ မြေကွက်တစ်ကွက်လျှင် မြေပြင်ပေါက်စျေး ၃၅ သိန်းနှင့်ပင် ဝယ်ယူသူမရှိကြောင်း၊ ရေအိုင်များ ရွှံ့နွံများဖြင့်သွားလာရန် ခက်ခဲကြောင်း သိရသည်။
အလားတူ ဒဂုံမြို့သစ်မြို့နယ်တွင် ပါဝင်သည့်မြေကွက်များမှာ ပေ ၄၀ _၆၀ တစ်ကွက်လျှင် မြေပြင်ပေါက်စျေး ၃၅ သိန်းသာရှိပြီး မြေကွက်နှစ်ကွက်စာခန့်စျေးဖြင့် တိုင်းအစိုးရရောင်းချနေခြင်းဖြစ်ကြောင်း၊ ပလပ်မြေများအား လယ်သမားများကို တစ်ဧကလျှင် သိန်း ၁၀၀ ခန့်ဖြင့် ရန်ကုန်တိုင်းအစိုးရက လျော်ကြေးပေးပြီး ပေ ၄၀_ ၆၀ တစ်ကွက်လျှင် သိန်း ၆၀ ဖြင့် ပြန်လည်ရောင်းချနေခြင်းဖြစ်ကြောင်း ယင်းနေရာတွင် အိမ်ခြံမြေ အကျိုးဆောင်လုပ်ငန်း လုပ်ကိုင်သူများ၏ ပြောကြားချက်အရ သိရသည်။
မြေကွက်လျှောက်လွှာဝယ်ယူသူ ၁၅၀၀၀ ကျော်ရှိခဲ့
ရန်ကုန်တိုင်းအစိုးရက ရောင်းချသည့် မြေကွက်လျှောက်လွှာဝယ်ချသည့် အောက်တိုဘာ ၇ ရက်မှ နိုဝင်ဘာ ၈ ရက်အတွင်း လျှောက်လွှာဝယ်ယူသူ ၁၅၆၂၀ ဦးရှိခဲ့ပြီး ၁၂၁၅၈ ဦးက ပြန်လည်တင်ပြကာ ၃၀၀၀ ကျော်က နောက်ဆုံးနေ့အထိ ပြန်လည်တင်ပြမှု မရှိခဲ့ကြောင်း သိရသည်။
အဆိုပါ ပြန်လည်တင်ပြခဲ့သည့် လျှောက်လွှာ ၁၂၁၅၈ စောင်ကို မြေစီမံခန့်ခွဲမှု ကော်မတီက လူနေအိမ်ရာ၊ စီးပွားရေးလုပ်ငန်း၊ စက်မှုလက်မှုလုပ်ငန်း စသည်တို့ကိုခွဲခြားပြီး မည်သူ့ကိုရောင်းချမည်ကို စိစစ်ဆောင်ရွက်မည်ဖြစ်ကြောင်း သိရသည်။
ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့က ရောင်းချမည့်မြေကွက်များ ဝယ်ယူခွင့်ရရှိသူများအနေဖြင့် မြေကွက်တန်ဖိုးအပြင် အခြေခံအဆောက်အအုံ တည်ဆောက်ခြင်း ကုန်ကျစရိတ်ကိုပါ ထပ်မံပေးသွင်းရမည် ဖြစ်သည်။
ထို့အတွက် မြေကွက်တစ်ကွက်တန်ဖိုးကို ဥပမာအနေဖြင့် အနည်းဆုံး ကျပ်သိန်း ၆၀ ဖြစ်၍ မြေကွက်တန်ဖိုးအပြင် အခြေခံအဆောက်အအုံစရိတ် သိန်း ၅၀ ဖြစ်ပါက သီးခြားစီပေးသွင်းရမည်ဖြစ်သဖြင့် မြေကွက်တန်ဖိုးသိန်း ၁၁၀ ခန့်ကို မြေကွက် ဝယ်ယူခွင့်ရရှိသူက ပေးသွင်းရမည်ဖြစ်သည်။
ထို့အတွက် ပင်စင်စားများနှင့် အခြေခံ လူတန်းစားများ၊ လက်လုပ်လက်စားများအတွက် အဆိုမြေကွက်များ ဝယ်ယူခွင့်ရရှိနိုင်ရန် အခက်အခဲများစွာရှိနေသည်ဟု ဝေဖန်မှုများရှိခဲ့သည်။
၂၀၁၉ ခုနှစ်တွင် မြို့နယ် ခုနစ်မြို့နယ်ရှိ ရန်ကုန်တိုင်းဒေသကြီးအစိုးရက စီမံခန့်ခွဲခွင့်ရှိသည့် မြေကွက် ၅၀၀ ကျော်အတွက် လျှောက်လွှာများ ရောင်းချခြင်းကို ပထမအဆင့်အနေဖြင့် ပြုလုပ်ခဲ့ပြီး ဒုတိယအဆင့်အနေဖြင့် မြောင်းတကာစက်မှုဇုန်တွင် ဖော်ထုတ်မည့် မြေကွက်များ၊ တတိယအဆင့်အနေဖြင့် ဒဂုံဆိပ်ကမ်းနှင့် ဒဂုံအရှေ့မြို့နယ်ရှိ ယခင် စံပြစိုက်ပျိုးရေးဇုန်ကြီးများအဖြစ် သတ်မှတ်ထားသည့် ဧက ၉၀၀၀ ကျော်ကို လူနေဇုန်နှင့် စီးပွားရေးဇုန်အဖြစ် ပြန်လည်အကောင်အထည်ဖော်နိုင်ရန် ရောင်းချသွားမည်ဖြစ်ကြောင်း သိရသည်။









