မိုးအောင်ရင်၏ အငြင်းပွားဖွယ်လွတ်မြောက်မှုမှ အစပြုခဲ့ပြီး လူသေဆုံးမှုများအထိ ဖြစ်ပေါ်ခဲ့ရသည့် အကျဉ်းထောင်ဆူပူမှုများ

မိုးအောင်ရင်၏ အငြင်းပွားဖွယ်လွတ်မြောက်မှုမှ အစပြုခဲ့ပြီး လူသေဆုံးမှုများအထိ ဖြစ်ပေါ်ခဲ့ရသည့် အကျဉ်းထောင်ဆူပူမှုများ
ထောင်ဆူပူမှု ဖြစ်ပွားပြီးနောက် ရွှေဘိုအကျဉ်းဦးစီးဌာနရှေ့တွင် လုံခြုံရေးရယူထားသည်ကို မေ ၁၀ ရက် နံနက်က တွေ့ရစဉ် (ဓာတ်ပုံ-ဌေးလှအောင်)
ထောင်ဆူပူမှု ဖြစ်ပွားပြီးနောက် ရွှေဘိုအကျဉ်းဦးစီးဌာနရှေ့တွင် လုံခြုံရေးရယူထားသည်ကို မေ ၁၀ ရက် နံနက်က တွေ့ရစဉ် (ဓာတ်ပုံ-ဌေးလှအောင်)
Published 30 December 2019
ဇော်မင်းနိုင်

နိုင်ငံတော် သမ္မတဦးဝင်းမြင့်က ၎င်း၏ သက်တမ်းအတွင်း အကျဉ်းသားလွှတ်ပေးမှု သုံးကြိမ်တိတိ ပြုလုပ်ခဲ့သည်။

တိတိကျကျဆိုရလျှင် ရာဇဝတ်ကျင့်ထုံး ၄၀၁ ပုဒ်မခွဲ (၁) အရ ၂၀၁၉ ခုနှစ် ဧပြီ ၁၇ ရက်တွင် အကျဉ်းသူ၊ အကျဉ်းသား ၉၅၃၅ ဦး၊ ဧပြီ ၂၆ ရက်တွင် အကျဉ်းသူ၊ အကျဉ်းသား ၆၉၄၈ ဦး၊ မေ ၇ ရက်တွင် အကျဉ်းသူအကျဉ်းသား ၆၅၂၀ ဦးတို့ကို လွှတ်ပေးခဲ့ခြင်းဖြစ်သည်။ စုစုပေါင်းသုံးကြိမ်အတွင်း အကျဉ်းသူ၊ အကျဉ်းသားအရေအတွက် ၂၃၀၀၃ ဦးတို့မှာ ပြန်လည်လွတ်မြောက်လာသည်။

မြန်မာနိုင်ငံတွင် အကျဉ်းထောင်ပေါင်း ၄၀ ကျော်ရှိပြီး အကျဉ်းထောင်များကို အဆင့် သတ်မှတ်ချက်အနေနှင့် လူ ၁၀၀၀ ဆံ့ ထောင်ကို ကကြီးအဆင့်၊ လူ ၅၀၀ ဆံ့ ထောင်ကို ခ အဆင့်နှင့် ဂ အဆင့်၊ လူ ၃၀၀ ဆံ့ထောင်ကို ဃ အဆင့်အဖြစ် သတ်မှတ်ခဲ့သော်လည်း နောက်ပိုင်းတွင် (ဂ) အဆင့်နှင့် (ဃ) အဆင့်များကို ဖျက်သိမ်းလိုက်ပြီး ထောင်များအားလုံးကို (က) နှင့် (ခ) အဆင့်အဖြစ် တန်းတူသတ်မှတ်ခဲ့သည်။

ယင်းသို့တိုးမြှင့်သတ်မှတ်ခဲ့သော်လည်း အဆောက်အအုံများကိုမူ လိုက်ပါတိုးချဲ့နိုင်ခြင်းမရှိခဲ့သဖြင့် အကျဉ်းထောင်များတွင် အကျဉ်းသားအရေအတွက်မှာ သတ်မှတ်ဦးရေထက် ပိုပြီးနေထိုင်နေရသည်။

၂၀၁၉ ခုနှစ် ဖေဖော်ဝါရီလအတွင်းက ပြုလုပ်ခဲ့သည့် ပြည်သူ့လွှတ်တော် အစည်းအဝေးတွင်လည်း ပြည်ထဲရေးဝန်ကြီးဌာနမှ ဒုတိယဝန်ကြီး ဗိုလ်ချုပ်အောင်သူက အကျဉ်းထောင်များတွင် အကျဉ်းသားဦးရေ များပြားနေခြင်းကို ဝန်ခံခဲ့သည်။

အစိုးရက ထုတ်ပြန်ထားသည့် ဇန်နဝါရီ ၃၁ ရက် ထောင်ပိတ်အင်အားစာရင်းအရ အကျဉ်းသား ၇၆၂၇၅ ဦး၊ အချုပ်သား ၁၆၈၆၂ ဦး စုစုပေါင်း ၉၃၁၃၇ ဦး၊ အကျဉ်းသူ ၉၁၇၇ ဦး၊ အချုပ်သူ၂၁၆၇ ဦး စုစုပေါင်း ၁၁၃၄၄ ဦးရှိရာ မြန်မာနိုင်ငံတွင် အကျဉ်းသား အကျဉ်းသူ၊ အချုပ်သား အချုပ်သူ စုစုပေါင်း  ၁၀၄၄၈၁ ဦး ထိန်းသိမ်းထားရှိသောကြောင့် ထောင်ဝင်ဆံ့ ဦးရေထက် ရာခိုင်နှုန်း ၁၅၀ နီးပါးပိုမိုနေကြောင်း ပြည်သူ့လွှတ်တော်တွင် တရားဝင် ဖြေကြားခဲ့သည်။

၎င်းတို့အတွက် သုံးစွဲရသည့် ဘဏ္ဍာငွေမှာ အကျဉ်းသားတစ်ဦးလျှင် အကျဉ်းထောင်များတွင် ၉၇၅ ကျပ်နှုန်း၊ အလုပ်စခန်းများတွင် ကျပ် ၁၀၀၀ နှုန်း ရှိသည်။

ယင်းကြောင့် အရပ်ဘက်အဖွဲ့အစည်းများ၊ အစိုးရကဖွဲ့စည်းထားသည့် မြန်မာနိုင်ငံအမျိုးသား လူ့အခွင့်အရေးကော်မရှင်၏ လေ့လာတွေ့ရှိချက်များအရ အကျဉ်းထောင်များရှိ အကျဉ်းသားများကိုလျှော့ချရန် လိုအပ်နေသည်ဟု ယခုနှစ်ပိုင်းတွင် ထောက်ပြမှုများ ကျယ်ကျယ်လောင်လောင် ထွက်ပေါ်လာခဲ့ရာ နိုင်ငံတော်သမ္မတက အကျဉ်းထောင်များတွင် အကျဉ်းသားများ လျှော့ချနိုင်ရန် လွတ်ငြိမ်းချမ်းသာခွင့်များ ထုတ်ပြန်ခဲ့ခြင်း ဖြစ်သည်။

နောက်ဆုံးပြန်လွှတ်ပေးခဲ့သည့် အကျဉ်းသားများတွင် ရိုက်တာသတင်းထောက် နှစ်ဦး၊ တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေး သဘောတူစာချုပ်ချုပ်ဆိုထားသည့် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့သုံးဖွဲ့မှ အဖွဲ့ဝင်များလည်း ပါဝင်ခဲ့ပြီး အများစုမှာ မူးယစ်ဆေးဝါးမှုဖြင့် ပြစ်ဒဏ်ကျခံနေရသူများ ဖြစ်သည်။

မူးယစ်ဆေးဝါးမှုတွင်လည်း ဆေးဝါးအနည်းငယ်ဖြင့် ပြစ်ဒဏ်ကျခံနေရသူများသာ ပါဝင်သည်ဟု နိုင်ငံတော်သမ္မတရုံး ညွှန်ကြားရေးမှူးချုပ် ဦးဇော်ဌေးက ပြောကြားခဲ့သည်။

ပြန်လွှတ်ပေးလိုက်သူအများစုမှာ မူးယစ်ဆေးဝါးအနည်းငယ် တွေ့ရှိမှုဖြင့် ထောင်ကျနေသူများ ဖြစ်သည်ဆိုသော်လည်း မိုးအောင်ရင်ကဲ့သို့ မူးယစ်ဆေးဝါးအမြောက်အမြားဖြင့် ဖမ်းဆီးခံရပြီး ထောင်ဒဏ် ၁၀ နှစ် ကျော်ချမှတ်ခံရသူ ပါဝင်လာခြင်းမှာ ၂၀၁၉ ခုနှစ်တွင် ဖြစ်ပွားခဲ့သည့် အကျဉ်းထောင် ဆူပူမှုများ၏ ဇာတ်လမ်းအစဟု ဆိုရမည်ဖြစ်သည်။

သရုပ်ဆောင် မိုးအောင်ရင်မှာ ၂၀၁၆ ခုနှစ် သြဂုတ်လအတွင်း မူးယစ်ဆေးဝါးများနှင့်အတူ ဖမ်းဆီးရမိခဲ့ခြင်းကြောင့် ၂၀၁၈ ခုနှစ် နိုဝင်ဘာတွင် ပုဇွန်တောင်မြို့နယ် တရားရုံးက ထောင်ဒဏ်ငါးနှစ်နှင့် ဒီဇင်ဘာလတွင် ရန်ကုန်အရှေ့ပိုင်းခရိုင် တရားရုံးက ထောင်ဒဏ် ၁၂ နှစ် ကျခံစေရန် အမိန့်ချမှတ်ခဲ့သည်။

ယင်းနောက် ၂၀၁၉ ခုနှစ် မေ ၇ ရက် တွင် နိုင်ငံတော်သမ္မတ၏ လွတ်ငြိမ်းချမ်းသာခွင့်ဖြင့် ပြန်လွတ်လာခဲ့ခြင်းဖြစ်ရာ အကျဉ်းထောင်တွင် သုံးနှစ်နီးပါးသာ နေထိုင်ခဲ့ရခြင်းဖြစ်သည်။ ထို့ကြောင့် အခြားသောအကျဉ်းသားများက ဆူပူမှုများ ပြုလုပ်ခဲ့ခြင်းဖြစ်သည်။

သမ္မတက မေ ၇ ရက်တွင် လွတ်ငြိမ်းချမ်းသာခွင့် ထုတ်ပြန်အပြီး နောက်တစ်ရက်ဖြစ်သည့် မေ ၈ ရက်တွင် စစ်ကိုင်းတိုင်းဒေသကြီး ကလေးမြို့ရှိ ကလေးအကျဉ်းထောင်မှ အကျဉ်းသားများက စတင်ဆူပူခဲ့သည်။

မေ ၈ ရက် နံနက်၉ နာရီခန့်မှ စတင်ကာ ဆူပူခဲ့ခြင်းဖြစ်ပြီး လွတ်ငြိမ်းချမ်းသာခွင့် တန်းတူရရှိရေး၊ မီဒီယာများနှင့် တွေ့ဆုံခွင့်ပေးရေး၊ လူ့အခွင့်အရေးကော်မရှင်နှင့် တွေ့ဆုံခွင့်ပေးရေး၊ အစိုးရတာဝန်ရှိသူများနှင့် တွေ့ဆုံခွင့်ပေးရေး စသည့်  အချက်လေးချက်ကို တောင်းဆိုခဲ့သည်။

ယင်းအချက်များကို သက်ဆိုင်ရာ အာဏာပိုင်များထံကို တင်ပြပေးမည်ဟု အကျဉ်းသားများနှင့် ညှိနှိုင်းခဲ့ရာ အဆင်ပြေခဲ့ပြီး ကလေးအကျဉ်းထောင်ဆူပူမှုမှာ ပြီးဆုံးသွားခဲ့သည်။ ကလေးအကျဉ်းထောင်မှ အကျဉ်းကျနေသူများ ထောက်ပြသည့်အချက်မှာ မူးယစ်ဆေးဝါးမှုဖြင့် ထောင်ဒဏ်ကျခံရသည့် သရုပ်ဆောင် မိုးအောင်ရင်မှာ ပြစ်ဒဏ်တစ်နှစ်ကျော် ကျခံပြီးချိန်တွင် သမ္မတ၏ လွတ်ငြိမ်းသက်သာခွင့်တွင် ပါဝင်လာခြင်းကို ဝေဖန်ခဲ့ခြင်းဖြစ်သည်။

ယင်းနေ့တစ်ရက်တည်းမှာပင် ဘားအံအကျဉ်းထောင်နှင့် ရွှေဘိုအကျဉ်းထောင်များတွင် ဆူပူမှုများ ဆက်တိုက်ဖြစ်ပွားခဲ့သည်။

မေ ၉ ရက်တွင်လည်း သာယာဝတီ၊ မြစ်ကြီးနား၊ ပုသိမ်စသည့် အကျဉ်းထောင်များတွင်လည်း ဆူပူမှုများ ထပ်မံဖြစ်ပွားခဲ့သည်။

အဆိုပါအကျဉ်းထောင်များတွင် ဆူပူမှုများဖြစ်ပွားရသည့် အကြောင်းရင်းမှာအကျဉ်းသားများ လွတ်ငြိမ်းချမ်းသာခွင့် တန်းတူအခွင့်အရေး ရရှိစေရေးဖြစ်သည်။

အကျဉ်းထောင် ငါးခုထက်မနည်း ဆူပူမှုဖြစ်ပွားခဲ့သည်များအနက် အပြင်းထန်ဆုံးနှင့် လူသေပျောက်မှုရှိခဲ့သည့် ဆူပူမှုမှာ စစ်ကိုင်းတိုင်းဒေသကြီး ရွှေဘိုမြို့ရှိ ရွှေဘိုအကျဉ်းထောင်ဖြစ်သည်။

မေ ၈ ရက် ညနေပိုင်းမှ စတင်ကာ ဖြစ်ပွားခဲ့သည့် ရွှေဘိုအကျဉ်းထောင်ဆူပူမှုမှာ နာရီပေါင်း ၂၀ ကျော်ကြာမြင့်ခဲ့ပြီး စစ်ကိုင်းတိုင်း ဝန်ကြီးချုပ် ဒေါက်တာမြင့်နိုင် ကိုယ်တိုင် မြေပြင်ကွင်းဆင်း၍ ဖြေရှင်းခဲ့ရသည့်ဖြစ်စဉ်တစ်ခု ဖြစ်သည်။

စစ်ကိုင်းတိုင်းအစိုးရအဖွဲ့၏ သတင်းထုတ်ပြန်မှုတွင် မေ ၈ ရက် ည ၈ နာရီကျော်တွင် ရွှေဘိုအကျဉ်းထောင်အတွင်း အကျဉ်းသူ  အကျဉ်းသားများ ဆူပူမှုကြောင့် ထောင်တာဝန်ရှိသူများက လုံခြုံရေးဆောင်ရွက်ခဲ့ရာ အိပ်ဆောင် ၂ နှင့် ၃ သို့ ရောက်ရှိစဉ် အကျဉ်းသားများက ခဲများပစ်ပေါက်ခြင်း၊ အော်ဟစ်ဆဲဆိုခြင်း၊ ပျဉ်ချောင်းများကိုင်၍ ပြန်လည်တိုက်ခိုက်ခြင်း၊ အုတ်ရိုးကျော်၍ အုတ်ခဲများဖြင့် ပစ်ပေါက်သောကြောင့် ဗဟိုကင်းနှင့် မြို့နယ်ရဲတပ်ဖွဲ့တို့မှ သေနတ်ပစ်ဖောက် လူစုခွဲခဲ့ရခြင်းဖြစ်သည်ဟု ထုတ်ပြန်ခဲ့သည်။ ယင်းဖြစ်စဉ်တွင် အကျဉ်းသားလေးဦး သေဆုံးပြီး နှစ်ဦးဒဏ်ရာရရှိခဲ့ကာ အကျဉ်းဝန်ထမ်း လေးဦး ဒဏ်ရာ ရရှိခဲ့သည်။

ထို့ပြင် ရွှေဘိုထောင်ဆူပူမှုတွင် ရဲတပ်ရင်းများသာမက တပ်မတော်ကပါ ဝင်ရောက်ထိန်းသိမ်းခဲ့ရပြီး သေနတ်အချက် ၂၀ ကျော် ပစ်ဖောက်ခဲ့ရခြင်းကြောင့် အကျဉ်းသားသေဆုံးမှုများ ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။ သေဆုံးခဲ့သည့် အကျဉ်းသားများ၏ အလောင်းများကို မေ ၉ ရက် မွန်းလွဲ ၁၂ နာရီခန့်တွင် အကျဉ်းထောင်အတွင်းမှ ထုတ်ယူခဲ့သည်။

ရွှေဘိုအကျဉ်းထောင်မှာ နိုင်ငံတော် သမ္မတဦးဝင်းမြင့်က ပထမအကြိမ်လွတ်ငြိမ်းချမ်းသာခွင့် ထုတ်ပြန်စဉ်ကပင် ဆူပူမှုများ ဖြစ်ပွားခဲ့သည့် ထောင်ဖြစ်သည်။

ပထမအကြိမ် ဆူပူမှုဖြစ်ပွားသည့် အကြောင်းမှာလည်း လွတ်ငြိမ်းသက်သာခွင့်တွင် မူးယစ်ဆေးဝါးမှုဖြင့် ပြစ်ဒဏ်ကျခံရသူအချို့တွင် တန်းတူအခွင့်အရေးမရရှိမှုကြောင့် ဆိုသည့်အကြောင်းဖြစ်သည်။

ယင်းအကြိမ်တွင် စစ်ကိုင်းတိုင်းဝန်ကြီးချုပ် ဒေါက်တာမြင့်နိုင် သွားရောက်ကာ အကျဉ်းသူ အကျဉ်းသားများနှင့် တွေ့ဆုံခဲ့ပြီး အထက်သို့ တင်ပြပေးမည်ဟု ဆိုခဲ့ခြင်းကြောင့် ငြိမ်သက်ခဲ့သည်။ တတိယအကြိမ်တွင်မူ ဆူပူမှုများ ယခင်အကြိမ်ထက် ပိုမိုဆိုးရွားသွားခဲ့ခြင်းဖြစ်သည်။

ဒုတိယအကြိမ်တွင် အကျဉ်းထောင်ဆူပူမှု သမိုင်းများ၌ မရှိခဲ့သည့် လက်ကိုင်ဖုန်းဖြင့် တိုက်ရိုက်ထုတ်လွှင့်ခဲ့သည့် ဖြစ်စဉ်မှာလည်း တစ်ခုအပါအဝင်ဖြစ်သည်။

လူမှုကွန်ရက် Facebook အကောင့်တစ်ခုမှ အကျဉ်းထောင်အတွင်း ဖြစ်ပွားနေသည့် အခြေအနေများကို ဖုန်းဖြင့် သုံးကြိမ်တိုင်တိုင် ထုတ်လွှင့်ခဲ့သည်။

ယင်းဗီဒီယိုဖိုင်များမှာ တစ်ခုလျှင် အနည်းဆုံးကြာမြင့်ချိန် ငါးမိနစ်ကျော်ကျော်ရှိခဲ့ပြီး အကျဉ်းထောင်အတွင်းရှိ အကျဉ်းသားများ၏ လှုပ်ရှားမှုများ၊ သေနတ်သံများ၊ ထောင်အတွင်း လက်ကိုင်ဖုန်းယူဆောင်ရာတွင် ပေးရသည့်ငွေကြေးများကို ပြောပြနေမှုများလည်း ပါဝင်သည်ကို တွေ့ရသည်။

အကျဉ်းထောင်အတွင်းမှ ဖုန်းဖြင့် Live လွှင့်ခဲ့သူကို အရေးယူထားပြီး အဆိုပါဖုန်းကို အကျဉ်းသားထံ ရောင်းချခဲ့သည့် ထောင်ဝန်ထမ်းအချို့ကိုလည်း စစ်ဆေးနေကြောင်း ရွှေဘိုအကျဉ်းထောင်မှ တာဝန်ရှိသူများက ပြန်လည်ဖြေရှင်းခဲ့သည်။

လက်ကိုင်ဖုန်းကို ထောင်အတွင်း ကိုင်ဆောင်သူများမှာ သုံးဦးဖြစ်ပြီး အကျဉ်းထောင်ဝန်ထမ်းတစ်ဦးထံမှ ဝယ်ယူခဲ့ခြင်းဖြစ်သည်ဟု အကျဉ်းသားက ထွက်ဆိုခဲ့သည်။ ယင်းကြောင့် အကျဉ်းသားသုံးဦးကို အကျဉ်းထောင်အက်ဥပဒေ ၄၂ ဖြင့် အမှုဖွင့်ခဲ့ပြီး ဝန်ထမ်းကို စစ်ဆေးလျက်ရှိကြောင်း ရွှေဘိုအကျဉ်းထောင် ထုတ်ပြန်ခဲ့သည်။

မေ ၉ ရက်တွင် အကျဉ်းထောင်ဆူပူမှုများနှင့် ပတ်သက်ပြီး သမ္မတရုံးက အမိန့်ကြေညာချက်တစ်ခုကို ထုတ်ပြန်ခဲ့သည်။

ယင်းကြေညာချက်၌ နိုင်ငံတော်သမ္မတ၏  ပြစ်ဒဏ်လွတ်ငြိမ်း သက်သာခွင့်ပေးရေးအတွက်  သက်ကြီးရွယ်အိုများ၊ နာတာရှည် ကျန်းမာရေးမကောင်းသူများ၊ အမျိုးသမီးများ၊ လူငယ်များ၊ မသန်စွမ်းများ စသည့်အကျဉ်းသား၊ အကျဉ်းသူများအား ရွေးချယ်ရေးမူဝါဒနှင့်အညီ  စနစ်တကျစိစစ်ပြီး လွှတ်ပေးခဲ့ကြောင်း၊ နိုင်ငံတော်သမ္မတ၏ ပြစ်ဒဏ်လွတ်ငြိမ်း သက်သာခွင့်များကို အကြောင်းပြု၍ မေ ၈ ရက်တွင် ကလေးအကျဉ်းထောင်နှင့် ဘားအံ အကျဉ်းထောင်များတွင်လည်းကောင်း၊  မေ ၉ ရက်တွင် ရွှေဘိုအကျဉ်းထောင်၊  မြစ်ကြီးနားအကျဉ်းထောင်၊  ထားဝယ်အကျဉ်းထောင်၊ သာယာဝတီအကျဉ်းထောင်နှင့် ပုသိမ်အကျဉ်းထောင်များတွင်လည်းကောင်း အကျဉ်းသားများ ဆူပူမှုများဖြစ်ပွားခဲ့ကြောင်း ရေးသားထားသည်။

အကျဉ်းထောင်ဆူပူမှုများတွင် အကျဉ်းထောင်အသီးသီးရှိ အကျဉ်းသားများ၏ တောင်းဆိုချက်များမှာ တစ်သဘောထားတည်းဖြစ်နေပြီး အချို့မှာ ထပ်တူထပ်မျှဖြစ်နေသည်ကို တွေ့ရှိရကြောင်း၊ အချို့ အကျဉ်းထောင်များတွင် ဆူပူမှုများကို အကျဉ်းသားအချို့က လက်ကိုင်ဖုန်းဖြင့် လူမှုကွန်ရက်ပေါ်တွင် Live လွှင့်တင်ခဲ့ကြောင်း စိစစ်တွေ့ရှိရကြောင်း၊ ယင်းကြောင့် ယင်းအကျဉ်းထောင်ဆူပူမှုများသည်  ချိတ်ဆက်မှုများနှင့် သွေးထိုး လှုံ့ဆော်မှုများရှိနေသည်ဟု သုံးသပ်ရရှိကြောင်း၊ ယင်းကြောင့် အကျဉ်းထောင်များတွင် ဖြစ်ပွားခဲ့သည့် ဆူပူမှုများနှင့် ပတ်သက်၍ ဖြစ်စဉ်မှန်ပေါ်ပေါက်ရေးအတွက် ထိရောက်စွာ စုံစမ်းစစ်ဆေးဆောင်ရွက်မည်ဖြစ်ကြောင်း သတင်းထုတ်ပြန်ခဲ့သည်။

ယခင်နှစ်များက ထောင်ဆူခြင်းများ မရှိခဲ့သော်လည်း ၂၀၁၉  ခုနှစ်တွင် လွတ်ငြိမ်းချမ်းသာခွင့်ပေးရာ၌ မိုးအောင်ရင်ကဲ့သို့ ပြစ်ဒဏ်ကျခံနေရပြီး အကျဉ်းထောင်အတွင်း နှစ်အနည်းသာနေရကာ ပြန်လွတ်လာခြင်းအပေါ် ကျန်ရှိနေသည့် အကျဉ်းသားများက တောင်းဆိုမှုများ ဖြစ်ပွားရာမှ ထောင်ဆူခြင်းများ စတင်ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။ ယင်းကြောင့် ၂၀၁၉ ခုနှစ် ဖြစ်စဉ်များတွင် တစ်ခုအဖြစ် မှတ်တမ်းတင်ဖော်ပြခြင်းဖြစ်ပါသည်။

 

 

Most Read

Most Recent