၂၀၁၇ ခုနှစ်ကထက် လူသေဆုံးမှု သုံးဆမြင့်တက်ခဲ့သော H1 N1 ဖြစ်စဉ်
၂၀၁၉ ခုနှစ် ဇွန် ၁၉ ရက်က H1 N1 ကြောင့် လူတစ်ဦး ရန်ကုန်ဆေးရုံကြီးတွင် သေဆုံးဟူသော သတင်းများ ပျံ့နှံ့ပြီးချိန်တွင် ရန်ကုန်တိုင်းဒေသကြီး ပြည်သူ့ကျန်းမာရေး ဦးစီးဌာနက ရန်ကုန်မြို့တွင် ရောဂါနှင့်ပတ်သက်သည့် ရှင်းလင်းပွဲတစ်ခု ပြုလုပ်ခဲ့သည်။
ရှင်းလင်းပွဲတွင် ပြောကြားချက်အရ ရန်ကုန်တွင် H1 N1 သံသယ လူနာ ၂၀ အနက် အတည်ပြု လူနာခုနစ်ဦး တွေ့ရှိထားပြီး ဇွန် ၁၉ ရက်အထိ သေဆုံးသူ သုံးဦးရှိပြီဖြစ်ကြောင်း စတင်သတင်း ထုတ်ပြန်ခဲ့သည်။
ထိုအချိန်မှစ၍ ရန်ကုန်တိုင်းဒေသကြီး အပါအဝင် တိုင်းဒေသကြီးနှင့် ပြည်နယ်အများစုတွင် ရာသီတုပ်ကွေး ရောဂါဖြစ်ပွားမှုများရှိခဲ့ပြီး လူသေဆုံးမှုဖြစ်စဉ်များ ဆက်တိုက်ရှိခဲ့သည့်အတွက် ၂၀၁၉ ခုနှစ်၏ ထင်ရှားကျော်ကြားဖြစ်ရပ်များတွင် တစ်ခုအပါအဝင် ဖြစ်ခဲ့သည်။
ဇွန် ၂၀ ရက်ညပိုင်းက ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက ရာသီတုပ်ကွေးရောဂါဖြစ်ပွားမှုနှင့် ပတ်သက်ပြီး သတင်းထုတ်ပြန်ချက် ထုတ်ပြန်ကြေညာခဲ့သည်။
ယင်းထုတ်ပြန်ချက်တွင် ဝန်ကြီးဌာနအနေဖြင့် ပြည်သူ့ကျန်းမာရေး ပြဿနာ ဖြစ်ပွားနိုင်သော ကူးစက်ရောဂါများ စောင့်ကြပ်ကြည့်ရှုခြင်း လုပ်ငန်းများကို အပြည်ပြည်ဆိုင်ရာ ကျန်းမာရေးစည်းမျဉ်းများ ၂၀၀၅ နှင့်အညီ ကမ္ဘာ့ကျန်းမာရေးအဖွဲ့၊ ဒေသတွင်းအဖွဲ့အစည်းများ၊ မိတ်ဖက်အဖွဲ့အစည်းများနှင့် ပူးပေါင်းဆောင်ရွက်လျက်ရှိရာ တုပ်ကွေးဆန်သော ရောဂါလက္ခဏာဖြစ်ပွားမှု စောင့်ကြပ်ကြည့်ရှုရေး လုပ်ငန်းများကို ၂၀၁၇ ခုနှစ်မှစ၍ ဆေးရုံကြီးရှစ်ရုံ၌ ဆောင်ရွက်ခဲ့ကြောင်း၊ ယခုနှစ်အတွင်း မြောက်ဥက္ကလာပ ဆေးရုံကြီး၊ အင်းစိန်ဆေးရုံကြီး၊ လှိုင်သာယာဆေးရုံကြီးနှင့် တိုင်းဒေသကြီးနှင့် ပြည်နယ်အဆင့် ဆေးရုံကြီးစုစုပေါင်း ၁၅ ခုတွင် ထပ်မံတိုးချဲ့ ဆောင်ရွက်မည်ဖြစ်ကြောင်း ဖော်ပြခဲ့သည်။
၂၀၁၉ ခုနှစ် ဇန်နဝါရီမှ အောက်တိုဘာ ၁၈ ရက်အထိ တုပ်ကွေးဆန်သော ရောဂါလက္ခဏာများ (Influenza-like illness- ILI) ဖြစ်ပွားသူ ၅၆၁ ဦးအနက် A (H1 N1) ဖြစ်ပွားသူ ၁၂၇ ဦး၊ A (H3 N2) ဖြစ်ပွားသူ ၂၄ ဦး၊ Influenza B ဖြစ်ပွားသူ ၅၄ ဦး ရှိကြောင်းနှင့် လတ်တလောပြင်းထန် အဆုတ်ရောင်ရောဂါ (Severe Acute Respiratory Infection- SARI) ဖြစ်ပွားသူ ၁၃၄၇ ဦးအနက် A (H1 N1) ဖြစ်ပွားသူ ၄၅၁ ဦး၊ A (H3 N2) ဖြစ်ပွားသူ ၄၂ ဦး၊ Influenza B ဖြစ်ပွားသူ ၈၁ ဦးရှိခဲ့ကြောင်း ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက တရားဝင်ထုတ်ပြန်ခဲ့သည်။
ရာသီတုပ်ကွေးရောဂါ ဖြစ်ပွားသူများတွင် နာတာရှည်ရောဂါ အခံရှိသူများ၊ အသက်အရွယ်ကြီး လွန်းသူနှင့် ငယ်လွန်းသူ ကလေးငယ်များတွင် ရောဂါပိုမိုပြင်းထန်ပြီး သေဆုံးနှုန်းမြင့်မားခဲ့သည်။ ယခုနှစ် ဇန်နဝါရီ ၁ ရက်မှ စက်တင်ဘာ ၉ ရက်အထိ ရာသီတုပ်ကွေးရောဂါ တွေ့ရှိ၍ သေဆုံးသူ ၁၁၀ အနက် အသက်အုပ်စု ၁၅ နှစ်မှ ၆၅ နှစ်အတွင်း သေဆုံးမှုအများဆုံးဖြစ်ပြီး စုစုပေါင်းသေဆုံးမှု၏ ၄၄ ရာခိုင်နှုန်း ဖြစ်ကာ နာတာရှည်ရောဂါ အခံရှိသူ (ဆီးချို၊ သွေးတိုး၊ နှလုံး၊ အသက်ရှူလမ်းကြောင်း၊ အာရုံကြော၊ မွေးရာပါ ရောဂါလက္ခဏာစု၊ ကင်ဆာရောဂါနှင့် အခြားကိုယ်ခံအား ကျဆင်းသည့်ရောဂါ) များတွင် သေဆုံးသူ ၈၈ ဦးအထိရှိကာ စုစုပေါင်းသေဆုံးမှု၏ ရာခိုင်နှုန်း ၈၀ ရှိကြောင်း သိရသည်။
အထူးသဖြင့် ရောဂါလက္ခဏာများ ဖြစ်ပွားခဲ့သော်လည်း ဆေးရုံသို့ နောက်ကျမှ ရောက်ရှိလာသူများတွင် သေဆုံးနှုန်းမြင့်မားခဲ့သည်။
တိုင်းဒေသကြီး၊ ပြည်နယ်အလိုက် ရာသီတုပ်ကွေးရောဂါဓာတ်ခွဲ အတည်ပြုဖြစ်ပွား၊ သေဆုံးသူဦးရေ စာရင်းအရ ၂၀၁၉ ခုနှစ် ဇန်နဝါရီ ၁ ရက်မှအောက်တိုဘာ ၁၈ ရက်အထိ တိုင်းဒေသကြီး၊ ပြည်နယ်အလိုက် ရာသီတုပ်ကွေးရောဂါဓာတ်ခွဲ အတည်ပြုဖြစ်ပွား၊ သေဆုံးသူဦးရေ စာရင်းအရ ၂၀၁၉ ခုနှစ် ဇန်နဝါရီ ၁ ရက်မှ အောက်တိုဘာ ၁၈ ရက်အထိ ရန်ကုန်တွင် ဓာတ်ခွဲစစ်ဆေးသူ ၇၇၂ ဦးအနက်အတည်ပြုလူနာ ၂၉၉ ဦး၊ သေဆုံး ၆၈ ဦး၊ ဧရာဝတီတွင် ဓာတ်ခွဲစစ်ဆေးသူ ၁၃၇ ဦးအနက် အတည်ပြုလူနာ ၆၃ ဦး၊ သေဆုံး ၁၄ ဦး၊ စစ်ကိုင်းတွင် ဓာတ်ခွဲစစ်ဆေးသူ ၃၆ ဦးအနက် အတည်ပြု လူနာ ၁၈ ဦး၊ သေဆုံးငါးဦး၊ မွန်တွင် ဓာတ်ခွဲစစ်ဆေးသူ ၃၂ ဦးအနက် အတည်ပြုလူနာ ၁၅ ဦး၊ သေဆုံး သုံးဦးရှိခဲ့ကြောင်း၊ ပဲခူးတွင် ဓာတ်ခွဲ စစ်ဆေးသူ ၁၃၀ အနက် အတည်ပြု လူနာ ၅၅ ဦး၊ သေဆုံးသူ ၁၁ ဦး၊ နေပြည်တော်တွင် ဓာတ်ခွဲစစ်ဆေးသူ ၂၄၇ ဦးအနက် အတည်ပြုလူနာ ၁၀၉ ဦး၊ သေဆုံးသူတစ်ဦး၊ မကွေးတွင် ဓာတ်ခွဲစစ်ဆေးသူ ၆၅ ဦးအနက် အတည်ပြုလူနာ ၃၉ ဦး၊ သေဆုံးသူ လေးဦး၊ မန္တလေးတွင် ဓာတ်ခွဲ စစ်ဆေးသူ ၇၀ အနက် အတည်ပြု လူနာ ၃၂ ဦး၊ သေဆုံးသူငါးဦး၊ ရခိုင်တွင် ဓာတ်ခွဲစစ်ဆေးသူ ၁၀၇ ဦးအနက် အတည်ပြုလူနာ ၃၃ ဦး၊ သေဆုံး နှစ်ဦး၊ ရှမ်း (မြောက်) တွင် ဓာတ်ခွဲစစ်ဆေးသူ ၂၇ ဦးအနက် အတည်ပြုလူနာ ၁၂ ဦး၊ ရှမ်း (တောင်) တွင် ဓာတ်ခွဲစစ်ဆေးသူ ၁၈ ဦးအနက် အတည်ပြုလူနာ ၁၃ ဦး၊ သေဆုံးသူ တစ်ဦး၊ ရှမ်း (အရှေ့) တွင် ဓာတ်ခွဲ စစ်ဆေးသူတစ်ဦးအနက် အတည်ပြု လူနာမရှိ၊ တနင်္သာရီတွင် ဓာတ်ခွဲစစ်ဆေးသူ ကိုးဦးအနက် အတည်ပြုလူနာ ငါးဦး၊ သေဆုံးသူ တစ်ဦး၊ ကချင်တွင် ဓာတ်ခွဲစစ်ဆေးသူ ၁၃၆ ဦးအနက် အတည်ပြုလူနာ ၄၇ ဦး သေဆုံးတစ်ဦး၊ ချင်းတွင် ဓာတ်ခွဲစစ်ဆေးသူ ကိုးဦး၊ အတည်ပြုလူနာ ခြောက်ဦးနှင့် ကရင်တွင် ဓာတ်ခွဲစစ်ဆေးသူ ၉၇ ဦးအနက် အတည်ပြုလူနာ၂၀ ရှိခဲ့သည်။
ကူးစက်ဖြစ်ပွားနှုန်း များခဲ့သော
ချီကန်ဂန်ညာ (ခေါ်) ဆင်တုပ်ကွေး
၂၀၁၉ ခုနှစ် မိုးရာသီကာလအတွင်းက လူအများတွင် ချီကန်ဂန်ညာ (ခေါ်) ဆင်တုပ်ကွေးဖြစ်ပွားမှု များပြားခဲ့ပြီး ရောဂါကူးစက်ခံရသူများတွင် အဆစ်အမြစ် နာကျင်ကိုက်ခဲခြင်းများ ရက်ရှည်ခံစားခဲ့ကြရသည်။
ချီကန်ဂန်ညာရောဂါသည် ဗိုင်းရပ်စ်ပိုးကြောင့် ဖြစ်ပွားပြီး ခြင်ကျားအကိုက်ခံရရာမှ တစ်ဆင့် ကူးစက်သော ရောဂါတစ်မျိုးဖြစ်သည်။ အာရှ၊ အာဖရိက၊ ဥရောပနှင့် အမေရိကတိုက်ရှိ နိုင်ငံပေါင်း ၆၀ ကျော်တွင် ဖြစ်ပွားလျက်ရှိသည်။ အာရှတိုက်၊ အာဖရိကတိုက်နှင့် အိန္ဒိယတိုက်ငယ်တို့တွင် ဖြစ်ပွားမှုအများဆုံးဖြစ်ပြီး ခြင်ကျားပေါက်ပွားမှု များပြားသော နေရာများတွင် ရောဂါဖြစ်ပွားရန် အခွင့်အလမ်းပိုမိုများပြားသည်ဟု ပြည်သူ့ကျန်းမာရေးဦးစီးဌာနက ထုတ်ပြန်ထားသော အချက်အလက်အရ သိရသည်။
ချီကန်ဂန်ညာ ရောဂါလက္ခဏာများသည် သွေးလွန်တုပ်ကွေး ရောဂါလက္ခဏာများနှင့် ဆင်တူသည်။ အေးဒီးစ်ခြင်များဖြစ်သော Aedesaegypti နှင့် Aedesalbopitus တို့သည် သွေးလွန်တုပ်ကွေးရောဂါနှင့် ချီကန်ဂန်ညာရောဂါ နှစ်ခုစလုံးကို ကူးစက်စေနိုင်သည်။ ချီကန်ဂန်ညာရောဂါ ကာကွယ်နှိမ်နင်းရေးသည် သွေးလွန်တုပ်ကွေးရောဂါ ကာကွယ်နှိမ်နင်းရေးလုပ်ငန်းများနှင့် အတူတူပင် ဖြစ်သည်။
လူနာအများစုမှာ ပြန်လည် ကောင်းမွန်လာသော်လည်း အချို့ လူနာများတွင် အရိုးအဆစ်များ နာကျင်ကိုက်ခဲခြင်းမှာ လမှနှစ်အထိ ကြာမြင့်နိုင်သည်ဟု သိရသည်။
ပြီးခဲ့သည့် ၂၀၀၉ ခုနှစ်တွင် မန္တလေး၊ နေပြည်တော်၊ တနင်္သာရီ၊ မွန်နှင့် ရှမ်းပြည်နယ်တို့မှ လူနာများ၏ သွေးရည်ကြည်၌ ပိုးတွေ့ရှိခဲ့သည်ဟု သိရသည်။ ၂၀၁၉ ခုနှစ် ဇန်နဝါရီမှ သြဂုတ် ၁၅ ရက်အထိ သံသယသွေးနမူနာများကို ဓာတ်ခွဲစစ်ဆေးရာ ပြည်နယ်နှင့် တိုင်းဒေသကြီး ရှစ်ခုရှိ လူနာ ၃၅ ဦးတွင် ပိုးတွေ့ရှိခဲ့သည်ဟု ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက တရားဝင်သတင်း ထုတ်ပြန်ခဲ့သည်။









