၂၀၁၉ ခုနှစ် မေလတွင် တစ်နိုင်ငံလုံးက စိတ်ဝင်စားခဲ့သည့် အမှုတစ်ခု ဖြစ်ပွားခဲ့သည်။ ယင်းအမှုမှာ ပြည်ထောင်စုနယ်မြေနေပြည်တော်ရှိ Wisdom Hill ကျောင်းမှ ဗစ်တိုးရီးယားဟု အမည်ပေးထားသည့် ကလေးငယ် လိင်အကြမ်းဖက်ခံရသည့် အမှုဖြစ်သည်။
နေပြည်တော်၊ သပြေကုန်းရှိ Wisdom Hill မူကြိုကျောင်းတွင် တက်ရောက်နေသည့် ဗစ်တိုးရီးယားလေးသည် ၂၀၁၉ ခုနှစ် မေ ၁၆ ရက်က အိမ်သို့ ပုံမှန်ပြန်ရောက်နေကျ အချိန်ထက် တစ်နာရီခန့်နောက်ကျပြီးမှသာ မူကြိုကျောင်းကြို၊ ပို့ယာဉ်ဖြင့် ပြန်လည်ရောက်ရှိခဲ့သည်။ အဆိုပါနေ့ ညနေ ၆ နာရီခန့်၌ ဗစ်တိုးရီးယားလေးက “ မီးမီး ဖင်ဖု နာတယ်” ဟု မိခင်ကိုပြောဆိုခဲ့သော်လည်း မိခင်က အလုပ်များနေသဖြင့် ချက်ချင်းမကြည့်သေးနိုင်ဘဲ ဗစ်တိုးရီးယားလေးက ထပ်မံပြောဆိုခဲ့သည့်အတွက် စစ်ဆေးကြည့်ရာမှ ဗစ်တိုးရီးယားလေး၏ မိန်းမကိုယ်အတွင်းမှ သွေးများထွက်နေသည်ကို တွေ့ရှိခဲ့ရခြင်းဖြစ်သည်။
ယင်းနောက် နေပြည်တော် ကလေးအထူးကုဆေးရုံသို့ သွားရောက်ပြသခဲ့သော်လည်း ဗစ်တိုးရီးယားလေး၏ မိန်းမကိုယ်အတွင်း ထိုးသွင်းဒဏ်ရာ တွေ့ခဲ့ရသည့်အပြင် ရဲမှုဖြစ်နေသဖြင့် ကုလေးအထူးကုဆေးရုံမှ နေပြည်တော်ခုတင် ၁၀၀၀ ဆေးရုံကြီးသို့ သွားရောက်ကုသရန် တိုက်တွန်းပြောဆိုမှုကြောင့် နေပြည်တော် ခုတင် ၁၀၀၀ ဆေးရုံကြီးတွင် ဆေးစစ်ချက်ယူခဲ့ရပြီး ကူးစက်ရောဂါများ ကြိုတင်ကာကွယ်ရန် ကလေးငယ်မှာ HIV ကာကွယ်ဆေးနှင့် အခြားဆေးများ သောက်ခဲ့ရသည်။
ဗစ်တိုးရီးယားလေး၏ မိခင်က နေပြည်တော် ဇဗ္ဗူသီရိမြို့နယ် အမှတ် (၁) ရဲစခန်းတွင် အမှုဖွင့် တိုင်ကြားခဲ့ပြီး ရဲတပ်ဖွဲ့နှင့်အတူ Wisdom Hill မူကြိုကျောင်းမှ CCTV မှတ်တမ်းကို ဗစ်တိုးရီးယား၏ဖခင်က ကြည့်ရှုခဲ့သည်။
ကြည့်ရှုခဲ့သည့် CCTV မှတ်တမ်းထဲတွင် မူကြိုကျောင်းထဲသို့ ဝင်ရောက်ခဲ့သည့် အမျိုးသားတစ်ဦးကို ဗစ်တိုးရီးယားလေး၏ဖခင် ကိုယ်တိုင်တွေ့ခဲ့ပြီးနောက် သံသယရှိသူ Wisdom Hill မူကြိုကျောင်းကြီးကြပ်ရေးမှူး ဒေါ်ဥမ္မာလှိုင်၏ယာဉ်မောင်း အောင်ကျော်မျိုး (ခ) အောင်ကြီးအား မေ ၃၀ ရက်တွင် ရဲတပ်ဖွဲ့က ဖမ်းဆီးထိန်းသိမ်းခဲ့ပြီး CID သို့ လွှဲပြောင်းပေးခဲ့သော်လည်း CID က စစ်ဆေးပေါ်ပေါက်ခြင်းမရှိဟုဆိုကာ ဖမ်းဆီးထားသည့် အောင်ကြီးကို ဇွန် ၂၄ ရက်တွင် ပြန်လွှတ်ပေးခဲ့သည်။
ယင်းသို့ ပြန်လည်လွှတ်ပေးခဲ့ပြီးနောက် ဗစ်တိုးရီးယားလေး၏ဖခင်နှင့် ဧရာဝတီသတင်းဌာနတို့၏ သီးသန့်အင်တာဗျူးတွင် ဗစ်တိုးရီးယားက ၎င်း၏ဖခင်ကိုပြောဆိုခဲ့သည့် “ ကိုကိုလုပ်တာ” ၊ “ ဆရာမနှင်းနု သိတယ်” ဟု ဖခင်၏တစ်ဆင့် ပြောဆိုချက်အပေါ်အခြေခံ၍ လူမှုကွန်ရက်သုံးစွဲသူများက ဗစ်တိုးရီးယား၏ တရားမျှတမှုအတွက် အပြင်းအထန်ဝေဖန်ခဲ့ကြပြီး Wisdom Hill မူကြိုကျောင်းဘက်မှလည်း ၎င်းတို့ကျောင်းတွင် လိင်အကြမ်းဖက်မှု မဖြစ်ပွားခဲ့ကြောင်း မူကြိုကျောင်း တက်ရောက်နေကြသည့် ကလေးမိဘများအား ခေါ်ယူကာ ဇွန် ၁ ရက်တွင် ရှင်းလင်းပွဲပြုလုပ်ခဲ့သည်။
ဗစ်တိုးရီးယား ကလေးငယ်အတွက် တရားမျှတမှုရရှိစေရန် ‘ Jutic for Victoria ’ စာသားများဖြင့် လူမှုကွန်ရက်သုံးစွဲသူများက တောင်းဆိုခဲ့သည့်အပြင် နေပြည်တော် အပါအဝင် အခြားဒေသများ၌ ဗစ်တိုးရီးယား ကလေးငယ်အတွက် အမှုမှန်ပေါ်ပေါက်ရေးနှင့် တရားမျှတမှုရရှိရေးအတွက် ဆန္ဒပြတောင်းဆိုခဲ့ကြသည်။
ဇွန် ၃၀ ရက်တွင် နိုင်ငံတော် သမ္မတရုံး ပြောရေးဆိုခွင့်ရှိသူ ဦးဇော်ဌေးက ဗစ်တိုးရီးယားအမှုကို မပေါ်ပေါ်အောင် ဖော်ထုတ်ရန် နိုင်ငံတော်အကြီးအကဲများက တာဝန်ရှိသူများထံ မှာကြားထားပြီးဖြစ်ကြောင်း လူမှုကွန်ရက်စာမျက်နှာမှ တစ်ဆင့် သတင်းထုတ်ပြန်ခဲ့သည်။
နိုင်ငံတော်သမ္မတရုံးက ထုတ်ပြန်ခဲ့ပြီး ဗစ်တိုးရီးယားလေးအတွက် အမှုမှန်ပေါ်ပေါက်လာမည့် အချိန်ကို အများပြည်သူ စောင့်ဆိုင်းနေကြပြီးနောက် ဇူလိုင် ၃ ရက်တွင် ရန်ကုန်သို့ ရောက်ရှိနေသည့် ယာဉ်မောင်း အောင်ကျော်မျိုး (ခ) အောင်ကြီးအား CID ရဲတပ်ဖွဲ့က လေယာဉ်ဖြင့် ရန်ကုန်မှ နေပြည်တော်သို့ ပြန်လည်ခေါ်ဆောင်ခဲ့ပြီး ဇူလိုင် ၄ ရက်တွင် ၎င်းအား နေပြည်တော် ဒက္ခိဏခရိုင်တရားရုံး၌ ရာဇသတ်ကြီး ဥပဒေ ပုဒ်မ ၃၇၆ ဖြင့် တရားစွဲတင်ခဲ့သည်။
ယာဉ်မောင်း အောင်ကျော်မျိုး (ခ) အောင်ကြီးအား တရားစွဲတင်ခဲ့ပြီး ဇူလိုင် ၅ ရက်တွင် နေပြည်တော်ရှိ သမ္မအိမ်တော် သတင်းစာ ရှင်းလင်းခန်းမဆောင်၌ ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲတွင် မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ ဒုရဲချုပ်အောင်နိုင်သူက အောင်ကျော်မျိုး (ခ) အောင်ကြီးကို ဖမ်းဆီးခဲ့ခြင်းသည် ခိုင်မာသည့် သက်သေအထောက်အထားများ ရှိ၍သာ တရားစွဲတင်ခဲ့ခြင်းဖြစ်ကြောင်း သတင်းမီဒီယာများအား ပြောဆိုခဲ့သည်။
သတင်းစာရှင်းလင်းပွဲတွင် ရဲတပ်ဖွဲ့၏ ဖြေကြားချက်များနှင့် ပတ်သက်၍ လူမှုကွန်ရက်သုံးစွဲသူများက လှောင်ပြောင်ခြင်းများရှိခဲ့ပြီး ဗစ်တိုးရီးယားအမှုအတွက် တရားလွှတ်တော်ရှေ့နေ ဦးခင်မောင်ဇော် ဦးဆောင်သည့်အဖွဲ့က ဇူလိုင် ၁၅ ရက်၌ ရှေ့နေပါ၀ါတင်ခဲ့သည်။
ယင်းအမှုတွင် အဓိကသက်သေဖြစ်သည့် ဆရာမနှင်းနုဆိုသူနှင့် ပတ်သက်ပြီး ထုတ်ဖော်ပြောဆိုခဲ့သူမှာ လိင်အကြမ်းဖက်ခံရသည့် ဗစ်တိုးရီးယားလေးပင်ဖြစ်သည်။
“ ကျောင်းက ကိုကိုလုပ်တာ။ တီချယ်နှင်းနု သိတယ်” ဆိုသည့် စကားမှာ အမှုတစ်ခုလုံးတွင် လူအများ စိတ်ဝင်စားခဲ့သည့်အရာ ဖြစ်သည်။
ထို့ပြင် ကျောင်း၏ CCTV မှတ်တမ်းနှင့် ယင်းမှတ်တမ်းကို ကလေးငယ်က ကြည့်ရှုပြီး မီးမီးကို လုပ်တာ ဒီကိုကိုဆိုသည့် ပြောကြားချက်များမှာလည်း အမှုတစ်ခုလုံးတွင် လူအများစိတ်ဝင်စားသည့် အချက်တစ်ချက်ဖြစ်သည်။ ဗစ်တိုး ရီးယားလေးက “ မိမိဖင်ဖုကို လုပ်တာဒီကိုကို” ဟု ပြောဆိုထားသည့် ဗွီဒီယိုဖိုင်ပါရှိသည့် ဖုန်းဟန်းဆက်ကို ဗစ်တိုးရီးယားဘက်က လိုက်ပါဆောင်ရွက်နေသည့် ခရိုင်ဥပဒေအရာရှိက သက်သေအဖြစ်တင်သွင်းခဲ့ရာ တရားရုံးက သက်သေခံ (ဂ) အဖြစ် လက်ခံခဲ့သည်။ ဗစ်တိုးရီးယား၏ ဦးလေးနှင့် အဒေါ်တို့က အောင်ကြီး၊ ဆရာမနှင်းနု၊ ကိုကို၊ ညီညီ၊ ကိုကိုညီညီ ပူးတွဲစုစုပေါင်းဓာတ်ပုံငါးပုံကို ကြမ်းပြင်တွင်ချ၍ မေးမြန်းထားသည့် ဗွီဒီယိုဖိုင်မှတ်တမ်း၌ နှင်းနုဓာတ်ပုံအား တီရှယ်နှင်းနုဖြစ်ကြောင်း၊ ကိုကိုညီညီ ဓာတ်ပုံအား ခဲတံဖြင့်ထိုး၍ သမီးကိုလုပ်တဲ့ ကိုကိုတွေဟု ပြောဆိုထားသည့် ဗွီဒီယိုဖိုင်ကို သက်သေအဖြစ် လက်ခံပေးရန် လျှောက်တင်ခဲ့သော်လည်း တရားသူကြီးက သက်သေခံ (ဂ) ဖုန်းထဲ၌ပါဝင်ပြီးဖြစ်သဖြင့် သီးခြား သက်သေခံအဖြစ်တင်သွင်းရန် မလိုကြောင်း အမိန့်ချမှတ်ခဲ့သည်။
လိင်အကြမ်းဖက် ကျူးလွန်ခံခဲ့ရသည့် ဗစ်တိုးရီးယားလေးအား Video Conferencing ဖြင့် သီးသန့် စစ်ဆေးခဲ့သည့် စက်တင်ဘာ ၁၁ ရက်တွင် ဗစ်တိုးရီးယားက ကိုကို အငယ်က ၎င်း၏ရင်ဘတ်ကိုထုပြီး ကိုကိုအကြီးက ၎င်း၏ဖင်ဖုကိုဆိတ်သည်ဟု ထွက်ဆိုခဲ့သည်။
လူအများစိတ်ဝင်စားခဲ့သည့် CCTV မှတ်တမ်းများနှင့် ပတ်သက်ပြီး Wisdom Hill မူကြိုကျောင်းမှ CCTV ထိန်းသိမ်းသူရန်နောင်ဌေးအား စစ်ဆေးခဲ့သည့် နိုဝင်ဘာ ၆ ရက် ရုံးချိန်းတွင် တရားရုံးသို့ ရောက်ရှိနေသည့် CCTV အထိုင်စက် DVR+Hard-disk ကို ကျွမ်းကျင်ပညာရှင်မျာ းကစစ်ဆေးခဲ့ရာအချင်း ဖြစ်ပွားခဲ့သည့် (မေ ၁၆ ရက်) နေ့ မှတ်တမ်းများအပါအဝင် အခြား CCTV မှတ်တမ်းများ လုံးဝ ပါဝင်လာခြင်း မရှိတော့ပေ။
အောင်ကြီး၏ရှေ့နေက CCTV ထိန်းသိမ်းသူ ရန်နောင်ဌေး အားမေးမြန်းရာ၌ ဗစ်တိုးရီးယား အမှုဖြစ်ပွားပြီးနောက် လိင်အကြမ်းဖက်မှုဖြစ်ပွားခဲ့သည့် (မေ ၁၆ ရက်) CCTV မှတ်တမ်းကို CCTV အထိုင်စက် DVR+Hard-disk ထဲမှ Memory Stick ဖြင့် Download ဖြင့် ကူးယူခဲ့ပြီး သက်ဆိုင်ရာရဲစခန်းသို့ အပ်နှံခဲ့ကြောင်း၊ တစ်လခန့် အကြာတွင် Wisdom Hill မူကြိုကျောင်းရှိ CCTV အထိုင်စက် DVR+Hard-disk အား CID မှ လာရောက် ဖြုတ်ယူခဲ့သည့်အတွက် ၎င်းမှဖြုတ်ပေးခဲ့သော်လည်း CID မှ ပြန်လည်အပ်နှံရာ၌ ၎င်းအား အပ်နှံခြင်း မဟုတ်ဘဲ ကျောင်းပိုင်ရှင် ဦးပညာထံအပ်နှံခဲ့ကြောင်း တရားရုံး၌ ထွက်ဆိုခဲ့သည်။
ထို့ပြင် အမှုတွင် ဗစ်တိုးရီးယား ကလေးငယ်၏ မိန်းမကိုယ်မှထွက်သည့် အရည်စစ်ဆေးချက် ဓာတ်ခွဲခန်းမှန်ပြားအား CID မှတောင်းယူခဲ့သည့်အတွက် ဆေးရုံးအုပ်ကြီးနှင့် အခြားဆရာဝန်များနှင့် အစည်းအဝေးပြုလုပ်၍ CID မှ ဒုတိယရဲမှူးကြီး လှဟန်ပါဝင်သည့်အဖွဲ့အား ဇွန် ၈ ရက်၌ လွှဲပြောင်းပေးခဲ့ကြောင်း နေပြည်တော် ခုတင် ၁၀၀၀ ဆေးရုံကြီးမှ မှုခင်းဆရာဝန်ကြီးဒေါက်တာ တင်မိုးမိုးခိုင်က တရားရုံးတွင် ထွက်ဆိုခဲ့သည်။
အမှုတွင် အရေးကြီးသည့် သက်သေခံချက်တစ်ခုဖြစ်သည့် ပျောက်ဆုံးနေသည့် CCTV မှတ်တမ်းများအား ပြန်လည်ဖော်ထုတ်ရန် မြန်မာနိုင်ငံကွန်ပျူတာ ပညာရှင်များအသင်းဥက္ကဋ္ဌ ဦးမင်းဇေယျာလှိုင်၊ ရဲမှူးငြိမ်းချမ်းအောင်၊ ဦးပြည့်စုံဖြိုးနှင့် ကိုမိုးတို့က တရားရုံးခွင့်ပြုချက်ဖြင့် ပြန်လည်ဖော်ထုတ်ခဲ့ကြသည်။
တရားလိုပြသက်သေများဖြစ်သည့် Wisdom Hill မူကြိုကျောင်းမှ ကျောင်းကြီးကြပ်ရေးမှူး ဒေါ်ဥမ္မာလှိုင် အပါအဝင် မူကြိုကျောင်းဆရာမများအား စစ်ဆေးထားချက်များအရ လက်ရှိဖမ်းဆီးခံထားရသည့် အောင်ကျော်မျိုး (ခ) အောင်ကြီးမှာ မူကြိုကျောင်း၌ လိင်အကြမ်းဖက်မှု လုံးဝ ကျူးလွန်ခဲ့ခြင်းမရှိကြောင်း တရားရုံး၌ ထွက်ဆိုခဲ့သည်။
တရားခွင်အတွင်း သက်သေခံချက်များ၊ ခိုင်လုံသည့် အထောက်အထား မပြနိုင်မှုကြောင့် ဒီဇင်ဘာ ၁၈ ရက်တွင် ဒက္ခိဏခရိုင်တရားရုံးကအမှုတွင် ဖမ်းဆီးခံထားရသူ ယာဉ်မောင်း အောင်ကြီးအား တရားရှင် ပြန်လွှတ်ပေးခဲ့သည်။
အောင်ကြီးအား ပြန်လွှတ်ပေးပြီးနောက် တစ်ရက်တွင် ရဲတပ်ဖွဲ့က သတင်းစာရှင်းလင်းပွဲကို ချက်ချင်း ပြုလုပ်ခဲ့သည်။ ယင်းသတင်းစာ ရှင်းလင်းပွဲတွင် အမှုနှင့်ပတ်သက်ပြီး ကာလကြာရှည်စွာ လူအများက ထိန်းသိမ်းထားခဲ့သည့် ဗစ်တိုးရီးယားလေး၏ အမည်ရင်း၊ နေရပ်လိပ်စာ၊ အဘအမည်၊ အလုပ်အကိုင် စသည့်အချက်များကို ဖွင့်ချခဲ့သည်။
ယင်းသို့ ပြုလုပ်ခြင်းမှာ ထိခိုက်နစ်နာခဲ့သည့် ကလေးငယ်ကိုရဲတပ်ဖွဲ့က ဖွင့်ထုတ်ခြင်းကြောင့် လူသားချင်း စာနာထောက်ထားရမည့် ကျင့်ဝတ်၊ ကျူးလွန်ခံရသူ၏ အရှက်နှင့် သိက္ခာတရားကို ကာကွယ်ပေးခြင်း မရှိမှုများအပေါ် ရဲတပ်ဖွဲ့အား ပြည်သူများက ပြင်းပြင်းထန်ထန် ဝေဖန်ခဲ့ကြသည်။
အဆိုပါ အမှုတွင် ချန်လှပ်မရနိုင်သည့် အကြောင်းအရာများမှာလည်း အမှုဖြစ်ပွားနေစဉ်ကာလအတွင်း ဆက်တိုက်ဖြစ်ပွားခဲ့သည်။ ယင်းဖြစ်စဉ်များမှာ Wisdom Hill မူကြိုကျောင်း ကြီးကြပ်ရေးမှူး ဒေါ်ဥမ္မာလှိုင်မှ ဗစ်တိုးရီးယား၏ဖခင်အား စစ်ဆေးခဲ့သည့်ရုံးချိန်းအပြီးတွင် BBC သတင်းဌာနနှင့် ဒေါ်စုဒါလီအောင် သီးသန့်အင်တာဗျူး၌ အောင်ကြီးဘက်မှ ရှေ့နေ ဒေါ်စုဒါလီအောင်၏ ဖြေကြားချက်များသည် ၎င်းသားများ၏ စိတ်ပိုင်းဆိုင်ရာကိုများစွာ ထိခိုက်နစ်နာစေသည့် အတွက် ဒေါ်ဥမ္မာလှိုင်က ကလေးသူငယ်အခွင့်အရေးဆိုင်ရာ ဥပဒေ ပုဒ်မ ၁၀၁ (က) (၂) ဖြင့် တရားလို ပြုလုပ်ကာ ဒေါ်စုဒါလီအောင်အား ပုဗ္ဗသီရိမြို့နယ်တရားရုံးတွင် စက်တင်ဘာ ၂၅ ရက်တွင် တရားစွဲဆိုခဲ့ရာလက်ရှိတွင်အဆိုပါအမှုအား စစ်ဆေးလျက်ရှိသည်။
ထို့ပြင် ဒေါ်ဥမ္မာလှိုင်မှ ဗစ်တိုးရီးယား၏ဖခင်ဖြစ်သူ၊ ဗစ်တိုးရီးယား၏ ဦးလေးဖြစ်သူနှင့် အဒေါ်ဖြစ်သူ၊ အောင်ကြီး၏ရှေ့နေ ဦးခင်မောင်ဇော်၊ တရားလိုဘက်မှလိုက်ပါ ဆောင်ရွက်နေသည့် ဒေါ်ရွက်နုအောင်နှင့် ဒေါက်တာဝင်းကိုကိုသိန်း (သက္ကမိုးညိုအကောင့်ပိုင်ရှင်) တို့အား ကလေးသူငယ် အခွင့်အရေးများဆိုင်ရာ ဥပဒေပုဒ်မ ၁၀၁ (က) (၂) ဖြင့် စက်တင်ဘာ ၂၆ ရက်တွင် ထပ်မံအမှုဖွင့်ခဲ့သည်။
၂၀၁၉ ခုနှစ်တွင် ဖြစ်ပွားခဲ့ပြီး တစ်နိုင်ငံလုံးစိတ်ဝင်စားခဲ့သည့် နေပြည်တော် ဗစ်တိုးရီးယားအမှုမှာ ဒီဇင်ဘာ ၁၈ ရက်တွင် စွပ်စွဲခံရသူ အောင်ကြီး လွတ်မြောက်လာမှုနှင့်အတူ တစ်ခန်းရပ်သွားခဲ့ပြီဖြစ်သည်။ သို့သော် အမှုတွင် အဓိက ကျူးလွန်သူမှာ လွတ်မြောက်နေဆဲ ဖြစ်သည်။ ဗစ်တိုးရီးယားအမှုမှာ တစ်နိုင်ငံလုံးက စိတ်ဝင်စားခဲ့ပြီး တရားမျှတမှုရရှိရန် ဆန္ဒပြတောင်းဆိုမှုများ ရှိခဲ့သော်လည်းတရားခံ မပေါ်သေးပေ။ ယင်းကြောင့် ၂၀၁၉ ခုနှစ်ဖြစ်စဉ်များတွင် ထူးခြားသည့် အမှုတစ်ခုအဖြစ် ဖော်ပြလိုက်ရခြင်း ဖြစ်ပါသည်။









