လေယာဉ်ရှေ့ဘီး ချမရသည့်အခြေအနေဖြင့် အန္တရာယ်ကင်းစွာ အရေးပေါ်ဆင်းသက်ခဲ့ရခြင်းကြောင့် ချီးကျူးခံခဲ့ရသော MNA မှ ကပ္ပတိန်နှင့် လေယာဉ်အမှုထမ်းများ

လေယာဉ်ရှေ့ဘီး ချမရသည့်အခြေအနေဖြင့် အန္တရာယ်ကင်းစွာ အရေးပေါ်ဆင်းသက်ခဲ့ရခြင်းကြောင့် ချီးကျူးခံခဲ့ရသော MNA မှ ကပ္ပတိန်နှင့် လေယာဉ်အမှုထမ်းများ
မန္တလေးတံတားဦးလေဆိပ်တွင် လေယာဉ်၏ (Nose Landing Gear) မကျသဖြင့် ဦးစိုက်အနေအထားဖြင့် အရေးပေါ်ဆင်းသက်ခဲ့ရသည့် Embraer 190 လေယာဉ်ကို တွေ့ရစဉ်  (ဓာတ်ပုံ- Capt မြတ်မိုးအောင်)
မန္တလေးတံတားဦးလေဆိပ်တွင် လေယာဉ်၏ (Nose Landing Gear) မကျသဖြင့် ဦးစိုက်အနေအထားဖြင့် အရေးပေါ်ဆင်းသက်ခဲ့ရသည့် Embraer 190 လေယာဉ်ကို တွေ့ရစဉ်  (ဓာတ်ပုံ- Capt မြတ်မိုးအောင်)
Published 30 December 2019
ရွှန်းလဲ့ဝင်း

၂၀၁၉ မေ ၁၂ ရက်က ရန်ကုန်မြို့မှ မန္တလေးသို့ ပျံသန်​းလာသည့် မြန်မာအမျိုးသား လေကြောင်းလိုင်းမှ Embraer 190 လေယာဉ်သည် မန္တလေးမြို့တံတားဦးလေဆိပ်သို့ ဆင်းသက်စဉ် လေယာဉ်ဘီးချရာ လေယာဉ်၏ ရှေ့ဘီး (Nose Landing Gear) မကျသဖြင့် ဦးစိုက်အနေအထားဖြင့် အရေးပေါ် ဆင်းသက်ခဲ့ရသည်။ ထိုသို့ အရေးပေါ် အခြေအနေကြုံတွေ့ရစဉ်  လေယာဉ်ပေါ် လိုက်ပါလာသည့်ခရီးသည် ၈၂ ဦး၊ လေယာဉ်အမှုထမ်း ခုနစ်ဦး၏ အသက်ကို ကယ်တင်ရန် မှန်ကန်သည့်ဆုံးဖြတ်ချက် အမြန်ဆုံးချမှတ် လုပ်ဆောင်ခဲ့သည့် မြန်မာအမျိုးသား လေကြောင်းလိုင်းမှ လေယာဉ်မှူးကြီး Capt မြတ်မိုးအောင်နှင့် လေယာဉ်အမှုထမ်းများ၏ ဆောင်ရွက်မှုကို ပြည်သူများက အထူးချီးကျူး ဂုဏ်ပြုခဲ့ကြခြင်းကို ၂၀၁၉ ခုနှစ်၏ ထင်ရှားသည့် ဖြစ်စဉ်တစ်ခုအနေဖြင့် ထည့်သွင်းဖော်ပြအပ်ပါသည်။

မြန်မာအမျိုးသားလေကြောင်း လိုင်း၏ခရီးစဉ်အမှတ် UB 103 ရန်ကုန်- မန္တလေး- ရန်ကုန်ခရီးစဉ်ကို လေယာဉ်အမှတ် XY- AGQ,Embraer 190 လေယာဉ်ဖြင့် လေယာဉ်အမှုထမ်း ခုနစ်ဦး၊ ခရီးသည် ၈၂ ဦး တင်ဆောင်ပျံသန်းလာစဉ် မန္တလေးလေဆိပ်သို့ ဆင်းသက်ချိန် နံနက် ၈ နာ ရီ ၁၇ မိနစ်တွင် လေယာဉ်ဘီးချရာ လေယာဉ်၏ ရှေ့ဘီး (Nose Landing Gear) မကျသဖြင့် လေယာဉ်မှူးကြီးက Emergency Procedure အရ ဆောင်ရွက်ရာတွင်လည်း (Nose Landing Gear) မကျခဲ့ကြောင်း သိရသည်။                   

ထို့ကြောင့် လေယာဉ်မှူးကြီးက လေကြောင်းထိန်းမျှော်စင်သို့ Nose Landing Gear ကျ-မကျ ကြည့်ပေးပါရန် နှစ်ကြိမ် ဝဲပတ်ပျံသန်းပြခဲ့ကြောင်း သိရသည်။ ယင်းသို့ ဝဲပတ် ပျံသန်းပြသရာတွင်လည်း (Nose Landing Gear) မကျခဲ့ကြောင်း သေချာသဖြင့် လေယာဉ်ဆီကုန်စေရန် ဝဲပတ်ပျံသန်းပြီးနောက် နံနက် ၉ နာရီ  ၉ မိနစ်တွင် Runway 17 အတိုင်း အရေးပေါ်ဆင်းသက်ခဲ့ရာ ပြေးလမ်း ပေ ၄၅၀၀ တွင် လေယာဉ် ဦးစိုက်အနေအထားဖြင့် ရပ်တန့်ပြီးနောက် လေယာဉ် အမှုထမ်းများက ခရီးသည်များအား Emergency Evacuations Peocedures အတိုင်း သတ်မှတ်ချိန်အတွင်း ပြီးစီးအောင် ဆောင်ရွက်နိုင်ခဲ့ပြီး ခရီးသည်များနှင့် လေယာဉ် အမှုထမ်းအားလုံး တစ်စုံတစ်ရာ ထိခိုက်ခဲ့ခြင်းမရှိကြောင်း သိရသည်။

အဆိုပါအရေးပေါ်အခြေအနေတွင် အမှန်ကန်ဆုံး ဆုံးဖြတ်ချက်ကို ချမှတ်လုပ်ဆောင်ခဲ့ခြင်းနှင့် ပတ်သက်၍ လေယာဉ်မှူးကြီးက “ Safety Landing  ဖြစ်မယ်လို့ ကျွန်တော်ယုံကြည်ပါတယ်။ ဘာလို့ဆို အဓိကတော့ Training ပေါ့။ ဒီလိုမျိုး Exercises တွေကို ကျွန်တော်တို့ Training မှာ ကြိမ်ဖန်များစွာ လေ့ကျင့်ခဲ့ပြီးသား ဖြစ်ပါတယ်။ ဒီလို အလားတူသဏ္ဌာန်တူပေါ့။ ဒီလို ဖြစ်ရပ်တွေကို လေ့ကျင့်လုပ်ဆောင်ခဲ့ပြီးသားပါ။ ဥပမာ ဆင်းတဲ့အချိန်မှာ လေယာဉ်ရှေ့ဘီးကျိုးတယ်။ Main Landing gear ကျိုးသွားတယ်။ အဲဒီအချိန်မှာ ဘယ်လို Evacuations Procedures လုပ်မလဲ။ စက်တွေ ပိတ်မလဲ။ ဒါတွေက ကျွန်တော်တို့ လေ့ကျင့် လုပ်ဆောင်ခဲ့ပြီးသား ဖြစ်တဲ့အတွက် ကျွန်တော့်မှာ Self Confident အပြည့်ရှိပြီး လုပ်ဆောင်ခဲ့တာ ဖြစ်ပါတယ်” ဟု ပြောကြားသည်။

“ ပုံမှန် ညီမတို့ကို လေ့ကျင့်ပေးတာက အရေးပေါ် ဆင်းသက်ဖို့အတွက် အချိန်က ၁၀ မိနစ်။ အဲဒီ ၁၀ မိနစ်အတွင်းက ညီမတို့က အားလုံးကို အဆင်သင့်ဖြစ်အောင် လုပ်ရတယ်။ ဒါပေမဲ့ အဲဒီတုန်းက ညီမတို့ အရေးပေါ်ဆင်းသက်ဖို့ရတဲ့ အချိန်က လေးမိနစ်ပဲ ရှိတယ်။ အဲဒီ လေးမိနစ်အတွင်းမှာ လေယာဉ် တစ်စင်းလုံးအတွက် အဆင်သင့်ဖြစ်အောင် ပြင်ဆင်ရတာ ညီမတို့အတွက်အချိန် အရမ်းနည်းတယ်။ ညီမတို့ တကယ် အဓိကအရေးကြီးတဲ့ အချက်တွေကို ခရီးသည်တွေကို သရုပ်ပြတာ၊ အသိပေး ကြေညာတာမျိုးတွေ လုပ်ပါတယ်။ ခရီးသည်အကုန်လုံးက ညီမတို့ပြောသလို လုပ်ဆောင်ခဲ့တာလည်း အဓိက အားသာချက်တွေပါပဲ။ စိတ်အေးအေးထားပြီး  ညီမတို့ ညွှန်ကြားချက်တွေကို လိုက်နာဖို့ ပြောတာကို အားလုံးက လိုက်နာကြပြီး ပါဝင်ကူညီခဲ့ကြလို့ Successful Evacuations လုပ်ဆောင်နိုင်ခဲ့တာ ဖြစ်ပါတယ်” ဟု မချယ်ရီမြင့် (အကြီးတန်းလေယာဉ်မယ်) က ပြောကြားသည်။

 

Most Read

Most Recent