သမိုင်းဝင် တွန့်ဆုတ်နေမှု

သမိုင်းဝင် တွန့်ဆုတ်နေမှု
Published 28 December 2019

အဂတိလိုက်စားမှုစွဲချက်ဖြင့် ရင်ဆိုင်နေရပြီး ဒုက္ခပတ်လည်ဝိုင်းနေသော အစ္စရေးဝန်ကြီးချုပ် ဘင်ဂျမင်နေတန်ယာဟုသည် မတ်လအထွေထွေရွေးကောက်ပွဲ၌ သူ၏ လက်ယာယိမ်း Likud ပါတီကို ဦးဆောင်နိုင်ရန် သေချာသွားစေမည့် ပါတီခေါင်းဆောင်ရွေးပွဲတွင် အနိုင်ရရှိခဲ့ပြီးနောက် ဒီဇင်ဘာ ၂၆ ရက်၌ ကြီးမားသော အောင်ပွဲရရှိကြောင်း ကြေညာခဲ့သည်။

အဂတိလိုက်စားမှု စွဲချက်တစ်ရပ်နှင့် ၁၂ လအတွင်း တတိယမြောက် အထွေထွေ ရွေးကောက်ပွဲတစ်ရပ်ကို ရင်ဆိုင်နေရသည့် အစ္စရေးနိုင်ငံ၏ သက်တမ်းအရှည်ဆုံး ဝန်ကြီးချုပ်သည် ပြိုင်ဘက် ဂီဒီယွန်ဆားကို အနိုင်ရရှိလိမ့်မည်ဟု ခန့်မှန်းခဲ့ကြသော်လည်း ခိုင်မာသည့် မဲကွာခြားချက်ဖြင့် အပြတ်အသတ် အနိုင်ရရှိခဲ့မှုက နှစ်ပေါင်း ၂၀ တိုင် သူလွှမ်းမိုးထားခဲ့သည့် သူ၏ပါတီ၌ သူ၏အနေအထားကို ပိုမိုအားကောင်းသွားစေခဲ့သည်။

မဲအားလုံး ရေတွက်ပြီးချိန်တွင် နေတန်ယာဟုသည် ၇၂ ဒသမ ၅ ရာခိုင်နှုန်း ရရှိပြီး ဆားက ၂၇ ဒသမ ၅ ရာခိုင်နှုန်း ရရှိကြောင်း Likud ပါတီက ကြေညာသွားခဲ့သည်။

“ကြီးမားတဲ့ အောင်ပွဲပါပဲ။ သူတို့ရဲ့ ယုံကြည်မှု၊ ထောက်ခံမှုနဲ့ မေတ္တာတရားတွေအတွက် Likud ပါတီဝင်တွေကို ကျေးဇူးတင်ပါတယ်”ဟု နေတန်ယာဟုက Twitter တွင် ရေးသားခဲ့သည်။ “ဘုရားသခင်နဲ့ သင်တို့ရဲ့ အကူအညီတွေနဲ့အတူ ကျွန်တော် Likud ပါတီကို လာမယ့်ရွေးကောက်ပွဲမှာ ကြီးမားတဲ့ အောင်မြင်မှုရအောင် ဦးဆောင်သွား မှာဖြစ်ပြီး အစ္စရေးနိုင်ငံကိုလည်း ကြိုတင်မမျှော်မှန်းနိုင်တဲ့ အောင်မြင်မှုတွေ ရအောင် ကျွန်တော်တို့ ဆက်ပြီး ဦးဆောင်သွားကြမှာပါ”ဟုလည်း နေတန်ယာဟုက ပြောကြားခဲ့သည်။

မီဒီယာအများစုမှ မှတ်ချက်ချသူများက နေတန်ယာဟု အနိုင်ရရှိလိမ့်မည်ဟု ခန့် မှန်းခဲ့ကြသော်လည်း အနိုင်ရရှိမှုအတိုင်းအတာ (မဲအရေအတွက် ကွာခြားမှု) က ကြီးမား လွန်းသဖြင့် အ့ံသြတုန်လှုပ်ဖွယ်ဖြစ်ခဲ့ရသည်။ “နေတန်ယာဟု၊ အကြီးမားဆုံးခေတ်” ဟု အရောင်းရဆုံး နေ့စဉ်သတင်းစာတစ်စောင်ဖြစ်သည့် Yediot Aharonot က ခေါင်းစီး တပ်ခဲ့သည်။ နိုင်ငံပိုင် ရေဒီယိုဌာနက ယင်းကို နေတန်ယာဟုအတွက် “ သောင်ပြိုကမ်းပြို” အနိုင်ရရှိမှုဟု ဖော်ပြခဲ့သည်။

သို့သော် သတင်းစာများ အလွန်တွင်ကျယ်ဆဲဖြစ်ပြီး နိုင်ငံရေးအရ လက်ယာယိမ်းနှင့် လက်ဝဲယိမ်း သတင်းစာများ အပြိုင်ရေပန်းစားသည့် အစ္စရေးနိုင်ငံတွင် အဂတိလိုက်စားမှုအတွက် သတင်းကြီးလှသော လက်ရှိအာဏာရ လက်ယာယိမ်းခေါင်းဆောင်၏ ယခု အနိုင်ရရှိမှုအပေါ် လက်ဝဲယိမ်း Haaretz သတင်းစာ၏ ဖော်ပြချက်များက စိတ်ဝင်စား ဖွယ်ကောင်းလှသည်။

Haaretz သတင်းစာက ဆားနှင့် နေတန်ယာဟုတို့ ယှဉ်ပြိုင်မှုအား ဆားကို ထောက်ခံသူများ၏ “ကျိုးကြောင်းဆီလျော်သော လက်တွေ့ အကျိုးဖြစ်ထွန်းစေမှု”နှင့် နေတန်ယာဟုကို ထောက်ခံသူများ၏ “လူမျိုးနွယ်စုတစ်ရပ်အပေါ် သစ္စာရှိမှု”တို့အကြားမှ တိုက်ပွဲ တစ်ရပ်ဟု ဖော်ပြခဲ့သည်။ လက်ရှိခေါင်းဆောင်တစ်ဦးကို ဖယ်ရှားရန် Likud ပါတီဝင်များ၏ သမိုင်းဝင်တွန့်ဆုတ်နေမှုဟု ယင်းသတင်းစာက ဖော်ပြခဲ့ပုံမှာလည်း သတိပြုဖွယ်ဖြစ်သည်။

Haaretz သတင်းစာက “၁၉၄၈ ခုနှစ်မှစ၍ Labour ပါတီသည် ၎င်းတို့၏ ခေါင်းဆောင်နေရာကို ၁၇ ကြိမ်တိုင်တိုင် အစားထိုးခဲ့သည်”ဟု ဖော်ပြခဲ့ပြီး “ Likud ပါတီသည် အစ္စရေးနိုင်ငံ တည်စကတည်းမှ စ၍ ခေါင်းဆောင်လေးဦးသာ ရှိခဲ့ပြီး ၁၉၉၅ ခုနှစ် နောက်ပိုင်း နှစ်ဦးသာ ရှိသေးကြောင်း” ဖော်ပြခဲ့သည်။ “နေတန်ယာဟုဟာ ဒီပါတီကို လွန်ခဲ့တဲ့ ၁၄ နှစ်ကတည်းက ဆက်တိုက်ဦးဆောင်လာတာပါ။ ဆယ်စုနှစ်ခု တိုင်သွား ပါတော့မယ်။ ငယ်ရွယ်တဲ့ Likud ပါတီဝင်တွေဟာ သူတို့ခေတ်မှာ သူတို့ပါတီကိုတောင် နေတန်ယာဟု မပါဘဲနဲ့ ဘယ်တော့မှ မသိခဲ့ကြပါဘူး”ဟု Haaretz သတင်းစာက ဖော်ပြခဲ့သည်။ နေတန်ယာဟုသည် အသက် ၇၀ နှစ် ရှိပြီဖြစ်ပြီး အဂတိလိုက်စားမှုအတွက် သတင်းများလည်း ထွက်ပေါ်လျက်ရှိရာ လက်မပေသေးသည့် ပိုမိုငယ်ရွယ်သော ခေါင်းဆောင်သစ်ကို Haaretz သတင်းစာက မျှော်လင့်နေပုံရသည်။

မည်သို့ပင်ဆိုစေ၊ အစ္စရေး လက်ရှိအာဏာရပါတီ၏ ခေါင်းဆောင်ရွေးပွဲမှာ မြန်မာနိုင်ငံသားများအတွက် သင်ခန်းစာယူဖွယ်ရာများ ရှိပါကြောင်း The Daily Eleven သတင်းစာက ရေးသားအပ်ပါသည်။

(ဒီဇင်ဘာ ၂၈ ရက်ထုတ် The Daily Eleven  သတင်းစာ၏ အယ်ဒီတာ့ အာဘော်)

 

Most Read

Most Recent