ကင်ဆာလူနာများကို စောင့်ရှောက်မှုပေးနေသည့် Hospice အဖွဲ့များ ကင်ဆာရောဂါဝေဒနာသည်များ နာကျင်မှုသက်သာ လျော့ပါးစေမည့် ဆေးဝါးများနှင့် လိုအပ်သည့် ဆေးပစ္စည်းကိရိယာများအား လွယ်ကူစွာဝယ်ယူနိုင်ရန် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ စီစဉ်ပေးမည်ဖြစ်ကြောင်း သိရသည်။
“၂၀၁၄ ခုနှစ် ကမ္ဘာ့ကျန်းမာရေးညီလာခံရဲ့ သဘောတူဆုံးဖြတ်ချက် WHA 67.19 တွင် နာကျင်မှုဝေဒနာ သက်သာလျော့ပါးစေဖို့ ကုသစောင့်ရှောက်မှုတွေကို ဘက်စုံကျန်းမာရေး စောင့်ရှောက်မှုလုပ်ငန်းတွေမှာ အားဖြည့်ထည့်သွင်းသွားဖို့ တိုက်တွန်းထားပါတယ်။ ဒါကြောင့် ဝန်ကြီးဌာနအနေနဲ့လည်း ကင်ဆာရောဂါဝေဒနာသည်တွေလို ဝေဒနာရှင်တွေအတွက် နာကျင်မှုဝေဒနာ သက်သာလျော့ပါးစေဖို့ ကုသစောင့်ရှောက်မှု Palliative care ပေးတဲ့စင်တာတွေ သီးသန့်ဖွင့်လှစ်နိုင်ဖို့ စီစဉ်ဆောင်ရွက်နေပါတယ်” ဟု ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေးက ပြောကြားသည်။
မြန်မာနိုင်ငံအပါအဝင် ကမ္ဘာတစ်ဝန်းတွင် ကင်ဆာရောဂါဖြစ်ပွားနှုန်းများ ပိုမိုများပြားလာပြီး အမျိုးသားငါးဦးတွင် တစ်ဦးနှင့် အမျိုးသမီးခြောက်ဦးတွင် တစ်ဦးမှာ ၎င်းတို့ သက်တမ်းတစ်နေရာတွင် ကင်ဆာရောဂါ ဖြစ်ပွားနိုင်သည်ဟု International Agency က ခန့်မှန်းထားကြောင်း ဖော်ပြထားသည်။
အသက်အရွယ်ကြီးရင့်သူဦးရေ များပြားလာခြင်း၊ ကင်ဆာရောဂါဖြစ်စေတတ်သော ပစ္စည်းများ ပိုမိုများပြားလာခြင်း၊ နေထိုင်စားသောက်မှုအလေ့အထများ ပြောင်းလဲလာခြင်း၊ ဆေးလိပ်နှင့် ဆေးရွက်ကြီး သုံးစွဲမှုများ ပြားလာခြင်းနှင့် စက်မှုလုပ်ငန်းများမှ ထွက်ရှိသော ကင်ဆာရောဂါဖြစ်စေတတ်သည့် ပစ္စည်းများ ပတ်ဝန်းကျင်တွင် များပြားခြင်း စသည့်အချက်များကြောင့် မြန်မာနိုင်ငံတွင် ကင်ဆာရောဂါဖြစ်ပွားမှုများ မြင့်တက်လာကြောင်း မြန်မာနိုင်ငံ ကင်ဆာရောဂါဆိုင်ရာ ဓာတ်ရောင်ခြည်ဆေးပညာရှင်များအဖွဲ့၏ ပထမအကြိမ် အမျိုးသားအဆင့် နှီးနှောဖလှယ်ပွဲမှ ရရှိသည့်အချက်အလက်အရ သိရသည်။
ဆယ်စုနှစ်များအတွင်း မြန်မာနိုင်ငံတွင် ကင်ဆာရောဂါဖြစ်ပွားနှုန်း လျင်မြန်စွာတိုး ပွားလာခဲ့ပြီး ၂၀၁၆ ခုနှစ်တွင် သေဆုံးမှုစုစုပေါင်း၏ ၄ ဒသမ ၉ ရာခိုင်နှုန်းနှင့်ရောဂါဖြစ်ပွားမှုအားလုံး၏ ၂ ဒသမ ၉ ရာခိုင်နှုန်းသည် ကင်ဆာရောဂါနှင့် ဆက်နွှယ်မှုရှိနေကြောင်း သိရသည်။
ကျန်းမာရေးနှင့်အားကစားဝန်ကြီး ဌာနအနေဖြင့် လာမည့် ၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ်တွင် ကင်ဆာရောဂါများ အပါအဝင် မကူးစက်တတ်သောရောဂါများ ကာကွယ်နှိမ်နှင်းရေးလုပ်ငန်းအပါအဝင် လုပ်ငန်းကြီး ငါးရပ်ကို ဦးစားပေးဆောင်ရွက်မည်ဖြစ်ကြောင်း ဒေါက်တာမြင့်ထွေး၏ ပြောကြားချက်အရ သိရသည်။
မြန်မာအပါအဝင် ကမ္ဘာ့နိုင်ငံများတွင် မကူးစက်နိုင်သောရောဂါများကြောင့် နှစ်စဉ်လူဦးရေ ၄၁ သန်းခန့် သေဆုံးနေပြီး ၎င်းတို့အနက် အသက် ၃၀ မှ ၆၉ နှစ်ကြား လူဦးရေ ၁၅ သန်းခန့် ပါဝင်နေကြောင်း၊ မကူးစက်နိုင်သော ရောဂါများကြောင့် နှစ်စဉ်လူဦးရေ ၄၁ သန်း သေဆုံးလျက်ရှိပြီး တစ်ကမ္ဘာလုံး သေဆုံးမှု၏ ၇၁ ရာခိုင်နှုန်းခန့်ရှိကြောင်း၊ ယင်းတို့အနက်အသက် ၃၀ မှ ၆၉ နှစ်ကြား လူဦးရေ ၁၅ သန်း နှစ်စဉ်သေဆုံးလျက်ရှိပြီး ထိုသို့အရွယ် မတိုင်မီသေဆုံးမှုများ၏ ၈၅ ရာခိုင်နှုန်းသည် ဝင်ငွေနည်းပါးသည့် ဖွံ့ဖြိုးဆဲနိုင်ငံများမှဖြစ်ကြောင်းနှင့် အဓိကသေဆုံးရသည့် အကြောင်းရင်းများမှာ နှလုံးနှင့်သွေးကြောရောဂါများ၊ ကင်ဆာ၊ နာတာရှည်အဆုတ်ရောဂါနှင့် ဆီးချိုရောဂါ စသည်တို့ကြောင့်ဖြစ်သည်။
ပြည်သူ့ဆေးရုံကြီးများတွင် ကင်ဆာရောဂါကြောင့် ဆေးရုံတက်ရောက်ကုသသူပေါင်းမှာ အတွင်းလူနာစုစုပေါင်း၏ နှစ်ရာခိုင်နှုန်းကျော်ရှိကြောင်း ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏ သုံးနှစ်တာအတွင်း ပြောင်းလဲတိုးတက်မှုအခြေအနေမှတ်တမ်းတွင် ဖော်ပြထားချက်အရ သိရသည်။















