AA စစ်ဦးစီးချုပ် ထွန်းမြတ်နိုင်၏ ယောက္ခမ ရခိုင်ပြည်နယ် လွှတ်တော်ဥက္ကဋ္ဌ ဦးစံလှကျော်အား ဆက်သွယ်မေးမြန်းခြင်း

AA စစ်ဦးစီးချုပ် ထွန်းမြတ်နိုင်၏ ယောက္ခမ ရခိုင်ပြည်နယ် လွှတ်တော်ဥက္ကဋ္ဌ ဦးစံလှကျော်အား ဆက်သွယ်မေးမြန်းခြင်း
Published 7 December 2019
ဇော်မင်းနိုင်

ငါက အဖေတစ်ယောက်လေ။ အဖေဆိုတော့ အဖေတစ်ယောက် အနေနဲ့ စိတ်မကောင်း ဖြစ်တာပေါ့ကွာ

AA စစ်ဦးစီးချုပ် ထွန်းမြတ်နိုင်၏ ဇနီး၊ သားနှင့် သမီးတို့မှာ ထိုင်းနိုင်ငံတွင် ဒီဇင်ဘာ ၄ ရက်က ဖမ်းဆီးခံခဲ့ရသည်။ ဖမ်းဆီးခံခဲ့ရသည့် AA စစ်ဦးစီးချုပ် ထွန်းမြတ်နိုင်၏ဇနီး နှင်းဇာဖြူမှာ ရခိုင်ပြည်နယ် လွှတ်တော်ဥက္ကဋ္ဌ ဦးစံလှကျော်၏ သမီးလည်းဖြစ်သည်။ ထို့ကြောင့် လက်ရှိအခြေအနေများနှင့် ပတ်သက်ပြီး ရခိုင်ပြည်နယ် လွှတ်တော်ဥက္ကဋ္ဌ ဦးစံလှကျော်အား The Daily Eleven သတင်းစာက ဆက်သွယ်မေးမြန်းခဲ့ပါသည်။

မေး - အန်ကယ့်သမီး၊ မြေးလေးတွေ အဖမ်းခံထားရတာနဲ့ ပတ်သက်ပြီး ဘယ်လိုသိရတာလဲခင်ဗျ။

ဖြေ - အေးကွာ ဒီသတင်းကို မနေ့က (ဒီဇင်ဘာ ၆ ရက်) သတင်းဌာနတွေမှာ တွေ့ရတယ်။ ဘာပဲပြောပြော စိတ်မကောင်း ဖြစ်တာပေါ့။ ငါကအဖေတစ်ယောက်လေ။ အဖေဆိုတော့ အဖေတစ်ယောက် အနေနဲ့ စိတ်မကောင်း ဖြစ်တာပေါ့ကွာ။

မေး - အန်ကယ့်သမီး အဖမ်းခံထားရတာနဲ့ ပတ်သက်ပြီး အခုချိန်ထိ ဘာသတင်းတွေများ ထပ်ကြားရသေးလဲ ခင်ဗျ။

ဖြေ - မနေ့က အဖမ်းခံထားရတယ် ဆိုတာပဲ သိသေးတယ်။ ဖမ်းထားတာကလွဲလို့ ကျန်တဲ့သတင်းက တခြားဘာမှ မသိရသေးဘူး။

မေး - အန်ကယ့်အနေနဲ့ ရခိုင်ပြည်နယ် လွှတ်တော်ဥက္ကဋ္ဌလည်းဖြစ်တယ်။ အခု လက်ရှိအခြေအနေတွေက အန်ကယ့်အတွက် အခက်အခဲတွေများ ရှိသလား အန်ကယ်။

ဖြေ - ငါ့သမီးနဲ့ ပတ်သက်ပြီးတော့ အခက်အခဲကတော့ မရှိပါဘူး။ ငါက လွှတ်တော်ဥက္ကဋ္ဌ တစ်ယောက် ဖြစ်တဲ့အတွက် ငါ့မှာက ပြည်သူတွေအတွက် လုပ်ရမယ့် တာဝန်တွေရှိတယ်။ ထမ်းဆောင်ရမယ့် တာဝန်တွေရှိတယ်။ အဲဒါကြောင့် ငါ့မှာက ကိုယ့်အလုပ်ကို ပြောသင့်တာကို ပြောရမယ်။ လုပ်ကိုင်သင့်တာကို လုပ်ကိုင်မယ်။ ကိုယ့်အမျိုးသား အကျိုးစီးပွားနဲ့ ပတ်သက်လာရင် ငါတို့က ပြောသင့်တာ ပြောရမှာပဲ။ မပြောလို့မှ မရတာ ပြောရဆိုရ လုပ်ရမှာပဲ။

မေး - အခုလက်ရှိဖြစ်စဉ်နဲ့ ပတ်သက်ပြီးတော့ ဗဟိုအစိုးရက ဘာတွေများ အကြောင်းကြားတာရှိလဲ။ ဘာတွေများ ဆက်သွယ်လာတာ ရှိပါသလဲခင်ဗျ။

ဖြေ - လောလောဆယ်တော့ ဘာမှအကြောင်းကြားတာလည်း မရှိသေးသလို ဆက်သွယ်လာတာလည်း မရှိသေးဘူး။

မေး - အန်ကယ့်သမက်ကျတော့လည်း AA အဖွဲ့ရဲ့ ခေါင်းဆောင်တစ်ယောက်လည်း ဖြစ်တယ်။ အန်ကယ့် အနေနဲ့ကလည်း လွှတ်တော်ဥက္ကဋ္ဌ ဖြစ်နေတော့ အဲဒီအပေါ်မှာရော ဘာများပြောချင်ပါသလဲခင်ဗျ။

ဖြေ - ဒါက ကိုယ့်ယုံကြည်ချက်နဲ့ ကိုယ်လုပ်ကြတာပဲ။ ပြောစရာ မရှိပါဘူး။

မေး - ရခိုင်လွှတ်တော် အနေနဲ့လည်း လက်ရှိရခိုင် ပြည်နယ်မှာ ဖြစ်ပွားနေတဲ့ တိုက်ပွဲအခြေအနေတွေ အပေါ်မှာရော ဘာတွေများ ဆောင်ရွက်သွားဖို့ ရှိမလဲ။

ဖြေ - ရခိုင်ပြည်နယ်လွှတ်တော် အနေနဲ့ကတော့ ငြိမ်းချမ်းရေးအတွက် ဇောင်းပေးလုပ်နေတယ်။ ရခိုင်ပြည်သူတွေကို အကာအကွယ်ပေးဖို့၊ ငြိမ်းချမ်းရေး ဆောင်ရွက်ကြဖို့ဆိုတာ လွှတ်တော်မှာ ပြောနေကျစကားပဲ။ အဆိုတွေ တစ်ပုံကြီး တင်ခဲ့တယ်။ အစိုးရကို နည်းမျိုးစုံနဲ့ တိုက်တွန်းတယ်။ လုပ်ဖို့ဆိုတာကတော့ သူတို့အပိုင်းလေ။ တို့ကတော့ တစိုက်မတ်မတ် တွန်းအားပေးနေတာပေါ့။

မေး - အကျိုးသက်ရောက်မှု ရှိခဲ့လား အန်ကယ်။

ဖြေ - အခုအထိတော့ အကျိုးသက်ရောက်မှုက မရှိသေးဘူး။ တို့ပြောတာ၊ ဆွေးနွေးတာ၊ တင်ပြတာ၊ ဆုံးဖြတ်တာ အဲဒါတွေကို လုပ်တာက စာရွက်ပေါ်မှာပဲရှိတယ်။ ဒီထက်မပိုသေးဘူး။

မေး - ဖြည့်စွက်ပြီး ပြောချင်တာ ဘာများရှိသလဲခင်ဗျ။

ဖြေ - အဓိကက ငြိမ်းချမ်းဖို့လိုတယ်။ တည်ငြိမ်အေးချမ်းဖို့လိုတယ်။ ဥပဒေတွေကို လိုက်နာကြဖို့လိုတယ်။ လူမျိုးတစ်မျိုးနဲ့ တစ်မျိုး ကိုယ်ချင်းစာတရား ရှိဖို့လိုတယ်။ တို့မှာ ဖြစ်တဲ့အကြောင်းအရာ အားလုံးက ဘယ်နေရာမှာ သွားဆုံသလဲဆိုတော့ တန်းတူညီမျှမှု မရှိတဲ့အပေါ်မှာ သွားဆုံတယ်။ အဲဒီတော့ တိုင်းရင်းသားတွေ၊ ဗမာဆိုတာလည်း တိုင်းရင်းသားပဲ။ တိုင်းရင်းသားအားလုံး ညီတူညီမျှ ရှိကြမယ်ဆိုရင် ဒီပြဿနာတွေ ဖြစ်လာမှာ မဟုတ်ဘူး။ အဲဒါကြောင့် တန်းတူညီမျှမှုကို အခြေခံပြီးတော့ ဆောင်ရွက်ရမယ်။ ငြိမ်းချမ်းရေးကို မျက်နှာမူရမယ်။ တစ်ယောက်ကို တစ်ယောက် အခွင့်အရေးဆိုတာ တူနိုင်လေလေ၊ လုံးဝမတူနိုင်ပေမဲ့ အနီးစပ်ဆုံး တူညီကြရင် အကောင်းဆုံးပဲ။ ပြောနေကျ စကားအတိုင်း ပြောရမယ်ဆိုရင် တန်းတူညီမျှမှုရှိဖို့ လုပ်ရဲကိုင်ရဲတဲ့ သတ္တိရှိရမယ်။ ဖြူစင်ဖို့လိုတယ်။ အဲဒါပါပဲ။

 

Most Read

Most Recent