ရန်ကုန်တိုင်းဒေသကြီး ကိုးမြို့နယ်၊ ဧရာဝတီတိုင်းဒေသကြီး ကိုးမြို့နယ်နှင့် ပဲခူးတိုင်းဒေသကြီး ၁၁ မြို့နယ်တွင် ၂၀၁၉-၂၀၂၀ ခုနှစ်အတွက် အခြေခံစျေးနှုန်းဖြင့် စပါးဝယ်ယူရန် တောင်သူလယ်သမား အခွင့်အရေး ကာကွယ်ရေးနှင့် အကျိုးစီးပွား မြှင့်တင်ရေး ဦးဆောင်အဖွဲ့၊ လယ်ယာထုတ်ကုန် စီမံခန့်ခွဲရေးအဖွဲ့တို့က တင်ဒါအဆိုပြုလွှာများ ဖိတ်ခေါ်ထားသည်။
တောင်သူလယ်သမားအခွင့်အရေး ကာကွယ်ရေးနှင့် အကျိုးစီးပွားမြှင့်တင်ရေး ဦးဆောင်အဖွဲ့သည် တောင်သူလယ်သမား အခွင့်အရေးကာကွယ်ရေးနှင့် အကျိုးစီးပွား မြှင့်တင်ရေးဥပဒေပါပြဋ္ဌာန်းချက်များနှင့်အညီ ၂၀၁၉ ခုနှစ် မိုးစပါးနှင့် ၂၀၂၀ ခုနှစ် နွေ စပါးတို့ကို စပါးသီးနှံစိုက်ပျိုးထုတ်လုပ်သော တောင်သူလယ်သမားများအတွက် သင့်တင် မျှတသောစျေးကွက်နှင့် စျေးနှုန်းများ ဖြစ်ပေါ်စေရေးအတွက် စိုက်ပျိုးထုတ်လုပ်သည့် စပါး သီးနှံအတွက် အစိုဓာတ် ၁၄ ရာခိုင်နှုန်းရှိ၍ အဖျင်း၊ အမှော်၊ ဖုန်၊ သဲ၊ ခဲကင်းစင်ပြီး အရည်အသွေးဆိုင်ရာ သတ်မှတ်စံချိန်စံညွှန်းများနှင့် ကိုက်ညီသည့် တစ်တင်း ၄၆ ပေါင်ကိုက် စပါး တင်း ၁၀၀ ၏ အခြေခံ ရည်ညွှန်းစပါးစျေးနှုန်းကို ကျပ်ငါးသိန်းအဖြစ် အခြေခံရည်ညွှန်း စပါးစျေးနှုန်းအား သတ်မှတ်ကြေညာခဲ့ပြီး ဖြစ်သည်။
ထို့ကြောင့် လယ်ယာထုတ်ကုန် စီမံခန့်ခွဲရေးအဖွဲ့၊ တိုင်းဒေသကြီး/ပြည်နယ် စပါး၊ ဆန်ဝယ်ယူရေး ကြီးကြပ်မှုအဖွဲ့များက သတ်မှတ်ဒေသများတွင် သတ်မှတ်ထားသော စည်းကမ်းများနှင့်အညီ အခြေခံရည်ညွှန်း စပါးစျေးနှုန်းဖြင့် တောင်သူလယ်သမားများထံမှ စပါးများ ဝယ်ယူမည်ဖြစ်ပါ၍ စပါးဝယ်ယူလိုသည့် လုပ်ငန်းရှင်များကို ဖိတ်ခေါ်ခြင်း ဖြစ်သည်။
စပါးဝယ်ယူမည့်ဒေသများမှာ ရန်ကုန် တိုင်းဒေသကြီး ခရမ်းမြို့နယ်၊ သုံးခွမြို့နယ်၊ တိုက်ကြီးမြို့နယ်၊ ကျောက်တန်းမြို့နယ်၊ ကော့မှူးမြို့နယ်၊ ကွမ်းခြံကုန်းမြို့နယ်၊ လှည်းကူးမြို့နယ်၊ သန်လျင်မြို့နယ်၊ ထန်းတပင်မြို့နယ်၊ ဧရာဝတီတိုင်းဒေသကြီးတွင် ကျုံပျော် မြို့နယ်၊ ရေကြည်မြို့နယ်၊ ကျောင်းကုန်းမြို့နယ်၊ ဟင်္သာတမြို့နယ်၊ ဇလွန်မြို့နယ်၊ လေးမျက်နှာမြို့နယ်၊ အင်္ဂပူမြို့နယ်၊ မအူပင်မြို့နယ်၊ ပန်းတနော်မြို့နယ်၊ ပဲခူးတိုင်းဒေသကြီး တွင် ဒိုက်ဦးမြို့နယ်၊ သာယာဝတီမြို့နယ်၊ ကျောက်တံခါးမြို့နယ်၊ ကဝမြို့နယ်၊ အုတ်တွင်းမြို့နယ်၊ ဇီးကုန်းမြို့နယ်၊ အုတ်ဖိုမြို့နယ်၊ လက်ပံတန်းမြို့နယ်၊ ဖြူးမြို့နယ်၊ တောင်ငူမြို့နယ်၊ ရေတာရှည်မြို့နယ် တို့ဖြစ်သည်။
အိတ်ဖွင့်တင်ဒါပုံစံနှင့် စည်းကမ်းချက်များကို စားသုံးသူရေးရာ ဦးစီးဌာန၊ တိုင်းဒေသကြီး ဦးစီးမှူးရုံး (ရန်ကုန်တိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီး) ၂၀၁၉ ခုနှစ် ဒီဇင်ဘာ ၆ ရက်မှ ၁၂ ရက်အထိ နေ့စဉ် နံနက် ၉ နာရီခွဲမှ မွန်းလွဲ ၄ နာရီခွဲအထိ ရောင်းချမည်ဖြစ်ပြီး အိတ်ဖွင့်တင်ဒါ စည်းကမ်းချက်များနှင့် ပုံစံများကို တစ်စုံလျှင် ကျပ် ၁၀၀၀၀ ဖြင့် ရောင်းချသွားမည် ဖြစ်သည်။
တင်ဒါအဆိုပြုလွှာများကို ၂၀၁၉ ခုနှစ် ဒီဇင်ဘာ ၁၆ ရက် မွန်းလွဲ ၂ နာရီနောက်ဆုံး ထား၍ သက်ဆိုင်ရာ တိုင်းဒေသကြီး/ပြည် နယ် စပါး/ဆန်ဝယ်ရေး ကြီးကြပ်မှုအဖွဲ့များထံ တင်သွင်းနိုင်ပြီး တင်ဒါအောင်မြင်သူများ ကို ၂၀၁၉ ခုနှစ် ဒီဇင်ဘာ ၁၇ ရက်တွင် ကြေညာပေးမည်ဖြစ်ကြောင်း တင်ဒါလက်ခံ စိစစ်ရေးကော်မတီက အသိပေးထားသည်။















