ရန်ကုန် (သာကေတ) တွင် မဂ္ဂါဝပ် ၄၀၀ နှင့် ကျောက်ဖြူ၌ မဂ္ဂါဝပ် ၁၅၀ LNG စွမ်းအင်သုံး ဓာတ်အားပေးစက်ရုံ တည်ဆောက်၍ လျှပ်စစ်ဓာတ်အား ထုတ်လုပ်ရောင်းချခြင်းကို ဟောင်ကောင်က ဒေါ်လာ သန်း ၅၀၀ ကျော် မြှုပ်နှံလုပ်ကိုင်မည်

ရန်ကုန် (သာကေတ) တွင် မဂ္ဂါဝပ် ၄၀၀ နှင့် ကျောက်ဖြူ၌ မဂ္ဂါဝပ် ၁၅၀ LNG စွမ်းအင်သုံး ဓာတ်အားပေးစက်ရုံ တည်ဆောက်၍ လျှပ်စစ်ဓာတ်အား ထုတ်လုပ်ရောင်းချခြင်းကို ဟောင်ကောင်က ဒေါ်လာ သန်း ၅၀၀ ကျော် မြှုပ်နှံလုပ်ကိုင်မည်
Published 4 December 2019
နီလာ

ရန်ကုန်တိုင်းဒေသကြီး သာကေတမြို့ နယ်အတွင်း မဂ္ဂါဝပ် ၄၀၀ နှင့် ကျောက်ဖြူတွင် မဂ္ဂါဝပ် ၁၅၀ LNG စွမ်းအင်သုံးဓာတ်အားပေးစက်ရုံ တည်ဆောက်၍ လျှပ်စစ်ဓာတ်အား ထုတ်လုပ်ရောင်းချခြင်းကို ဟောင်ကောင်က ဒေါ်လာ သန်း ၅၀၀ ကျော် ရင်းနှီးမြှုပ်နှံလုပ်ကိုင်မည်ဖြစ်ကြောင်း  မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှုကော်မရှင်မှ သိရသည်။

ရန်ကုန်တိုင်းဒေသကြီး သာကေတမြို့နယ်၊ လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာနပိုင် သာကေတ ဓာတ်အားပေးစက်ရုံတွင် IPP( BOO) စနစ်ဖြင့် မဂ္ဂါဝပ် ၄၀၀ စွမ်းအင်သုံး ဓာတ်အားပေးစက်ရုံ တည်ဆောက်၍ လျှပ်စစ်ဓာတ်အား ထုတ်လုပ်ရောင်းချခြင်း လုပ်ငန်းကို ဒေါ်လာ ၃၆၃ သန်းကျော် မြှုပ်နှံပြီး ရာခိုင်နှုန်းပြည့် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုအဖြစ် CNTIC VPower YGI Limited (Permit) က လုပ်ကိုင်မည်ဖြစ်ကြောင်း သိရသည်။

ရခိုင်ပြည်နယ် ကျောက်ဖြူခရိုင် ကျောက်ဖြူမြို့နယ် ကွင်းအမှတ် ၄၅၃၊ ကံတီကွင်း၊ ဂုံးချိန်ကျေးရွာအုပ်စုတွင် IPP (BOO) စနစ်ဖြင့် မဂ္ဂါဝပ် ၁၅၀  LNG စွမ်းအင်သုံးဓာတ်အားပေးစက်ရုံ တည်ဆောက်၍ လျှပ်စစ်ဓာတ်အား ထုတ်လုပ်ရောင်းချခြင်းလုပ်ငန်းကို CNTIC VPower KY3 Limited (Permit) က ဒေါ်လာ သန်း ၁၄၀ ကျော် မြှုပ်နှံကာ ရာခိုင်နှုန်းပြည့် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုအဖြစ် ဆောင်ရွက်မည်ဖြစ်ကြောင်း သိရသည်။

၂၀၁၈-၂၀၁၉ ဘဏ္ဍာနှစ်ကုန်အထိ မြန်မာနိုင်ငံတွင် နိုင်ငံပေါင်း ၅၀ က နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုပမာဏ ဒေါ်လာ ၈၂ ဘီလျံကျော် မြှုပ်နှံထားပြီး ဟောင်ကောင်က ဒေါ်လာ ၈ ဒသမ ၆ ဘီလျံကျော် မြှုပ်နှံထားပြီး နိုင်ငံအလိုက် အများဆုံးမြှုပ်နှံထားမှုတွင် ၁၁ နိုင်ငံမြောက် အများဆုံးမြှုပ်နှံထားသည်။

၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ်အစ တစ်လအတွင်း မြန်မာနိုင်ငံအတွင်သို့ နိုင်ငံအလိုက် ဝင်ရောက်မြှုပ်နှံမှုတွင် ဟောင်ကောင်က ဒေါ်လာ ၂၇၆ သန်းကျော်ဖြင့် အများဆုံးဖြစ်ကြောင်း ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများ ညွှန်ကြားမှုဦးစီးဌာနမှ သိရသည်။

၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ် အောက်တိုဘာ ၁ ရက်မှ ၃၁ ရက်အထိ တစ်လအတွင်း မြန်မာနိုင်ငံအတွင်သို့ တရုတ်နိုင်ငံက ဒေါ်လာ ၈ ဒသမ ၆၆၇ သန်း၊ ဟောင်ကောင်က  ဒေါ်လာ ၂၇၆ ဒသမ ၉၈၈ သန်း၊ ဂျပန်နိုင်ငံက ဒေါ်လာ ၆ ဒသမ ၀၇၃ သန်းနှင့် ထိုင်းနိုင်ငံက ဒေါ်လာ ၀ ဒသမ ၄၀၀ သန်းဖြင့် အသီးသီးဝင်ရောက် မြှုပ်နှံထားသည်။

နှစ်ပေါင်း ၃၁ နှစ်အတွင်း မြန်မာနိုင်ငံအတွင်းသို့  ရေနံနှင့် သဘာဝဓာတ်ငွေ့ကဏ္ဍ၊  စွမ်းအင်ကဏ္ဍ၊ ကုန်ထုတ်လုပ်မှုကဏ္ဍ၊ သယ်ယူပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးကဏ္ဍ၊ အိမ်ခြံမြေကဏ္ဍ၊ ဟိုတယ်နှင့် ခရီးသွားလုပ်ငန်းကဏ္ဍ၊ သတ္တုတွင်းကဏ္ဍ၊ မွေးမြူရေးနှင့် ရေလုပ်ငန်းကဏ္ဍ၊ စိုက်ပျိုးရေးကဏ္ဍ၊ စက်မှုဇုန်လုပ်ငန်းကဏ္ဍ၊ ဆောက်လုပ်ရေးကဏ္ဍနှင့် အခြားဝန်ဆောင်မှုကဏ္ဍ စသည့်ကဏ္ဍ ၁၁ ခုသို့ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု အဓိကဝင်ရောက်ထားခြင်းဖြစ်သည်။

ရေနံနှင့်သဘာဝဓာတ်ငွေ့ကဏ္ဍတွင် စုစုပေါင်းပမာဏ၏ ၂၇ ရာခိုင်နှုန်းကျော်ဖြင့် အများဆုံးလာရောက် ရင်းနှီးမြှုပ်နှံထားခြင်း ဖြစ်သည်။

စွမ်းအင်ကဏ္ဍတွင် စုစုပေါင်းပမာဏ၏ ၂၅ ရာခိုင်နှုန်းကျော်ဖြင့် ဒုတိယအများဆုံးဖြစ်သည်။ ကုန်ထုတ်လုပ်မှုကဏ္ဍတွင် စုစုပေါင်းပမာဏ၏ ၁၄ ရာခိုင်နှုန်းကျော်ဖြင့် တတိယအများဆုံးဖြစ်သည်။ သယ်ယူပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးကဏ္ဍသည်  စတုတ္ထအများဆုံးဖြစ်သည်။

 

 

 

Most Read

Most Recent