ထိုင်ဝမ်ဘဏ်ဖြစ်သည့် E. Sun Bank အနေဖြင့် မြန်မာနိုင်ငံ၌ အခြေခံအဆောက်အအုံ၊ အသေးစားငွေကြေးကုမ္ပဏီ စသည့်လုပ်ငန်းများသို့ ချေးငွေအဓိကထုတ်ချေးထားဟု ဆို

ထိုင်ဝမ်ဘဏ်ဖြစ်သည့် E. Sun Bank အနေဖြင့် မြန်မာနိုင်ငံ၌ အခြေခံအဆောက်အအုံ၊ အသေးစားငွေကြေးကုမ္ပဏီ စသည့်လုပ်ငန်းများသို့ ချေးငွေအဓိကထုတ်ချေးထားဟု ဆို
ထိုင်ဝမ်မှ လာရောက်ဖွင့်လှစ်ထားသည့် E. Sun ဘဏ်၏ ရန်ကုန်ရုံးခွဲအား တွေ့ရစဉ် (ဓာတ်ပုံ-ဇေယျာငြိမ်း)
ထိုင်ဝမ်မှ လာရောက်ဖွင့်လှစ်ထားသည့် E. Sun ဘဏ်၏ ရန်ကုန်ရုံးခွဲအား တွေ့ရစဉ် (ဓာတ်ပုံ-ဇေယျာငြိမ်း)
Published 4 December 2019
ဇေယျာငြိမ်း

ထိုင်ဝမ်ဘဏ် E. Sun Bank အနေဖြင့် မြန်မာနိုင်ငံ၌ အခြေခံအဆောက်အအုံ၊ အသေးစားငွေကြေးကုမ္ပဏီ စသည့်လုပ်ငန်းများသို့ ချေးငွေအဓိက ထုတ်ချေးထားကြောင်း ဒီဇင်ဘာ ၄ ရက်က E. Sun ဘဏ် ရန်ကုန်ရုံးခွဲတွင် ပြုလုပ်သည့် “ ငွေကြေးခဝါချမှု တိုက်ဖျက်ရေးနှင့် ငွေကြေးဆိုင်ရာ အကြမ်းဖက်မှုအပေါ် တန်ပြန်လုပ်ဆောင်မှု”  ဆွေးနွေးပွဲမှ သိရသည်။

“ အဓိကအားဖြင့် Remittance ဆိုင်ရာ Trade Finance ပိုင်းမှာ စသဖြင့် အားသာချက်ပေါ့။ ဒုတိယအချက်မှာက မြန်မာပြည်မှာဆိုရင် အခြေခံအဆောက်အအုံပိုင်းက စီမံကိန်းတွေ အများကြီးရှိတယ်။ ဒီထဲမှာလည်းကောင်းတဲ့ Customer ကို ရွေးပြီးမှ ချေးငွေပြန်ချေးပေးတာ ရှိတယ်။ တတိယအချက်မှာဆို အစိုးရနဲ့ Financial inclusion လို့ပြောတဲ့ ဒီကိစ္စမှာလည်း Micro Finance ကုမ္ပဏီကိုလည်း အများကြီးချေးပေးထားတာ ရှိတယ်။ နောက်ဆုံး industry Sector Wide မှာကြည့်မယ်ဆိုရင်လည်း အဓိကဒီသုံးပိုင်းမှာ အားကိုးထားတာပေါ့နော်။ ဒီသုံးပိုင်းမှာ ချေးငွေချေးထားတယ်” ဟု Mr. Tseng Kno Lieh (E. Sun Bank Chairman Gary Tseng) က ပြောကြားသည်။

မြန်မာနိုုင်ငံအနေဖြင့် နိုင်ငံတကာနှင့် စီးပွားရေးဖလှယ်နေသည့် အချိန်ဖြစ်သဖြင့် ပို့ကုန်ကုန်တင်ပို့သည့် ငွေကြေးများအမြန်ဆုံး ပြန်လည်ဝင်ရောက်ရန် လိုအပ်သည်။ ယင်းကဲ့သို့ ဆောင်ရွက်နိုင်မှသာ စီးပွားရေး ပိုမိုဖွံ့ဖြိုးလာမည်ဖြစ်ကြောင်း၊ အဆိုပါကိစ္စရပ်များ နှင့်ပတ်သက်ပြီး “ ငွေကြေးခဝါချမှု တိုက်ဖျက်ရေးနှင့် ငွေကြေးဆိုင်ရာအကြမ်းဖက်မှုအပေါ် တန်ပြန်လုပ်ဆောင်မှု” ဆွေးနွေးပွဲတွင် ထည့်သွင်းဆွေးနွေးခဲ့ကြောင်း သိရသည်။

“ ဒီနေ့မှာ ငွေကြေးခဝါချမှု တိုက်ဖျက်ရေးနဲ့ ငွေကြေးဆိုင်ရာ အကြမ်းဖက်မှုကို တု့ံပြန်ဖို့အတွက်သုံးသပ်ပြီး ဆွေးနွေးပွဲလုပ်တဲ့အချိန်မှာ နိုင်ငံတကာမှာ စီးပွားရေးက အရမ်းအချက်အလက်ကျပါတယ်။ အခုမြန်မာနိုင်ငံမှာလည်း နိုင်ငံတကာနဲ့ စီးပွားရေးဖလှယ်နေတဲ့အချိန်မှာ အကယ်၍ကုန်ပစ္စည်း တခြားနိုင်ငံကိုပို့လိုက်ပြီ ငွေကပြန်ရမလာဘူးဆိုရင်တော့ စီးပွာရေးအတွက် နှောင့်နှေးမယ်။ စီးပွားရေးကုန်သွယ်တဲ့အချိန်မှာ ကိုယ်ပစ္စည်းပေးလိုက်ရင် ငွေကိုအမြန်ဆုံးရနိုင်အောင် ကူညီဖို့အချက်မှာ အများကြီး အရေးပါတယ်။ ငွေကြေးခဝါချမှု တိုက်ဖျက်နိုင်မှသာ နိုင်ငံတော်ရဲ့ စီးပွားရေးက ဖွံ့ဖြိုးလာမှာဖြစ်ပါတယ်” ဟု Mr. Tseng Kuo Lieh က ပြောကြားသည်။

E. Sun ဘဏ်သည် ၎င်း၏ကိုယ်စားလှယ်ရုံးခွဲကို ရန်ကုန်မြို့တွင် ၂၀၁၃ ခုနှစ်တွင် တည်ထောင်ခဲ့သည်။ E. Sun ဘဏ်သည် မြန်မာနိုင်ငံတော်ဗဟိုဘဏ်၏ ခိုင်မာသော ထောက်ခံမှုဖြင့် မြန်မာနိုင်ငံတွင် ၂၀၁၆ ခုနှစ်တွင် ဖွင့်လှစ်ခွင့်ရရှိခဲ့သည့် တစ်ခုတည်းသော ထိုင်ဝမ်ဘဏ် ဖြစ်သည်။

E. Sun ဘဏ် ရန်ကုန်ရုံးခွဲသည် ငွေကြေးဆိုင်ရာ ဆောင်ရွက်မှုများအနေဖြင့် လက်ရှိတွင် ငွေကြေးအပ်နှံခြင်း၊ ငွေလွှဲပို့ခြင်း၊ L/C ကိစ္စများ၊ ငွေချေးခြင်း၊ နိုင်ငံခြား ငွေလွှဲပို့ခြင်းတို့ကို ဆောင်ရွက်ပေးနေခြင်း ဖြစ်သည်။

လက်ရှိတွင် E.Sun ဘဏ်သည် နိုင်ငံပေါင်း ၉ နိုင်ငံတွင် ပင်လယ်ရပ်ခြားရုံးခွဲ ၂၈ ခုကို ဖွင့်လှစ်ထားသည်။ E. Sun ဘဏ်သည် ရန်ကုန်ရုံးခွဲအပြင် ကမ္ဘောဒီးယား၊ UCB၊ စင်ကာပူရုံးခွဲ၊ Dong Nai ရုံးခွဲနှင့် ဟနွိုင်းမြို့ရှိ ကိုယ်စားလှယ်ရုံးမှတစ်ဆင့် အခြားအရှေ့တောင်အာရှ စျေးကွက်များသို့ ဝန်ဆောင်မှုများ ပေးနေခြင်းဖြစ်သည်။

၁၉၉၂ ခုနှစ်တွင် E. Sun Bank ကို စတင်တည်ထောင်ခဲ့ပြီး ရေရှည်ဖွံ့ဖြိုး တိုးတက်စေရေးအတွက် ထိုင်ဝမ်နိုင်ငံကို အခြေပြုကာ အာရှတိုင်းတလွှားချဲ့ထွင် ဆောင်ရွက်ရေးကို အဓိကမဟာဗျူဟာအဖြစ်ထားပြီး ဆောင်ရွက်နေခြင်းဖြစ်ကြောင်း သိရသည်။                               

 

 

 

Most Read

Most Recent