တရုတ်ဘက်မှ ဝယ်ယူမှု ရပ်ထားသည့်အတွက် မန္တလေး ပဲစျေးကွက်တွင် တစ်လအတွင်း ပဲကြီးစျေး ကျပ်တစ်သောင်းကျော်နှင့် ထောပတ်ပဲ ကျပ်နှစ်သောင်းကျော် စျေးကျဆင်းနေ

တရုတ်ဘက်မှ ဝယ်ယူမှု ရပ်ထားသည့်အတွက် မန္တလေး ပဲစျေးကွက်တွင် တစ်လအတွင်း ပဲကြီးစျေး ကျပ်တစ်သောင်းကျော်နှင့် ထောပတ်ပဲ ကျပ်နှစ်သောင်းကျော် စျေးကျဆင်းနေ
မန္တလေးပဲစျေးကွက်တွင် ဝယ်ရောင်း ပြုလုပ်နေသူများအား တွေ့ရစဉ်
မန္တလေးပဲစျေးကွက်တွင် ဝယ်ရောင်း ပြုလုပ်နေသူများအား တွေ့ရစဉ်
Published 3 December 2019
မင်းလတ်

မန္တလေး ပဲစျေးကွက်ထဲတွင် ပဲရာသီအစက စျေးကောင်းရနေသည့် ပဲကြီးနှင့် ထောပတ်ပဲတို့သည် တရုတ်နိုင်ငံဘက်မှ ဝယ်ယူမှု ရပ်ထားခဲ့သည့် အတွက်ကြောင့် တစ်လအတွင်းတွင် သုံးတင်းတစ်အိတ်လျှင် ပဲကြီးစျေး ကျပ်တစ်သောင်းကျော်နှင့် ထောပတ်ပဲ နှစ်သောင်းကျော် စျေးကျဆင်းနေသည်ဟု မန္တလေး ပဲကုန်သည်များထံမှ သိရသည်။

‌ယမန်နှစ်က ပဲရာသီစကတည်းက ဝယ်နေပြီး လက်ရှိကာလတူ အချိန်မှာ ထောပတ်ပဲက ၁၂၀၀၀၀ စျေးနှင့် ပဲကြီးစျေး ၁၁၀၀၀၀ စျေးရှိပြီး စျေးကျဆင်းမှု မရှိခဲ့ကြောင်း ဒီနှစ်အနေနဲ့ စျေးကျနေတာက တောင်သူတွေလက်ထဲ ပစ္စည်းမရှိတော့ဘဲ စျေးတက်နိုးနိုးနှင့် လှောင်ထားသည့် ငွေရှင်တွေသာ နစ်နာမှု ရှိသည်ဟု ပဲကုန်သည် ဦးစိုးဝင်းမြင့် (စိုးဝင်းမြင့်ပွဲရုံ) က ပြောကြားသည်။

“အခုရက်ပိုင်း မန္တလေး ပဲစျေးကွက်ထဲမှာ ထောပတ်ပဲနှင့် ပဲကြီးစျေးက စျေးကျဆင်းနေတယ်။ ဘာလို့လဲဆိုတော့ ပေါ်ခါစအချိန်တုန်းက ၂၀၁၉ ပဲရာသီပေါ်ကစ အချိန်မှာ ပဲကြီးစျေး ၁၁၀၀၀၀ ကျော်စျေးရှိခဲ့တယ်။ ထောပတ်ပဲစျေးကလည်း ၁၁၀၀၀၀ ကျော် စျေးမှာပဲရှိတယ်။ အခုရက်ပိုင်း ပဲကြီးစျေးက ၉၀၀၀၀ ကျော်ရှိပြီး ထောပတ်ပဲက ၇၀၀၀၀ ကျော်စျေးရှိတယ် စျေးအရမ်းကျခဲ့တယ်။ ဒါပေမဲ့ တရုတ်က မဝယ်ယူ ရပ်ထားနေတာ။ အခုရက်ပိုင်း ပြန်ဝယ်ယူမူကြောင့် ထောပတ် ပဲက ၇၃၀၀၀ ကနေ ၇၅၀၀၀ စျေးဖြစ်နေတယ်။ ပဲကြီးစျေးကလည်း ပေါ်ဦးပေါ်ဖျားက အရှိန်အဟုန်းဝယ်ယူနေပြီး အခုရက်ပိုင်း ဝယ်ယူမူရပ်ထားခဲ့တယ်အတွက် ပဲကြီးစျေး က ၉၀၀၀၀ ကျော်စျေးပဲရှိတယ် ပဲကြီးပြန် ပေါ်ဖို့ကလည်း အချိန်နီးနေပါပြီ။ စျေးအနေ နဲ့က တရုတ်ပြည် ဝယ်လက်အပေါ်မှာပဲ အားထားနေရသည့်အတွက် အလားလာက တရုတ်လမ်းကြောင်းကောင်းမယ်။ ငွေစျေးဝယ်လို့အား စသည့် အချက်သုံးချက်အပေါ် စျေးတက်ဖို့က မူတည်နေပါတယ်။ ပဲကြီးပြန်လည်ဝယ်ယူရင် စျေးကျနိုင်စရာမရှိဘူး။ ထောပတ်ပဲလည်း ပြန်လည်ပြီး ယနေ့ ဝယ်ယူနေပါတယ်” လို့ ပဲကုန်သည် ဦးစိုးဝင်းမြင့် (စိုးဝင်းမြင့်ပွဲရုံ)က ပြောကြားသည်။

ယခင်နှစ်များက ပြည်တွင်းရှိ ပဲကြော်၊ ပဲလှော်ဖိုများက ပဲကြီးကို ကြော်လှော်၍ ခေတ်မီထုပ်ပိုး နည်းစနစ်များဖြင့် ရန်ကုန်မှ တစ်ဆင့် နိုင်ငံတကာသို့ တွင်ကျယ်စွာ တင်ပို့ရောင်းချနေကြောင်း သိရသည်။

မြန်မာနိုင်ငံတွင် ပဲကြီးကို အညာဒေသများဖြစ်သည့် မကွေး၊ အောင်လံ၊ ပျော်ဘွယ်၊ ရမည်းသင်း၊ မိတ္ထီလာ၊ မြင်းခြံ၊ မုံရွာ၊ ပခုက္ကူတို့တွင် အဓိက စိုက်ပျိုးကြပြီး ဧရာဝတီ မြစ်ကမ်းဘေးရှိ ကျွန်းမြေများပေါ်လည်း စိုက်ပျိုးကြသည်။ ပဲကြီးကို စက်တင်ဘာလမှစပြီး ဆောင်းသီးနှံအဖြစ် အများဆုံး စိုက်ပျိုးကြကာ ဇန်နဝါရီ လကုန်ပိုင်းတွင် စတင်ထွက်ရှိလာပြီး ဧပြီလအတွင်း၌ လှိုင်လှိုင်ပေါ်ထွက်လေ့ ရှိကြောင်းနှင့် လက်ရှိအချိိန်တွင် လက်ကျန်နည်းပါး လာနေပြီဖြစ်ကြောင်း သိရသည်။

မန္တလေးတိုင်းဒေသကြီး အတွင်းရှိ နွားထိုးကြီး၊ မြင်းခြံ၊ တောင်သာ၊ မလှိုင်ဒေသများမှ အများဆုံးထွက်ရှိပြီး ဧရာဝတီမြစ်ရိုး တစ်လျှောက်၌ စိုက်ပျိုးသည့် မတ္တရာ၊ စဉ့်ကူးမြို့နယ်များမှ ထောပတ်ပဲ(အပြား)များ ထွက်ရှိကာ စစ်ကိုင်းတိုင်းဒေသကြီးနှင့် မကွေးတိုင်း ဒေသကြီးတို့မှလည်း ထွက်ရှိကြောင်း၊ ထောပတ်ပဲကို အဓိက တင်ပို့နေသည်က တရုတ်ဖြစ်ပြီး ဂျပန်၊ အီးယူ စသည့်နိုင်ငံများကို တင်ပို့မှုရှိကြောင်း သိရသည်။

 

Most Read

Most Recent