မြန်မာနိုင်ငံတစ်ဝန်း ပုဂ္ဂလိက စက်သုံးဆီပေါင်း ၂၆၄၂ ဆိုင်အထိ ရှိလာပြီး မန္တလေး၊ ပဲခူး၊ စစ်ကိုင်း၊ ဧရာဝတီ၊ ရန်ကုန်၊ မကွေးတိုင်းဒေသကြီးတို့တွင် စက်သုံးဆီဆိုင် ၁၇၂၆ ဆိုင် ရှိကြောင်း လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာနမှ သိရသည်။
၂၀၁၉ ခုနှစ် ၁၀ လဝန်းကျင်အတွင်း စက်သုံးဆီဆိုင် ၂၅၀ ကျော် ခွင့်ပြုခဲ့ပြီး တစ်နိုင်ငံလုံးတွင် ပုဂ္ဂလိက စက်သုံးဆီဆိုင်ပေါင်း ၂၆၄၂ ဆိုင်အထိ ရှိလာကြောင်း လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာန၏ စက်သုံးဆီဖြန့်ဖြူး ရောင်းချခွင့်လိုင်စင် ထုတ်ပေးထားသော စာရင်းများအရ သိရသည်။
၂၀၁၈ ခုနှစ် ဒီဇင်ဘာ ၂၇ ရက်အထိ မြန်မာနိုင်ငံတစ်ဝန်း၌ ပုဂ္ဂလိက စက်သုံးဆီဆိုင် ၂၃၈၉ ဆိုင် ခွင့်ပြုထားရာမှ ၂၀၁၉ ခုနှစ် အောက်တိုဘာ ၃၁ ရက်စာရင်းများအရ စက်သုံးဆီဆိုင်ပေါင်း ၂၆၄၂ ဆိုင်အထိ ခွင့်ပြုခဲ့ရာ ၁၀ လဝန်းကျင်အတွင်း စက်သုံးဆီဆိုင် ၂၅၃ ဆိုင် လိုင်စင်ထုတ်ပေးခဲ့ခြင်းဖြစ်သည်။
၂၀၁၉ ခုနှစ် အောက်တိုဘာ ၃၁ ရက်အထိ တိုင်းဒေသကြီးနှင့် ပြည်နယ်များအလိုက် စက်သုံးဆီဖြန့်ဖြူး ရောင်းချခွင့်လိုင်စင် ထုတ်ပေးထားသော စက်သုံးဆီဆိုင်များမှာ ပြည်ထောင်စုနယ်မြေတွင် ၉၄ ဆိုင်၊ ရန်ကုန်တိုင်းဒေသကြီးတွင် ၁၈၆ ဆိုင်၊ မန္တလေးတိုင်းဒေသကြီးတွင် ၆၄၇ ဆိုင်၊ ဧရာဝတီတိုင်းဒေသကြီးတွင် ၂၁၄ ဆိုင်၊ ပဲခူးတိုင်းဒေသကြီးတွင် ၂၆၁ ဆိုင်၊ မကွေးတိုင်းဒေသကြီးတွင် ၁၈၇ ဆိုင်၊ စစ်ကိုင်းတိုင်းဒေသကြီးတွင် ၂၃၁ ဆိုင်၊ တနင်္သာရီတိုင်းဒေသကြီးတွင် ၂၉ ဆိုင်၊ ကချင်ပြည်နယ်၌ ၁၁၇ ဆိုင်၊ ကယားပြည်နယ်တွင် ၁၈ ဆိုင်၊ ကရင်ပြည်နယ်တွင် ၅၂ ဆိုင်၊ ချင်းပြည်နယ်တွင် ငါးဆိုင်၊ မွန်ပြည်နယ်တွင် ၁၃၇ ဆိုင်၊ ရခိုင်ပြည်နယ်တွင် ၃၈ ဆိုင်၊ ရှမ်းပြည်နယ် အရှေ့ပိုင်း၌ ၅၇ ဆိုင်၊ ရှမ်းပြည်နယ် မြောက်ပိုင်းတွင် ၁၉၄ ဆိုင်၊ ရှမ်းပြည်နယ်တောင်ပိုင်း၌ ၁၇၅ ဆိုင်တို့ ဖြစ်သည်။
စက်သုံးဆီအရည်အသွေးနှင့် အခြင်အတွယ် ကိုက်ညီမှုမရှိပါက ပေးဆောင်ရမည့် ဒဏ်ကြေးငွေကို မကိုက်ညီမှုတစ်မျိုးလျှင် ကျပ် ၁၀ သိန်းအထိ တိုးမြှင့်သတ်မှတ်လိုက်ကြောင်း မြန်မာနိုင်ငံစက်သုံးဆီ တင်သွင်း ရောင်းချဖြန့်ဖြူးရေးအသင်းက စက်တင်ဘာ ၂၇ ရက်တွင် အသိပေး ကြေညာခဲ့သည်။
ရေနံနှင့် ရေနံထွက်ပစ္စည်းဆိုင်ရာလုပ်ငန်းများ ထိန်းသိမ်းကြီးကြပ်ရေး ကော်မတီ၊ အစည်းအဝေးအမှတ်စဉ် (၃/၂၀၁၉) ၏ အစည်းအဝေးဆုံးဖြတ်ချက်နှင့် ၂၀၁၉ ခုနှစ် စက်တင်ဘာ ၁၉ ရက်စွဲပါ စာအမှတ် MOEE ၁/၁၉ (ကြီးကြပ်-၂) (၁၅၆၁၅) / ၂၀၁၉ အရ ဒဏ်ကြေးငွေ တိုးမြှင့်သတ်မှတ်ခဲ့ခြင်းဖြစ်သည်။
တိုင်းဒေသကြီး/ပြည်နယ် ရေနံကြီးကြပ်/ဆပ်ကော်မတီများအနေဖြင့် ပုဂ္ဂလိက စက်သုံးဆီဆိုင်များကို စက်သုံးဆီအရည်အသွေးနှင့် အခြင်အတွယ်မှန်ကန်ကိုက်ညီမှု ရှိ/မရှိ အခါအားလျော်စွာ ရှောင်တခင် စစ်ဆေးရာ၌ ကိုက်ညီမှု မရှိကြောင်း စစ်ဆေးတွေ့ရှိခဲ့သော် ယခင်က မကိုက်ညီမှုတစ်မျိုးလျှင် ပေးဆောင်ရမည့်ဒဏ်ကြေးငွေ ကျပ် ငါးသိန်းမှ ယခုအခါ ဒဏ်ကြေးငွေ ကျပ် ၁၀ သိန်းသို့ ၂၀၁၉ ခုနှစ် ဒီဇင်ဘာ ၃၁ ရက်အထိ တိုးမြှင့်သတ်မှတ်လျက် ပြစ်ဒဏ်ချမှတ် အရေးယူ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ပြည်နယ်နှင့် တိုင်းဒေသကြီးအတွင်းရှိ စက်သုံးဆီအရောင်းဆိုင်များအနေဖြင့် သိရှိနိုင်ရန် မြန်မာနိုင်ငံ စက်သုံးဆီ တင်သွင်းရောင်းချ ဖြန့်ဖြူးရေးအသင်းက အသိပေးအကြောင်း ကြားခဲ့ခြင်း ဖြစ်သည်။
လက်ရှိဘဏ္ဍာနှစ် ၁၁ လတွင် ပြည်ပမှ စက်သုံးဆီတန်ချိန် ၄ ဒသမ ၉ သန်းကျော် တင်သွင်းမှုမှ ဒေါ်လာ ၂ ဒသမ ၉ ဘီလျံကျော်ရှိသော်လည်း ယခင်နှစ်ကာလတူထက် တင်သွင်းမှုတန်ချိန် ၄၈၀,၀၀၀ ကျော်နှင့် ဒေါ်လာသန်း ၃၈၀ ကျော် လျော့ကျခဲ့ကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနမှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။
၂၀၁၈-၂၀၁၉ ဘဏ္ဍာနှစ် အောက်တိုဘာ ၁ ရက်မှ သြဂုတ် ၃၀ ရက်အထိ ပြည်ပမှ စက်သုံးဆီ တန်ချိန် ၄ ဒသမ ၉၅၇ သန်းကျော် တင်သွင်းထားပြီး တန်ဖိုး ဒေါ်လာ ၂ ဒသမ ၉၄၂ ဘီလျံအထိ ရှိသည်။ ယခင်နှစ်ကာလတူတွင် တန်ချိန် ၅ ဒသမ ၄၄၄ သန်းကျော် တင်သွင်းထားပြီး တန်ဖိုး ဒေါ်လာ ၃ ဒသမ ၃၂၆ ဘီလျံအထိ ရှိသည်။
ထို့ကြောင့် လက်ရှိဘဏ္ဍာနှစ် ၁၁ လတွင် ပြည်ပမှ စက်သုံးဆီ တင်သွင်းမှုသည် ယခင်နှစ်ကာလတူထက် တန်ချိန် ၄၈၆,၁၅၀ လျော့ကျခဲ့ပြီး တန်ဖိုးဒေါ်လာ ၃၈၄ ဒသမ ၃၈၉ သန်း လျော့ကျခဲ့ခြင်း ဖြစ်သည်။
လက်ရှိဘဏ္ဍာနှစ် ၁၁ လတွင် ဒီဇယ်တန်ချိန် သုံးသန်းကျော် တင်သွင်းထားပြီး တန်ဖိုးဒေါ်လာ ၁ ဒသမ ၇၉၇ ဘီလျံရှိပြီး ယခင်နှစ် ကာလတူထက် တန်ချိန်ခြောက်သိန်းခွဲကျော် လျော့ကျခဲ့ပြီး တန်ဖိုး ဒေါ်လာ သန်း ၃၈၀ နီးပါး လျော့ကျခဲ့ကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ သိရသည်။
ထို့အတူ ဓာတ်ဆီ တန်ချိန် ၁ ဒသမ ၈၇၇ သန်း တင်သွင်းထားပြီး တန်ဖိုးဒေါ်လာ ၁ ဒသမ ၁၄၄ ဘီလျံ ကျော်ရှိပြီး ယခင်နှစ် ကာလတူထက် တန်ချိန် တစ်သိန်းခြောက်သောင်းကျော် ပိုမိုတင်သွင်းထားပြီး တန်ဖိုး ဒေါ်လာ ငါးသန်းကျော် လျော့ကျခဲ့ကြောင်း သိရသည်။















