ဂျပန်နိုင်ငံက ရာနှုန်းပြည့်ပါဝင်သည့် ဒေါ်လာ ၈ ဒသမ ၄ မီလီယံတန်ရင်းနှီးမြှုပ်နှံမှုဖြင့် TOYOINK ကုမ္ပဏီ မြန်မာနိုင်ငံ၌ လုပ်ငန်းစတင်လည်ပတ်

ဂျပန်နိုင်ငံက ရာနှုန်းပြည့်ပါဝင်သည့် ဒေါ်လာ ၈ ဒသမ ၄ မီလီယံတန်ရင်းနှီးမြှုပ်နှံမှုဖြင့် TOYOINK ကုမ္ပဏီ မြန်မာနိုင်ငံ၌ လုပ်ငန်းစတင်လည်ပတ်
 TOYOINK ကုမ္ပဏီ၏ စက်ရုံဖွင့်ပွဲမြင်ကွင်းကို တွေ့ရစဉ် (ဓာတ်ပုံ-နေဝန်းထက်)
TOYOINK ကုမ္ပဏီ၏ စက်ရုံဖွင့်ပွဲမြင်ကွင်းကို တွေ့ရစဉ် (ဓာတ်ပုံ-နေဝန်းထက်)
Published 29 November 2019
နေဝန်းထက်

ဂျပန်နိုင်ငံက ၁၀၀ ရာခိုင်နှုန်းပါဝင်ရင်း နှီးမြှုပ်နှံထားပြီး စုစုပေါင်း ရင်းနှီးမြှုပ်နှံမှုတန်ဖိုး ဒေါ်လာ ၈ ဒသမ ၄ မီလီယံရှိသည့် ဂျပန်ကုမ္ပဏီ TOYOINK သည် ၎င်းတို့ကုမ္ပဏီ၏ စက်ရုံဖွင့်ပွဲကို သန်လျင်မြို့နယ်ရှိ သီလဝါစက်မှုဇုန်၌ နိုဝင်ဘာ ၃၀ ရက်တွင် ပြုလုပ်ခဲ့ပြီး ဒီဇင်ဘာ ၁ ရက်မှစတင်ကာ မြန်မာနိုင်ငံအတွင်း လုပ်ငန်းစတင်လည်ပတ်မည်ဖြစ်ကြောင်း သိရသည်။

TOYOINK ကုမ္ပဏီက မြန်မာနိုင်ငံ၌ ဂျပန်နိုင်ငံ၏ ရာနှုန်းပြည့် ရင်းနှီးမြှုပ်နှံမှုဖြင့် လာရောက်လုပ်ကိုင်ရခြင်းမှာ ဂျပန်နှင့် မြန်မာနှစ်နိုင်ငံအကြားတွင် ကောင်းမွန်သည့် ဆက်ဆံရေးရှိသည့်အပြင် အာရှနိုင်ငံများထဲတွင် မြန်မာနိုင်ငံသည် စီးပွားရေးအခွင့်အလမ်း တိုးတက်မှုများစွားရှိသည့်အတွက် ယင်းကဲ့သို့ ဒေါ်လာ ၈ မီလီယံကျော်ဖြင့် ရာနှုန်းပြည့် လာရောက်ရင်းနှီးမြှုပ်နှံခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

“မြန်မာနိုင်ငံက အာရှနိုင်ငံတွေကြားထဲမှာ အလားအလာကောင်းတဲ့ စီးပွားရေးအတွက် အခွင့်အလမ်း တိုးတက်မှုတွေ အများကြီးမြင်တဲ့အတွက် ဂျပန်နိုင်ငံကလည်း မြန်မာနိုင်ငံနဲ့ နှစ်ဦးနှစ်ဖက်မှာ ဆက်ဆံရေး အဆင်ပြေနေတဲ့အတွက် ဂျပန်နိုင်ငံကနေပြီးတော့ ၁၀၀ ရာခိုင်နှုန်း ရင်းနှီးမြှုပ်နှံမှုအနေနဲ့ လာလုပ်ဖို့ ဆုံးဖြတ်ခဲ့တာပါ။ လက်ရှိမှာ စုစုပေါင်း ၈ ဒသမ ၄ မီလီယံ ရင်းနှီးမြှုပ်နှံထားတာဖြစ်ပါတယ်” ဟု TOYOINK ကုမ္ပဏီ၏ HR ဌာနမှ လက်ထောက်မန်နေဂျာ မဆုဝေလွင်က ပြောကြားသည်။

အဆိုပါကုမ္ပဏီအား သီလဝါစက်မှုဇုန်အတွင်း၌ လာရောက်ရင်းနှီးမြှုပ်နှံထားခြင်းကြောင့် အစိုးရ၏ ငါးနှစ်အခွန်ကင်းလွတ်ခွင့်ကို ရရှိထားကြောင်း သိရသည်။

“မြန်မာနိုင်ငံထဲမှာက အခုနောက်ပိုင်းမှာ ပုံနှိပ်လုပ်ငန်းတွေရယ် အစားအသောက်ထုတ်ပိုးတဲ့လုပ်ငန်းတွေက လူတွေက ထုတ်ပိုးတဲ့အပိုငး်ကို အများကြီးစိတ်ဝင်စားလာတဲ့အတွက် အလားအလာရှိတယ်လို့လည်း သူတို့တွေက ယူဆတယ်။ အဲဒီအတွက် ဒီမှာလာပြီးတော့ ရင်းနှီးမြှုပ်နှံမှုပြုလုပ်ခဲ့တာပါ။ စက်ရုံက ဒီနေ့စပြီးတော့ ဖွင့်လှစ်လိုက်ပြီးနောက် ရက်ကစပြီးတော့ စတင်လည်ပတ်တော့မှာပါ။ အခုက သီလဝါစက်မှုဇုန်ထဲမှာ ရင်းနှီးမြှုပ်နှံတာဖြစ်တဲ့အတွက် ပရိုမိုးရှင်းဇုန်ထဲမှာဖြစ်လို့ အခွန်သက်သာခွင့် ငါးနှစ်ရှိပါတယ်” ဟု လက်ထောက်မန်နေဂျာ မဆုဝေလွင်က ပြောကြားသည်။

TOYOINK ကုမ္ပဏီသည် လက်ရှိတွင် မြန်မာနိုင်ငံ၌ ဝန်ထမ်းအင်အား ၂၀ ဖြင့် စတင်လုပ်ကိုင်မည်ဖြစ်ပြီး လုပ်ငန်းစတင်လည်ပတ်နိုင်ရန်အတွက် တစ်နှစ်ကျော်ခန့် အချိန်ယူခဲ့ရကာ နောက်ပိုင်းတွင် မြန်မာနိုင်ငံသား ဝန်ထမ်းများ လုပ်ငန်းအဓိကလုပ်ကိုင်စေမည့် Local System ဖြင့် ဆက်လက်လုပ်ကိုင်သွားမည်ဖြစ်ကြောင်း သိရသည်။

TOYOINK ကုမ္ပဏီသည် ပုံနှိပ်လုပ်ငန်များတွင် လိုအပ်သည့် မှင်နှင့် စားသောက်ကုန် ထုတ်ပိုးမှုထုတ်ကုန်များကို ထုတ်လုပ်မည်ဖြစ်ပြီး အိမ်နီချင်းနိုင်ငံများဖြစ်သည့် ထိုင်းနိုင်ငံ၊ အင်ဒိုနီးရှားနိုင်ငံတို့အပါအဝင် တစ်ကမ္ဘာလုံး၌ နိုင်ငံပေါင်း ၂၃ နိုင်ငံတွင် ရင်းနှီးမြှုပ်နှံမှုများစွာ ရှိသည့်ကုမ္ပဏီတစ်ခုဖြစ်ကြောင်း သိရသည်။

အဆိုပါ ကုမ္ပဏီအား ၁၈၉၆ ခုနှစ်တွင် စတင်တည်ထောင်ခဲ့ခြင်းဖြစ်ပြီး မြန်မာနိုင်ငံ၌လည်း လုပ်ငန်းတိုးချဲ့မှုများစွာ ပြုလုပ်ရန် ရည်ရွယ်ထားသည့် ကုမ္ပဏီတစ်ခုလည်းဖြစ်သည်။

သီလဝါအထူးစီးပွားရေးဇုန် A အဖြစ် အကောင်အထည်ဖော်နေသည့် မြေ ၄၀၅ ဟက်တာအနက် ၉၉ ရာခိုင်နှုန်းအား ရောင်းချပြီးဖြစ်ကာ ဇုန် B တွင် ရာခိုင်နှုန်း ၅၀ ခန့် ရောင်းချပြီးဖြစ်ကြောင်း သိရသည်။

သီလဝါအထူးစီးပွားရေးဇုန် B ၌ တိုယိုတာက စက်ရုံတည်ဆောက်ပြီး ၂၀၂၁ မှစတင်ကာ မော်တော်ယာဉ်များ တပ်ဆင်ထုတ်လုပ်ရန်မြေ ၂၁ ဟက်တာ ရယူထားကြောင်း Myanmar- Japan Thilawa Development ကုမ္ပဏီလီမီတက်မှ သိရသည်။

“MJTD အနေနဲ့ သီလဝါ SEZ မှာ အကောင်အထည်ဖော်သွားမယ့် မြေဧက ၂၄၀၀ ဟက်တာရှိပါတယ်။ ဇုန် A ၄၀၅ ဟက်တာရှိပြီး ပထမဆုံးအကောင်အထည်ဖော်ခဲ့တဲ့ ဧရိယာဖြစ်ပါတယ်။ အခုဆိုရင် ဇုန် A ပြီးသွားတော့ ဇုန် B ကိုလည်း ဆက်လက်အကောင်အထည်ဖော်နေပါတယ်။  ဇုန် B ကို အကောင်အထည်ဖော်တဲ့နေရာမှာ Phase by Phase အပိုင်းလိုက်ခွဲခြားပြီး အကောင်အထည်ဖော်နေပါတယ်။ ဇုန် A ရဲ့ ၉၉ ရာခိုင်နှုန်းကို ရောင်းချပြီးဖြစ်သလို ဇုန် B ရဲ့ အပိုင်း ၁ မှာ ၇၉ ရာခိုင်နှုန်း၊ အပိုင်း ၂ မှာ ၄၉ ရာခိုင်နှုန်းနဲ့ အပိုင်း ၃ မှာ ၆၂ ရာခိုင်နှုန်း ရောင်းချပြီးဖြစ်ပါတယ်” ဟု Myanmar Japan Thilawa Development ကုမ္ပဏီ လီမီတက်မှ တာဝန်ရှိသူက ပြောကြားသည်။

 

 

Most Read

Most Recent