လက်ရှိဘဏ္ဍာနှစ် တစ်လခွဲတွင် ပြည်ပသို့ ဆန်နှင့် ဆန်ကွဲတန်ချိန် ၄၃၀၀၀၀ ကျော်တင်ပို့မှုမှ ဝင်ငွေဒေါ်လာ သန်း ၁၂၀ ကျော် ရရှိထားပြီး ပင်လယ်ရေကြောင်းမှတစ်ဆင့် တင်ပို့မှု ရာခိုင်နှုန်း ၈၀ ကျော်ရှိ

လက်ရှိဘဏ္ဍာနှစ် တစ်လခွဲတွင် ပြည်ပသို့ ဆန်နှင့် ဆန်ကွဲတန်ချိန် ၄၃၀၀၀၀ ကျော်တင်ပို့မှုမှ ဝင်ငွေဒေါ်လာ သန်း ၁၂၀ ကျော် ရရှိထားပြီး ပင်လယ်ရေကြောင်းမှတစ်ဆင့် တင်ပို့မှု ရာခိုင်နှုန်း ၈၀ ကျော်ရှိ
  ဘုရင့်နောင်ရှိ ဆန်ပွဲရုံတစ်ခုကို တွေ့ရစဉ်(ဓာတ်ပုံ-ဇေယျာငြိမ်း)
ဘုရင့်နောင်ရှိ ဆန်ပွဲရုံတစ်ခုကို တွေ့ရစဉ်(ဓာတ်ပုံ-ဇေယျာငြိမ်း)
Published 29 November 2019
ဇေယျာငြိမ်း

လက်ရှိဘဏ္ဍာနှစ် တစ်လခွဲတွင် ပြည်ပသို့ ဆန်နှင့်ဆန်ကွဲတန်ချိန် ၄၃၀၀၀၀ ကျော်တင်ပို့မှုမှ ဝင်ငွေဒေါ်လာ သန်း ၁၂၀ ကျော် ရရှိထားပြီး ပင်လယ်ရေကြောင်းမှတစ်ဆင့် တင်ပို့မှုသည် ရာခိုင်နှုန်း ၈၀ ကျော် အထိရှိကြောင်း မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်မှ ထုတ်ပြန်ထားသည့် စာရင်းများအရသိရသည်။

၂၀၁၉ -၂၀၂၀ ဘဏ္ဍာနှစ်ဖြစ်သည့် ၂၀၁၉ ခုနှစ် အောက်တိုဘာ ၁ ရက်မှ နိုဝင်ဘာ ၁၅ ရက်အထိ ပြည်ပသို့ ဆန်နှင့် ဆန်ကွဲ စုစုပေါင်းတန်ချိန် ၄၃၆၆၈၅ ဒသမ ၆၉၄ တင်ပို့မှုမှ ဝင်ငွေအမေရိကန်ဒေါ်လာ ၁၂၆ ဒသမ ၄၂၇ သန်း ရရှိထားကြောင်း မြန်မာနိုင်ငံ ဆန်စပါးအသင်းချုပ်မှ ထုတ်ပြန်ထားသည်။

ယင်းကဲ့သို့ တင်ပို့ခဲ့ရာတွင် နိုင်ငံပေါင်း ၃၇ နိုင်ငံသို့ ဆန်တန်ချိန် ၂၉၅၆၁၈ ဒသမ ၉၄၄ တင်ပို့မှုမှ ဝင်ငွေအမေရိကန်ဒေါ်လာ ၈၉ သန်းကျော် ရရှိခဲ့သည်။ နိုင်ငံပေါင်း ၂၈ နိုင်ငံသို့ ဆန်ကွဲတန်ချိန် ၁၄၁၀၆၆ ဒသမ ၇၅၀ တင်ပို့မှုမှ ဝင်ငွေအမေရိကန်ဒေါ်လာ ၃၆ သန်းကျော် ရရှိခဲ့ခြင်းဖြစ်သည်။

မြန်မာနိုင်ငံမှဆန်ကို ပြည်ပတင်ပို့ရာ၌ ပင်လယ်ရေကြောင်းကုန်သွယ်မှုမှ အီးယူစျေးကွက်၊ အာဖရိကစျေးကွက်သို့ တင်ပို့လျက်ရှိပြီး မူဆယ်နယ်စပ်မှတစ်ဆင့် တရုတ်နိုင်ငံသို့ အဓိက တင်ပို့နေခြင်းဖြစ်သည်။

အဆိုပါကာလအတွင်း ပင်လယ်ရေကြောင်းမှတစ်ဆင့် ပြည်ပသို့ ဆန်နှင့်ဆန်ကွဲ တန်ချိန် ၃၇၀၀၀၀ ကျော်တင်ပို့မှုမှ ဝင်ငွေအမေရိကန်ဒေါ်လာ ၁၀၈ သန်းကျော်ရှိသည်။ စုစုပေါင်းတင်ပို့မှု၏ ၈၄ ရာခိုင်နှုန်း ကျော်ရှိသည်။

ထို့အတူ နယ်စပ်ကုန်သွယ်ရေးစခန်းများမှ ဆန်နှင့်ဆန်ကွဲတန်ချိန် ၆၆၀၀၀ ကျော်တင်ပို့မှုမှ ဝင်ငွေအမေရိကန်ဒေါ်လာ ၁၇ သန်းကျော် ရရှိထားသည်။ စုစုပေါင်းတင်ပို့မှု၏ ၁၅ ရာခိုင်နှုန်းကျော်ရှိသည်။

ပြီးခဲ့သည့် ၂၀၁၈ -၂၀၁၉ ဘဏ္ဍာနှစ်တွင် ပြည်ပသို့ ဆန်နှင့်ဆန်ကွဲ စုစုပေါင်းတန်ချိန် ၂ ဒသမ ၃၅၅ သန်းတင်ပို့မှုမှ ဝင်ငွေအမေရိကန်ဒေါ်လာ ၇၀၉ ဒသမ ၆၉၃ သန်း ရရှိိထားကြောင်း မြန်မာနိုင်ငံ ဆန်စပါးအသင်းချုပ်မှ ထုတ်ပြန်ထားသည်။

၂၀၁၇-၂၀၁၈ ဘဏ္ဍာနှစ်အတွင်း ပြည်ပသို့ မြန်မာ့ဆန်နှင့်ဆန်ကွဲတန်ချိန် ၃ ဒသမ ၆ သန်းနီးပါး တင်ပို့နိုင်ခဲ့ပြီး နှစ်ပေါင်း ၅၀ ကျော်အတွင်း စံချိန်တင် တင်ပို့နိုင်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

၂၀၁၉ ခုနှစ် နွေစပါးပေါ်ချိန်တွင် စပါးစျေးကျဆင်းနေခြင်းနှင့် တောင်သူများ အခက်အခဲ ဖြစ်နေခြင်းကိစ္စရပ်များနှင့် ပတ်သက်ပြီး မြန်မာနိုင်ငံ ဆန်စပါးအသင်းချုပ်အနေဖြင့် ဆောင်ရွက်သင့်သော ကိစ္စရပ်များကို ဆောင်ရွက်လျက်ရှိကြောင်း၊ ယင်းသို့ဆောင်ရွက်ရာတွင် သိုလှောင်ရုံအခက်အခဲ၊ အဆင့်အတန်းရှိသည့် စပါးများ အခြောက်ခံရန် အခက်အခဲ၊ သယ်ယူပို့ဆောင်ရေး ယာဉ်အခက်အခဲများ ရှိနေသဖြင့် လုပ်ငန်းတွင်ကျယ်မှုအားနည်းမှုများကို တွေ့ရှိရကြောင်း မြန်မာနိုင်ငံ ဆန်စပါးအသင်းချုပ်မှ မေ ၁၈ ရက်က ထုတ်ပြန်ထားသည်။

ထို့ပြင် မြန်မာ့ဆန်စပါးကဏ္ဍသည် နယ်စပ်မှ အရောင်းအဝယ်အလွန်နည်းခြင်းနှင့် ပြည်ပတင်ပို့မှု ကျဆင်းနေကြောင်း၊ ယခုအ ခြေအနေသည် ပုဂ္ဂလိက သက်သက်ဖြင့်သာ ဆောင်ရွက်နိုင်ခြင်းမရှိကြောင်း ထုတ်ပြန်ထားသည်။                                 

 

 

Most Read

Most Recent