သုံးနှစ်အတွင်း မြန်မာနိုင်ငံ၏ လယ်ယာစိုက်ပျိုးရေးကဏ္ဍတွင် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုပမာဏ  ဒေါ်လာ ၁၅၄ သန်းကျော်သာ ဝင်ရောက်ထားပြီး စုစုပေါင်းနိုင်ငံခြားရင်းနှီးမြှုပ်နှံမှု၏ သုည ဒသမ ၅ ရာခိုင်နှုန်းသာရှိ

သုံးနှစ်အတွင်း မြန်မာနိုင်ငံ၏ လယ်ယာစိုက်ပျိုးရေးကဏ္ဍတွင် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုပမာဏ  ဒေါ်လာ ၁၅၄ သန်းကျော်သာ ဝင်ရောက်ထားပြီး စုစုပေါင်းနိုင်ငံခြားရင်းနှီးမြှုပ်နှံမှု၏ သုည ဒသမ ၅ ရာခိုင်နှုန်းသာရှိ
 ပေါင်းတည်မြို့နယ်အတွင်း စက်ကြီးများဖြင့် မိုးစပါးရိတ်သိမ်းနေမှုကို တွေ့ရစဉ်(ဓာတ်ပုံ-ဇေယျာငြိမ်း)
ပေါင်းတည်မြို့နယ်အတွင်း စက်ကြီးများဖြင့် မိုးစပါးရိတ်သိမ်းနေမှုကို တွေ့ရစဉ်(ဓာတ်ပုံ-ဇေယျာငြိမ်း)
Published 28 November 2019

၂၀၁၆ -၂၀၁၇ ဘဏ္ဍာနှစ်မှ ၂၀၁၈- ၂၀၁၉ ဘဏ္ဍာနှစ်အထိ သုံးနှစ်အတွင်း မြန်မာနိုင်ငံ၏ လယ်ယာစိုက်ပျိုးရေးကဏ္ဍတွင် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုပမာဏ ဒေါ်လာ ၁၅၄ သန်းကျော်သာ ဝင်ရောက်ထားပြီး စုစုပေါင်း နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု၏ သုညဒသမ ၅ ရာခိုင်နှုန်းသာရှိကြောင်း မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှု ကော်မရှင် အတွင်းရေးမှူးဦးသန့်စင်လွင်က ပြောကြားသည်။

သုံးနှစ်အတွင်း လယ်ယာစိုက်ပျိုးရေးကဏ္ဍတွင် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု ဝင်ရောက်မှုကို လေ့လာကြည့်ပါက ၂၀၁၆ -၂၀၁၇ ဘဏ္ဍာနှစ်တွင် လယ်ယာကဏ္ဍတွင် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု မဝင်ရောက်ခဲ့သော်လည်း ၂၀၁၇- ၂၀၁၈ ဘဏ္ဍာနှစ်တွင် ဒေါ်လာ ၁၃၄ ဒသမ ၈၄၅ သန်း၊ ၂၀၁၈-၂၀၁၉ ဘဏ္ဍာနှစ်တွင် ဒေါ်လာ ၁၉ ဒသမ ၁၁၉ သန်း ဝင်ရောက်ခဲ့ကြောင်း သိရသည်။

မြန်မာနိုင်ငံ၏ လယ်ယာစိုက်ပျိုးရေး ကဏ္ဍအတွင်း ဝင်ရောက်ခဲ့သည့် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုအခြေအနေကို လေ့လာကြည့်ပါက ၁၉၈၈-၁၉၈၉ ဘဏ္ဍာနှစ်တွင် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုပမာဏ ဒေါ်လာ ၃၄ ဒသမ ၃၅၁ သန်း ဝင်ရောက်ခဲ့သည်။

ယင်းနောက် ငါးနှစ်ဆက်တိုက် ဝင်ရောက်ခဲ့ခြင်းမရှိဘဲ ၂၀၁၀-၂၀၁၁ ဘဏ္ဍာနှစ်တွင် ဒေါ်လာ ၁၃၈ ဒသမ ၇၅၀ သန်း ဝင်ရောက်ခဲ့ကာ ၂၀၁၁-၂၀၁၂ ဘဏ္ဍာနှစ်တွင် ဝင်ရောက်ခြင်းမရှိခဲ့ပေ။

၂၀၁၂-၂၀၁၃ ဘဏ္ဍာနှစ်တွင် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုပမာဏ ဒေါ်လာ ၉ ဒသမ ၆၅၀ သန်း၊ ၂၀၁၃-၂၀၁၄ ဘဏ္ဍာနှစ်တွင် ဒေါ်လာ ၂၀ ဒသမ ၂၆၉ သန်း၊ ၂၀၁၄-၂၀၁၅ ဘဏ္ဍာ နှစ်တွင် ဒေါ်လာ ၃၉ ဒသမ ၆၆၆ သန်း၊ ၂၀၁၅-၂၀၁၆ ဘဏ္ဍာနှစ်တွင် ဒေါ်လာ ၇ ဒသမ ၁၈၀ သန်း၊ ၂၀၁၆-၂၀၁၇ ဘဏ္ဍာနှစ်တွင်မူ လယ်ယာကဏ္ဍတွင် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု ဝင်ရောက်ခဲ့ခြင်းမရှိပေ။

စိုက်ပျိုးရေးကဏ္ဍတွင် ဝင်ရောက်လုပ်ကိုင်ရန် တင်ပြလာသည့် ရင်းနှီးမြှုပ်နှံမှုအဆိုပြုလွှာများရှိပါက မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှုကော်မရှင်အနေဖြင့် လုပ်ကိုင်ခွင့် အမြန်ဆုံးချထားပေးသွားမည်ဖြစ်ကြောင်းနှင့် ယခုနှစ်အတွင်း ရင်းနှီးမြှုပ်နှံမှု ဦးစားပေး မြှင့်တင်သွားမည့်ကဏ္ဍများတွင် စိုက်ပျိုးရေးကဏ္ဍ ပါဝင်ကြောင်း သိရသည်။

မြန်မာနိုင်ငံ၏ လယ်ယာကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးအတွက် တောင်သူလယ်သမားများကို စိုက်ပျိုးစရိတ်ချေးငွေများ ထုတ်ချေးပေးရုံနှင့် မလုံလောက်သဖြင့် သွင်းအားစုများ၊ လယ်ယာသုံးစက်ကိရိယာများ ဝယ်ယူသုံးစွဲနိုင်ရေးအတွက်  ချေးငွေများထုတ်ချေးပေးရန် စီစဉ်လျက်ရှိကြောင်း စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာနမှ သိရသည်။

မြန်မာနိုင်ငံ၏ စိုက်ပျိုးရေးထုတ်လုပ်မှုကဏ္ဍ ဖွံ့ဖြိုးတိုးတက်စေရေးအတွက် လယ်ယာစိုက်ပျိုးရေးကို စိတ်ပါဝင်စားသည့် ပြည်တွင်းပြည်ပလုပ်ငန်းရှင်များ၏ ရင်းနှီးမြှုပ်နှံမှု၊ နည်းပညာပူးပေါင်းဆောင်ရွက်မှုများဖြင့် ဆောင်ရွက်လျက်ရှိကြောင်း စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာအောင်သူက ပြောကြားသည်။

ထို့ပြင် စျေးကွက်ယှဉ်ပြိုင်နိုင်သော အသေးစားနှင့် အလတ်စားလုပ်ငန်းများ၊ စိုက်ပျိုးရေးထွက်ကုန် အခြေခံစက်ရုံများ ဖွံ့ဖြိုးလာရေး၊ လယ်ယာသုံးစက်ကိရိယာများ၊ ရိတ်သိမ်းချိန်လွန်နည်းပညာနှင့် မျိုးစေ့ကဏ္ဍများတွင်လည်း ရင်းနှီးမြှုပ်နှံမှုများ ဖိတ်ခေါ်ဆောင်ရွက်ပေးခြင်းဖြင့် တောင်သူများ၏ အကျိုးစီးပွားသာမက နိုင်ငံတော်အတွက် လယ်ယာထွက်ကုန်စျေးကွက် ဖော်ဆောင်နိုင်ရေးကဏ္ဍကိုပါ ပိုမိုတိုးတက်လာမည်ဖြစ်ကြောင်း ၎င်းကဆိုသည်။

လယ်ယာကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးအတွက် ရင်းနှီးမြှုပ်နှံမှုကို အားပေးဆောင်ရွက်ရာတွင် နိုင်ငံအချင်းချင်း ၁၇ ခု၊ နိုင်ငံတကာအဖွဲ့အစည်း ၁၂ ခု၊ အစိုးရမဟုတ်သော အပြည်ပြည်ဆိုင်ရာအဖွဲ့အစည်း ၁၄ ခုနှင့် အခြားအဖွဲ့အစည်း ၃၄ ခုတို့၏ အကူအညီဖြင့် နိုင်ငံခြားချေးငွေစီမံကိန်း ၁၇ ခုနှင့် အထောက်အပံ့စီမံကိန်း (နည်းပညာအပါအဝင်) ၁၁၁ ခု စီမံကိန်းပေါင်း ၁၂၈ ခုကို ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

လယ်ယာကဏ္ဍဖွံ့ဖြိုးရေးစီမံကိန်းလုပ်ငန်းများကို နိုင်ငံတော်ရန်ပုံငွေဖြင့်သာမက  နိုင်ငံခြားအကူအညီ အထောက်အပံ့၊ ချေးငွေများဖြင့်ပါ ဆောင်ရွက်လျက်ရှိရာ ဘတ်ဂျက်တောင်းခံမှုနှင့် ချေးငွေစာချုပ် လက်မှတ်ရေးထိုးခြင်းလုပ်ငန်းများကို အချိန်ကိုက်ဆောင်ရွက်ရန် အရေးကြီးကြောင်း စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာအောင်သူက ပြောကြားသည်။

 

Most Read

Most Recent