လက်ရှိဘဏ္ဍာနှစ် တစ်လခွဲတွင် စုစုပေါင်းကုန်သွယ်မှု ဒေါ်လာ ၄ ဒသမ ၆ ဘီလျံနီးပါးရှိပြီး ယခင်နှစ်ကာလတူထက် ဒေါ်လာသန်း ၅၉၀ ခန့် ပိုမိုရရှိသည့်အပြင် ကုန်သွယ်မှုလိုငွေ ဒေါ်လာသန်း ၂၀ နီးပါးသာရှိ

လက်ရှိဘဏ္ဍာနှစ် တစ်လခွဲတွင် စုစုပေါင်းကုန်သွယ်မှု ဒေါ်လာ ၄ ဒသမ ၆ ဘီလျံနီးပါးရှိပြီး ယခင်နှစ်ကာလတူထက် ဒေါ်လာသန်း ၅၉၀ ခန့် ပိုမိုရရှိသည့်အပြင် ကုန်သွယ်မှုလိုငွေ ဒေါ်လာသန်း ၂၀ နီးပါးသာရှိ
 မြန်မာ-တရုတ် ကုန်သွယ်ရေးလမ်းကြောင်းပေါ်ရှိ မန္တလေး-မူဆယ်လမ်းမကြီးတစ်နေရာကို တွေ့ရစဉ် (ဓာတ်ပုံ-ထွန်းနေလှိုင်)
မြန်မာ-တရုတ် ကုန်သွယ်ရေးလမ်းကြောင်းပေါ်ရှိ မန္တလေး-မူဆယ်လမ်းမကြီးတစ်နေရာကို တွေ့ရစဉ် (ဓာတ်ပုံ-ထွန်းနေလှိုင်)
Published 25 November 2019
                          ဇေယျာငြိမ်း

လက်ရှိဘဏ္ဍာနှစ် တစ်လခွဲတွင် စုစုပေါင်းကုန်သွယ်မှု ဒေါ်လာ ၄ ဒသမ ၆ ဘီလျံနီးပါးရှိပြီး ယခင်နှစ်ကာလတူထက် ဒေါ်လာသန်း ၅၉၀ ခန့် ပိုမိုရရှိထားသည့်အပြင် ကုန်သွယ်မှုလိုငွေ ဒေါ်လာသန်း ၂၀ နီးပါးသာရှိကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ ထုတ်ပြန်ထားသည့် စာရင်းများအရ သိရသည်။

၂၀၁၉ -၂၀၂၀ ဘဏ္ဍာနှစ် အောက်တိုဘာ ၁ ရက်မှ နိုဝင်ဘာ ၁၅ ရက်အထိ တစ်လခွဲအတွင်း စုစုပေါင်း ကုန်သွယ်မှုပမာဏ ဒေါ်လာ ၄ ဒသမ ၅၉၈ ဘီလျံရရှိထားသည်။ ယခင်နှစ်ကာတူတွင်မူ ဒေါ်လာ ၄ ဒသမ  ၀၁၀ ဘီလျံသာ ရရှိထားသည်။

ထို့ကြောင့် လက်ရှိဘဏ္ဍာနှစ် တစ်လခွဲတွင် စုစုပေါင်းကုန်သွယ်မှုသည် ယခင်နှစ်ကာလတူထက် ဒေါ်လာ ၅၈၇ ဒသမ ၈၇၅ သန်းအထိ ပိုမိုရရှိထားခြင်းဖြစ်သည်။

အဆိုပါကာလအတွင်း မြန်မာနိုင်ငံက တင်ပို့ထားသည့် ပို့ကုန်တန်ဖိုးမှာ ဒေါ်လာ ၂ ဒသမ ၂၈၉ ဘီလျံရှိသည်။ ပြည်ပနိုင်ငံများမှ တင်သွင်းထားသည့် သွင်းကုန်တန်ဖိုးမှာ ဒေါ်လာ ၂ ဒသ မ ၃၀၉ ဘီလျံရှိသည်။

အဆိုပါကာလအတွင်း သွင်းကုန်တင်သွင်းမှုသည် ပို့ကုန်တင်သွင်းမှုထက် ဒေါ်လာ ၁၉ ဒသမ ၉၈၃ သန်း ပိုမိုတင်သွင်းထားသည်။

ထို့ကြောင့် လက်ရှိဘဏ္ဍာနှစ် တစ်လခွဲတွင် ကုန်သွယ်မှုလိုငွေဒေါ်လာ ၁၉ ဒသမ ၉၈၃ သန်းသာ ဖြစ်ပေါ်ခဲ့သည်။ (ကုန်သွယ်မှု လိုငွေဆိုသည်မှာ ပို့ကုန်တန်ဖိုးထက် သွင်းကုန်တန်ဖိုးက ပိုများနေခြင်းကို ဆိုလိုသည်။)

ယခင်နှစ်ကာလတူတွင် ကုန်သွယ်မှုလိုငွေသည် ဒေါ်လာ ၅၇၉ ဒသမ ၈၅၀ သန်းအထိဖြစ်ပေါ်ခဲ့သဖြင့် လက်ရှိဘဏ္ဍာနှစ် တစ်လခွဲအတွင်း ကုန်သွယ်မှုလိုငွေဖြစ်ပေါ်မှုမှာ ယခင်နှစ်ကာလတူထက် ဒေါ်လာသန်း ၅၅၀ ကျော်အထိ လျော့ကျခဲ့ကြောင်း သိရသည်။

လက်ရှိတွင် မြန်မာနိုင်ငံမှ ပြည်ပသို့ အဓိကတင်ပို့နေသည့် ပို့ကုန်များမှာ လယ်ယာထွက်ပစ္စည်း၊ တိရစ္ဆာန်ထွက်ပစ္စည်း၊ ရေထွက်ပစ္စည်း၊ သစ်တောထွက်ပစ္စည်း၊ သတ္တုတွင်းထွက်ပစ္စည်း၊ စက်မှုကုန်ချော CMP နှင့် အခြားပစ္စည်းများ စသည်တို့ကို တင်ပို့နေခြင်းဖြစ်သည်။

မြန်မာနိုင်ငံအနေဖြင့် ပြည်ပမှရင်းနှီး မြှုပ်နှံမှုကုန်ပစ္စည်း၊ လုပ်ငန်းသုံးကုန်ကြမ်းပစ္စည်း၊ လူသုံးကုန်ပစ္စည်း၊ CMP ကုန်ကြမ်းပစ္စည်း စသည်တို့ကို အဓိကတင်သွင်းနေခြင်းဖြစ်သည်။

လက်ရှိ ၂၀၁၉ -၂၀၂ဝဘဏ္ဍာနှစ်အတွက် စုစုပေါင်းကုန်သွယ်မှုပမာဏ ဒေါ်လာ ၃၄ ဘီလျံရရှိရန် ခန့်မှန်းထားပြီး ပို့ကုန်ကဏ္ဍမှ ဒေါ်လာ ၁၈ ဘီလျံအထိတင်ပို့နိုင်မည်ဖြစ်ကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးဒေါက်တာသန်းမြင့်က ဆိုသည်။

နိုဝင်ဘာ ၁၆ ရက်က ရန်ကုန်မြို့ရှိ Fortune Plaza ၌ ပြုလုပ်သည့် “Myanmar Entrepreneurship Summit 2019” တွင် မီဒီယာများ၏ မေးမြန်းမှုကို ယခုကဲ့သို့ ပြောကြားခဲ့ခြင်းဖြစ်သည်။

“ဒီနှစ်အတွက် သိပ်မများပါဘူး။ ကုန်သွယ်မှုက ဒေါ်လာ ၃၄ ဘီလျံလောက် မှန်းထားတယ်။ ပို့ကုန်ပိုင်းကတော့ ဒေါ်လာ ၁၈ ဘီလျံလောက် မှန်းထားတယ်” ဟု ပြည်ထောင်စုဝန်ကြီး ဒေါက်တာသန်းမြင့်က ပြောကြားသည်။

ပြီးခဲ့သည့် ၂၀၁၈ -၂၀၁၉ ဘဏ္ဍာနှစ်တွင် ပြည်ပပို့ကုန်တန်ဖိုး ဒေါ်လာ ၁၅ ဒသမ ၃ ဘီလျံရရှိရန်နှင့် သွင်းကုန်တန်ဖိုး ဒေါ်လာ ၁၅ဒသမ၈ ဘီလျံ စုစုပေါင်း ကုန်သွယ်မှုပမာဏ ဒေါ်လာ ၃၁ ဒသမ ၁ ဘီလျံရရှိအောင် ဆောင်ရွက်သွားရန် လျာထားခဲ့သည်။

၂၀၁၈ -၂၀၁၉ ဘဏ္ဍာနှစ်ကုန်ဆုံးချိန်တွင် စုစုပေါင်းကုန်သွယ်မှုပမာဏ ဒေါ်လာ ၃၄ ဒသမ ၉၇၉ ဘီလျံအထိရရှိခဲ့ပြီး ခန့်မှန်းလျာထားချက်ထက် ဒေါ်လာ ၃ ဒသမ ၈ ဘီလျံကျော်အထိ ပိုမိုရရှိခဲ့ခြင်းဖြစ်ကြောင်း စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ ထုတ်ပြန်သည့်စာရင်းများအရ သိရသည်။

 

Most Read

Most Recent