စည်ပင်သာယာနယ်နမိတ်အတွင်း ဆက်သွယ်ရေးကုမ္ပဏီအချို့သည် Fiber Cable နှင့် ဆက်စပ်ကိရိယာများ၊ Wif ချိတ်ဆက်မှုများကို ဆက်သွယ်ရေးတိုင်များတွင် တရားမဝင်တပ်ဆင်နေသဖြင့် ရှင်းလင်းဖယ်ရှားမည်ဖြစ်ပြီး ပြည်သူများအနေဖြင့် အဆိုပါကုမ္ပဏီများနှင့် ဆက်သွယ်ဆောင်ခြင်းမပြုရန် နိုဝင်ဘာ ၁၅ ရက်တွင် ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီက အသိပေးကြေညာခဲ့သည်။
အဆိုပါ ကြေညာချက်တွင် ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီသည် ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့၏ ကြီးကြပ်ကွပ်ကဲမှုဖြင့် ဆက်သွယ်ရေးကွန်ရက်လုပ်ငန်းများ အဆင်ပြေချောမွေ့စွာဆောင်ရွက်နိုင်ရန် Fiber Cable များ စနစ်တကျသွယ်တန်းနိုင်ရေးအတွက် Last Mile မြေပေါ် မြေအောက် သွယ်တန်းခြင်းလုပ်ငန်းတို့အား တင်ဒါခေါ်ယူဆောင်ရွက်လျက်ရှိကြောင်း ပါရှိသည်။
ဆက်သွယ်ရေးဝန်ဆောင်မှုကုမ္ပဏီအချို့သည် ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီနယ်နိမိတ်အတွင်း Fiber Optic Cable နှင့် ဆက်စပ်ဆက်သွယ်ရေး ကိရိယာများ၊ Wifi ချိတ်ဆက်မှုကိရိယာများ တပ်ဆင်ချိတ်ဆွဲခြင်းနှင့် ဆက်သွယ်ရေးတိုင်များ စိုက်ထူခြင်းတို့အား တရားဝင်ခွင့်ပြုချက်ရယူခြင်းမရှိဘဲ တပ်ဆင်ဆောင်ရွက်လျက်ရှိကြောင်း၊ ထို့သို့ ခွင့်ပြုချက်မရှိသော Fiber ကြိုးများ သွယ်တန်းထားမှုကြောင့် ဝန်နှင့်အား ညီမျှမှုမရှိဘဲ အန္တရာယ်ရှိလာနိုင်သောကြောင့် ဆောင်ရွက်ခြင်းမပြုလုပ်ရန်နှင့် ခွင့်ပြုချက်မရှိဆောင်ရွက်ထားသည်ကို စစ်ဆေးတွေ့ရှိပါက ရှင်းလင်းဖယ်ရှားသွားမည်ဖြစ်ကြောင်း ကြေညာချက်တွင်ပါရှိသည်။
ထို့ကြောင့် ရန်ကုန်မြို့တော်နေ ပြည်သူများအနေဖြင့်လည်း တရားဝင်ခွင့်ပြုချက် ရယူထားခြင်းမရှိသော ဆက်သွယ်ရေးဝန်ဆောင်မှုကုမ္ပဏီများနှင့် ဆက်သွယ်ဆောင်ရွက်ခြင်း မပြုလုပ်ကြရန် ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီက အသိပေးနှိုးဆော်ထားသည်။
ရန်ကုန်မြို့ရှိ ဆက်သွယ်ရေးတိုင်များနှင့် ဓာတ်တိုင်များပေါ်တွင် သက်ဆိုင်ရာ ပိုင်ရှင်၏ သဘောတူညီမှုမရှိဘဲ ဆက်သွယ်ရေး ညွှန်ကြားမှုဦးစီးဌာန၏လိုင်စင်ကိုင်၍ တရားမဝင် ဆက်သွယ်မှုများကို အရေးယူနိုင်ကြောင်း ရန်ကုန်တိုင်းဒေသကြီးအစိုးအဖွဲ့၊ လျှပ်စစ်၊ စက်မှုလက်မှုနှင့် လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဒေါ်နီလာကျော်က စက်တင်ဘာ ၂၆ ရက်တွင်ပြုလုပ်သည့် ဒုတိယအကြိမ် ရန်ကုန်တိုင်းဒေသကြီး လွှတ်တော် ဒသမပုံမှန်အစည်းအဝေး သတ္တမနေ့တွင် ပြောကြားထားသည်။
ယင်းသို့ ဆက်သွယ်ရေး လုပ်ငန်း ဆောင်ရွက်နေသူများမှာ ဆက်သွယ်ရေး ညွှန်ကြားမှုဦးစီးဌာနက လိုင်စင်ထုတ်ပေးလိုက်သော်လည်း ဆက်သွယ်ရေးဥပဒေ ပုဒ်မ ၄၁ အရ သက်ဆိုင်ရာ ၏ခွင့်ပြုချက်မရှိဘဲ ဆက်သွယ်နေခြင်းဖြစ်ကြောင်း၊ ယင်းသို့ဆက်သွယ်နေသူများကို တွေ့ရှိပါက သက်ဆိုင်ရာ မြို့နယ်ထွေအုပ်နှင့် သက်ဆိုင်ရာစည်ပင် စသည့် Right of way owner များထံ ခေါ်ယူစစ်ဆေးပြီး အရေးယူဆောင်ရွက်နိုင်ကြောင်း ဝန်ကြီးဒေါ်နီလာကျော်က ပြောကြားထားသည်။
ဆက်သွယ်ရေးဥပဒေအသစ်ကို ၂၀၁၃ ခုနှစ်၊ အောက်တိုဘာ ၈ ရက်တွင် ပြဋ္ဌာန်းခဲ့ပြီး ဆက်သွယ်ရေးဝန်ဆောင်မှုလုပ်ငန်းများ ဆောင်ရွက်နိုင်ရန်အတွက် ဆက်သွယ်ရေး အော်ပရေတာများအပါအဝင် ပြည်တွင်း / ပြည်ပ ကုမ္ပဏီများကို အဆိုပါဥပဒေနှင့်အညီ ဆက်သွယ်ရေးဝန်ဆောင်မှု လုပ်ငန်းလိုင်စင်များအား ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန၊ ဆက်သွယ်ရေးညွှန်ကြားမှုဦးစီးဌာနတို့မှ စိစစ်ထုတ်ပေးလျက်ရှိပြီး ဆက်သွယ်ရေး အခြေခံအဆောက်အအုံများဖြစ်သည့် တာဝါတိုင်များနှင့် ဖိုင်ဘာကေဘယ်ကွန်ရက် တည်ဆောက်ခြင်းလုပ်ငန်းများကို စိစစ်ခွင့်ပြု၍ ကြီးကြပ်စစ်ဆေးဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
ထို့ပြင် ဆက်သွယ်ရေးညွှန်ကြားမှုဦးစီးဌာနသည်၂၀၁၇ ခုနှစ် နိုဝင်ဘာလ၂၂ ရက်တွင် Overhead ဖိုင်ဘာကေဘယ်ကြိုးများ သွယ်တန်းရာတွင် လိုက်နာရမည့်ညွှန်ကြား ချက်ကိုထုတ်ပြန်ခဲ့ပြီး အဆိုပါညွှန်ကြားချက်နှင့်အညီ လိုင်စင်ရကုမ္ပဏီများမှ ဖိုင်ဘာကေဘယ်ကွန်ရက်များ တည်ဆောက်ရာတွင် ဆက်သွယ်ရေးညွှန်ကြားမှုဦးစီးဌာနသို့ ဦးစွာတင်ပြစေ၍လည်းကောင်း၊ ဆက်သွယ်ရေးဥပဒေပုဒ်မ ၄၁ တွင် သက်ဆိုင်ရာမြေနှင့် အဆောက်အအုံပိုင်ရှင် သို့မဟုတ် ယင်းမြေနှင့်အဆောက်အအုံ RoW ကို စီမံခန့်ခွဲပိုင်ခွင့်ရှိသူနှင့် ညှိနှိုင်းလည်းကောင်း၊ လိုင်စင်ထုတ်ပေးခြင်းဆိုင်ရာ နည်းဥပဒေများအပိုဒ် ၂၉ တို့တွင် အများပြည်သူအသုံးပြုသည့်လမ်းနှင့် မြေများကို အမှန်တကယ်အသုံးပြုရန် လိုအပ်လာပါက အဆိုပါလမ်းနှင့် မြေများကို စီမံခန့်ခွဲပိုင်ခွင့်ရှိသူ၏ သဘောတူညီချက်ဖြင့်သာ ဝင်ရောက်ရမည်ဖြစ်ပြီး တည်ဆဲဥပဒေ တစ်ရပ်ရပ်အရ လိုအပ်သော မည်သည့်ခွင့်ပြုချက်ကို မဆိုရယူရမည်ဟုလည်းကောင်း ပြဋ္ဌာန်းထားသဖြင့် ခွင့်ပြုချက်များရရှိပြီးမှသာ လုပ်ငန်းများကို ဆောင်ရွက်ခွင့်ပြုခဲ့ခြင်းဖြစ်ကြောင်း ဝန်ကြီးဒေါ်နီလာကျော်က ပြောကြားသည်။















