ရေးမြို့နယ် အံဒင်ကျေးရွာအုပ်စု ရွာသစ်ဓမင်းဆိပ်ကျေးရွာအနီး ဆောင်ရွက်မည့် မုတ္တမကမ်းလွန် ပင်လယ်ပြင် ထောက်ပံ့ရေးစခန်း စီမံကိန်းနှင့်ပတ်သက်ပြီး ဒေသခံပြည်သူများ ကန့်ကွက်ထားဟု သိရ

ရေးမြို့နယ် အံဒင်ကျေးရွာအုပ်စု ရွာသစ်ဓမင်းဆိပ်ကျေးရွာအနီး ဆောင်ရွက်မည့် မုတ္တမကမ်းလွန် ပင်လယ်ပြင် ထောက်ပံ့ရေးစခန်း စီမံကိန်းနှင့်ပတ်သက်ပြီး ဒေသခံပြည်သူများ ကန့်ကွက်ထားဟု သိရ
အံဒင်ကျေးရွာမှ ရွာသစ်ဓမင်းဆိပ်ကျေးရွာအထိ လမ်းတစ်လျှောက်တွင် ထောက်ပံ့ရေးစခန်း အလိုမရှိစာတန်းပါ စာရွက်များကိုင်ဆောင်ကာ စီမံကိန်းအား ကန့်ကွက်ကြောင်း ပြသရန်  ဒေသခံများ စောင့်ဆိုင်းနေစဉ်
အံဒင်ကျေးရွာမှ ရွာသစ်ဓမင်းဆိပ်ကျေးရွာအထိ လမ်းတစ်လျှောက်တွင် ထောက်ပံ့ရေးစခန်း အလိုမရှိစာတန်းပါ စာရွက်များကိုင်ဆောင်ကာ စီမံကိန်းအား ကန့်ကွက်ကြောင်း ပြသရန်  ဒေသခံများ စောင့်ဆိုင်းနေစဉ်
Published 14 November 2019
ဘိုဘိုမြင့်

မွန်ပြည်နယ် ရေးမြို့နယ် အံဒင်ကျေးရွာအုပ်စု ရွာသစ်ဓမင်းဆိပ်ရွာအနီးဆောင်ရွက်မည့် မုတ္တမကမ်းလွန်ပင်လယ်ပြင် ထောက်ပံ့ရေးစခန်း စီမံကိန်းနှင့်ပတ်သက်ပြီး ဒေသခံပြည်သူများ ကန့်ကွက်ထားကြောင်း ဒေသခံများ၏ ပြောကြားချက်များအရ သိရသည်။

“ ဒီစီမံကိန်းကို ကန့်ကွက်ရတဲ့အကြောင်း အဓိက နှစ်ချက် ရှိပါတယ်။ ပထမတစ်ချက် အနေနဲ့ Forever Thanlwin ကုမ္ပဏီကနေ ပြီးတော့ ၂၀၁၇ ခုနှစ်တုန်းက နှစ်ကရုပ်ကျေးရွာက ဆရာတော်ထံကို သူတို့ရဲ့စီမံကိန်း မိတ်ဆက်ဆိုပြီးတော့ စာအုပ်တစ်အုပ် လာပေးတယ်။ အဲဒီစာအုပ်ထဲမှာဆိုရင် ကွမ်းခရီကျွန်းနဲ့ ပင်လယ်ကမ်းစပ်ကြားမှာ လှိုင်းကာတံတိုင်း အရှည်ကြီးဆောက်ဖို့ ရှိတယ်ပေါ့နော်။ တကယ်လို ့အဲဒီတံတိုင်းဆောက်ဖြစ်မယ်ဆိုရင် ဒီဒေသခံတွေရဲ့ အသက်မွေးဝမ်းကျောင်းတစ်ခုဖြစ်တဲ့ ပင်လယ်ငါးဖမ်းလုပ်ငန်းအတွက် အခက်အခဲတွေ ဖြစ်သွားနိုင်ပါတယ်။ ငါးတွေ မရှိတော့တာ၊ ရေစီးကြောင်း ပြောင်းလဲတာတွေ ဖြစ်မယ်ပေါ့နော်။ အဲဒါတွေကြောင့် ဒေသခံတွေရဲ့အဓိကအသက်မွေးဝမ်းကျောင်း လုပ်ငန်းပျက်စီးသွားမှာ ပေါ့နော်။ စာအုပ်ထဲမှာပါတဲ့ နောက်တစ်ခုက သင်္ဘောကြီးတွေ ဝင်ထွက်သွားလာဖို ့ရှိတယ်။ ဒီသင်္ဘောကြီးတွေ ဝင်ထွက်သွားလာလို့ရှိရင် ပင်လယ်ငါးဖမ်းလုပ်ငန်းကို ဆက်လုပ်ဖို့ တော်တော်ခက်ခဲသွားပါလိမ့်မယ်” ဟု အံဒင်ကျေးရွာ ဒေသခံတစ်ဦးဖြစ်သူ မိနီမာဦးက ပြောကြားသည်။

၎င်းက ဆက်လက်ပြီး “ နောက်တစ်ချက်ကျတော့ ကုမ္ပဏီက စီမံကိန်းဧရိယာကို ဝယ်ထားတယ်လို ့ပြောတယ်။ ဒါပေမဲ့ တရားဝင် လယ်/စီတွေနဲ ့လက်မှတ်ထိုးပြီး ဝယ်ထားတာ မဟုတ်ဘူး။ ကျေးရွာက လယ်/စီတွေ လက်မှတ်ထိုးပေးဖို့အတွက်ကို မြို့နယ် လယ်/စီ သွားပြီးတော့ ချဉ်းကပ်တယ်ပေါ့။ မြို့နယ် လယ်/စီ ကနေတစ်ဆင့်မှ ကျေးရွာ လယ်/စီကို အတင်းဖိအားပေးတယ်။ ကျေးရွာ လယ်/စီတွေက လက်မှတ်ထိုးဖို့အတွက် တစ်ညလောက် စဉ်းစားပါရစေလို ့ပြောပေမယ့်မရဘူး။ လက်မှတ် မထိုးနိုင်ရင် နုတ်ထွက်ပါဆိုပြီး တရားဝင်လမ်းကြောင်းက မလာဘဲအတင်းအကျပ် ဖိအားပေးတယ်။ တာဝန်ယူမှု၊ တာဝန်ခံမှုမရှိတဲ့ သဘောပေါ့နော်။ အဲဒီအကြောင်းတွေကြောင့် ကုမ္ပဏီနဲ့ ကျွန်မတို ့ဒေသခံတွေကြားမှာ ယုံကြည်မှု တည်ဆောက်လို့တော့ မရတော့ပါဘူး” ဟု ပြောကြားသည်။

အံဒင်ဒေသခံ လူငယ်တွေအနေဖြင့် ဒေသခံများ၏ အသက်မွေးဝမ်းကျောင်းလုပ်ငန်းများနှင့် ပတ်သက်ပြီး သုတေသနပြုလုပ်ထားတာရှိကြောင်း၊ ကုမ္ပဏီကလာပြီးတော့ အလုပ်ပေးမည်ဆိုပါက လုပ်ကြမလားဟု မေးမြန်းချက်နှင့် ပတ်သက်ပြီးဒေသခံများက မလုပ်ကြဘူးဟုသာ ဖြေဆိုကြကြောင်း၊ လက်ရှိလုပ်နေသည့် ငါးဖမ်းလုပ်ငန်းကိုသာ ဆက်လုပ်သွားမည်ဟု ဆိုထားကြသည့်အတွက် ထောက်ပ့ံရေးစခန်း စီမံကိန်းလည်ပတ်ရန်အတွက် ကုမ္ပဏီအနေဖြင့် အခြေအနေအရ တခြားဒေသမှ အလုပ်သမားများကို ငှားရမည်ဖြစ်ကြောင်း၊ တခြားဒေသမှ လူများအံဒင်ဒေသကို အများကြီးဝင်လာမည်ဆိုပါက ဥပမာအားဖြင့် လူမျိုးရေးပြဿနာများ၊ ဘာသာရေးပြဿနာများ စသည်ဖြင့် ပြဿနာအမျိုးမျိုး ဖြစ်နိုင်ကြောင်း၊ ထို့အတွက် ပြဿနာများဖြစ်လာမည်ကို ဒေသခံများက အများကြီး စိုးရိမ်နေကြကြောင်း မိနီမာဦးက ဆိုသည်။

ယနေ့ကုမ္ပဏီနှင့် ဒေသခံများတွေ့ဆုံပွဲ လုပ်မည်ဆိုသည့် အကြောင်းကို သတင်းစာ၌ ကြော်ငြာတယ်ဆိုသည့်အကြောင်း  Facebook ပေါ်မှာတွေ့မှ သိရကြောင်း၊ အဓိကအချက်အနေဖြင့် ကုမ္ပဏီဘက်ကနေ တွေ့ဆုံပွဲလုပ်မည်ဆိုသည့်အကြောင်း ကြိုတင်အသိပေးတာမျိုးမရှိခဲ့ကြောင်း၊ ဒေသခံများကိုလည်း အသိပေးအကြောင်းကြားတာမျိုးလည်း မရှိခဲ့ကြောင်း၊ ၎င်းတို့လူထု တွေ့ဆုံပွဲလုပ်ရန် မြို့နယ်ကို ခွင့်တောင်းစာ မိတ္တူတစ်စောင်ကိုသာ ကျေးရွာအုပ်ချုပ်ရေးမှူးသို ့လာပေး၊ မိမိအနေဖြင့်လည်း ယင်းစာကို ရုံးဝင်စာအနေဖြင့်သာ လက်ခံထားပါကြောင်း အံဒင်ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး ဦးစိုးမိုးကျော်က ဆိုသည်။

“ ဒီစီမံကိန်းနဲ့ပတ်သက်လို ့ဒီဒေသမှာရှိတဲ့ သံဃာ့နာယကအဖွဲ့ဝင် ဆရာတော်တွေ ရှိတယ်။ ကျောင်းထိုင်ဆရာတော်တွေ၊ သံဃာတော်တွေအားလုံး၊ ရပ်ဖိရပ်ဖတွေ၊ ဒေသခံတွေ၊ လူငယ်အဖွဲ့တွေ အကုန်လုံးက သဘောမတူတဲ့ ဒီစီမံကိန်းကို ကုမ္ပဏီဘက်က ဒီလိုလုပ်ဆောင်တာတွေက နောက်လုပ်ထုံးလုပ်နည်းအရ ပွင့်လင်းမြင်သာမှုမရှိဘူး။ ကြိုတင်အသိပေး အကြောင်းကြားထားတာမျိုးလည်း မရှိဘူး။  နောက်ခေါင်းစဉ်ပြထားတာက EIA ဆိုတော့ ဒီခေါင်းစဉ်နဲ့လည်း လုံးဝကိုက်ညီမှု မရှိဘူးလိ့ု မြင်ပါတယ်။ နောက်ပြီးတော့ လက်ရှိ အံဒင်ဒေသမှာက ကျောက်မီးသွေးသုံး လျှပ်စစ်ဓာတ်အားပေးစက်ရုံ စီမံကိန်းဆိုတဲ့မီးကလည်း မငြိမ်းသေးဘူးလေ။ ဒါကြောင့် လက်ရှိအချိန်မှာ ဘယ်စီမံကိန်းမဆို ကျွန်တော့်အနေနဲ့လည်း လက်ခံမှာမဟုတ်သလို၊ ဒေသခံတစ်ဦးအနေနဲ့လည်း လက်ခံသွားမှာ မဟုတ်ပါဘူး” ဟု ဦးစိုးမိုးကျော်က ပြောကြားသည်။

အံဒင်ကျေးရွာ ဒေသခံတစ်ဦးဖြစ်သူ မိစန္ဒာအေးကလည်း “ ကျွန်မတို ့ဒေသမှာရှိတဲ့ ဆရာတော်၊ သံဃာတော်တွေ၊ ကျေးရွာတွေက ရပ်မိရပ်ဖတွေရော၊ အုပ်ချုပ်ရေးမှူးတွေရော၊ လူငယ်တွေရော အားလုံးအစည်းအဝေးလုပ်ပြီး ဆုံးဖြတ်ထားတာတွေ ရှိပါတယ်။ ဒီထောက်ပံ့ရေးစခန်း စီမံကိန်းကို ဘာ့ကြောင့်ကန့်ကွက်ရလဲဆိုတာနဲ ့ပတ်သက်ပြီးတော့ သက်ဆိုင်ရာကို တင်ပြထားတာတွေလည်း ရှိပါတယ်”  ဟု ပြောကြားသည်။

Forever Thanlwin ကုမ္ပဏီလီမိတက်မှ ရေးမြို့နယ် အံဒင်ကျေးရွာအုပ်စု ရွာသစ်ဓမင်းဆိပ်ကျေးရွာ အနီးဆောင်ရွက်မည့် မုတ္တမကမ်းလွန်ပင်လယ်ပြင် ထောက်ပံ့ရေးစခန်း (Offshore Supply Base) စီမံကိန်းလုပ်ငန်းကိစ္စနှင့် ပတ်သက်၍ ပတ်ဝန်းကျင်ထိခိုက်မှု ဆန်းစစ်ခြင်း (EIA) ဆောင်ရွက်ရန် ဒေသခံပြည်သူများ၊ လွှတ်တော်ကိုယ်စားလှယ်များ၊ အစိုးရဌာနများ၊ NGO အဖွဲ့အစည်းများနှင့် ဒေသတွင်း သတင်းမီဒီယာများအား ရှင်းလင်းတင်ပြပွဲကို နိုဝင်ဘာ ၁၄ ရက် နံနက် ၁၀ နာရီတွင် အံဒင်ကျေးရွာအုပ်စု၊ ရွာသစ်ဓမင်းဆိပ်ကျေးရွာတွင် ပြုလုပ်ရန် စီစဉ်ထားခဲ့သော်လည်း ကုမ္ပဏီဘက်မှ လာရောက်ခဲ့ခြင်းမရှိကြောင်း၊ အဆိုပါကိစ္စနှင့် ပတ်သက်ပြီး ကုမ္ပဏီထံ ဖုန်းဖြင့်ဆက်သွယ်ခဲ့သော်လည်း ဖုန်းပိတ်ထားကြောင်းနှင့် ဒေသခံပြည်သူများအနေဖြင့်လည်း အံဒင်ကျေးရွာကျေးရွာမှ ရွာသစ်ဓမင်းဆိပ်ကျေးရွာအထိ လမ်းတစ်လျှောက်တွင် ‘ထောက်ပံ့ရေးစခန်း အလိုမရှိ’ စာတမ်းပါ စာရွက်များ ကိုင်ဆောင်ကာ စီမံကိန်းအား ကန့်ကွက်ကြောင်း ပြသရန် စောင့်ဆိုင်းနေခဲ့ကြကြောင်း သိရသည်။                          

 

Most Read

Most Recent