ကာဂလီယာရီ - ဖီအိုရင်တီးနား (တနင်္ဂနွေညနေ ၆:၀၀ နာရီ)
ကာဂလီယာရီရဲ့ မျှော်လင့်ချက်ထုထည်ဟာ ချန်ပီယံလိဂ်ဝင်ခွင့်ရဖို့အထိမြင့်မားလာပြီ။ နိုင်ဂိုလန်က ငယ်မူငယ်သွေးခြေစွမ်းမျိုးပြန်ပြနေပြီး ယာအိုပတ်ဒရို၊ ဆီမြွန်နီတို့လို လျင်မြန်ပြီး တိုးအားကောင်းတဲ့ တိုက်စစ်ကစားသမားတွေလည်းရှိနေလို့ စောင့်ကြည့်ရမယ့်အသင်းဖြစ်လာပြီ။ ဖီအိုရင်တီးနားက အဝေးကွင်းနောက်ဆုံး(၄)ပွဲမှာ (၂)ပွဲနိုင်၊ (၂)ပွဲသရေကစားထားလို့ လျှော့မတွက်သင့်ပေမယ့် ကာဂလီယာရီ အနိုင်ရဖို့များတယ်။
လာဇီယို - လက်ချီ (တနင်္ဂနွေည ၈:၃၀ နာရီ)
လက်ရှိအချိန်မှာ ဂျူဗင်တပ်စ်ပြီးရင် စီးရီးအေရဲ့ Form အကောင်းဆုံးအသင်းတွေထဲ လာဇီယိုပါဝင်နေတယ်။ နောက်ဆုံး(၆)ပွဲမှာ (၄)ပွဲအထိ အနိုင်ရထားပြီး အသင်းရဲ့ယုံကြည်စိတ်မြင့်မားနေသလို၊ တိုက်စစ်မှူး အီမိုဘီလီကလည်း သွင်းဂိုးတွေ သွင်းယူနိုင်ရုံသာမကဘဲ နိုင်ပွဲတွေရအောင် ဦးဆောင်နိုင်သူဖြစ်လာတယ်။ လက်ချီက အေစီမီလန်၊ ဂျူဗင်တပ်စ်တို့ကိုသရေ ကစားနိုင်ခဲ့ပေမယ့် ဒီပွဲမှာ လာဇီယိုကို အရှုံးပေးရပါမယ်။
ဆမ်ဒိုးရီးယား - အတ္တလန်တာ (တနင်္ဂနွေည ၈:၃၀ နာရီ)
ကာဂလီယာရီကို အိမ်ကွင်းမှာ ရှုံးနိမ့်ခဲ့တဲ့ပွဲတုန်းက အတ္တလန်တာကစားပုံ လိုအပ်ချက်တွေ များခဲ့တယ်။ ဆမ်ဒိုးရီးယားက တန်းဆင်းဇုန်ထဲရောက်နေပေမယ့် ရာနီရေးရီလက်ထက်မှာ တိုးတက်မှုတွေရှိလာပြီး ပထမဆုံးနိုင်ပွဲရခဲ့လို့ ဒီပွဲမှာလည်း အတ္တလန်တာဆီက အမှတ်ရမယ်။
အူဒီးနီးစ် - SPAL (တနင်္ဂနွေည ၈:၃၀ နာရီ)
တန်းဆင်းဇုန်ထဲက SPAL အဝေးကွင်းနောက်ဆုံး (၄)ပွဲဆက်ရှုံးနိမ့်ထားပါတယ်။ အမှတ်လိုအပ်ချက်မြင့်မားနေပေမယ့် အဝေးကွင်းမှာ SPAL တစ်မှတ်ထက်ပိုမရနိုင်ပါဘူး။ အိမ်ကွင်းမှာ အူဒီးနီးစ် နိုင်ပွဲပြန်ယူမယ်။
ပါးမား - ရိုးမား (တနင်္ဂနွေည ၁၁:၃၀ နာရီ)
အေစီမီလန်၊ နာပိုလီတို့နဲ့ပွဲတွေမှာ ရိုးမားကပုံစံကောင်း ပြသပြီး ထိုက်တန်တဲ့နိုင်ပွဲ တွေရရှိခဲ့ပါတယ်။ ဂျက်ကို ဂိုးပေါက်ပျောက်ဆုံးနေပေမယ့် တောင်ပံနှစ်ဖက်က ကလွိုက်ဗတ်နဲ့ ဇာနီယိုလိုတို့ ခြေစွမ်းပြနေလို့ ဂိုးရဖို့သိပ်မပူရဘူးဖြစ်နေတယ်။ ပါးမားက အသင်းကြီးတွေနဲ့ဆိုရင် ပိုပြီးရုန်းကန်ပြတတ်ပေမယ့် အားထားရတဲ့တိုက်စစ်ကစားသမား ကာရာမော့ ဒူးဒဏ်ရာရနေလို့ အားနည်းနေနိုင်တယ်။ သရေကျသွားနိုင်ပါတယ်။
ဂျူဗင်တပ်စ် - အေစီမီလန် (တနင်္လာနံနက် ၂:၁၅ နာရီ)
စီးရီးအေမှာ ဂျူဗင်တပ်စ်တိုက်စစ်ရေစီးကြောင်း စီးဆင်းပုံနှေးကွေးနေတယ်။ စီရော်နယ်လ်ဒိုက ပုံမှန်ဂိုးသွင်းခြေမပိုင်ဆိုင်သေးသလို၊ ဟီဂွါအင်ကလည်း ပွဲထွက်ခွင့်ပေးရင် ယုံကြည်မှုနဲ့ မလျော်ညီတဲ့ကစားပုံကို ပြသလေ့ရှိတယ်။ ဒီဘားလားက နောက်ပိုင်းပွဲစဉ်တွေမှာ ဂျူဗင်တပ်စ်ရဲ့ တိုက်စစ်အသက်သွေးကြောဖြစ်နေပေမယ့် သူကလည်း အဆုံးသတ်မသေချာတဲ့ရောဂါ စွဲကပ်နေတယ်။ ဒါဟာ နည်းပြ ဆာရီရဲ့ (၄-၃-၁-၂)ကစားကွက်အခင်းအကျင်းကြောင့်လို့ ယေဘုယျယူဆလို့ရပြီး ဘာနာဒက်ခီက No.10 Role မှာသိပ်အဆင်မပြေပုံပဲ။ အေစီမီလန်က နလန်မထူနိုင်သေးဘူး။ သူ့မှာလည်း ဂိုးမိုးခေါင်ခြင်းပြဿနာ စွဲကပ်နေ တယ်။ ပီယွန်တက်ခ် ခြေစွမ်းကျဆင်းသွားတာ မယုံနိုင်စရာကောင်းပြီး ဆူဆို မပါဝင်နိုင်သေးဘူး ဆိုရင် ဂိုးရဖို့ ပိုခက်သွားနိုင်ပါ တယ်။ ဦးဆောင်သူနေရာ ဆက်လက်ပိုင်ဆိုင်ခွင့်အတွက် ဂျူဗင်တပ်စ် အနိုင်ကစားမယ်။















