သတ်သူကိုယ်တိုင် သေဆုံးခြင်း

သတ်သူကိုယ်တိုင် သေဆုံးခြင်း
Published 8 November 2019
အရှင်ပညာသီဟာဘိဝံသ (တရားဦးဓမ္မစကြာ)

အဇာတသတ်မင်းကို အကြောင်းပြု၍ သာမညဖလသုတ်ကို တန်ဆောင်မုန်းလပြည့်နေ့၌ ဘုရားမြတ်စွာ ဟောကြားတော်မူခဲ့၍ ယင်းနေ့ကို သာမညအခါတော်နေ့ဟု ခေါ်ဆိုကြပါသည်။   

အရှင်ဒေဝဒတ်သည် အရှင်သာရိပုတ္တရာ၊ အရှင်မောဂ္ဂလာန်၊ အရှင်မဟာကဿပ မထေရ်မြတ်တို့ကို ဒကာ/ဒကာမများ အလွန်အကြူး အထူးကြည်ညို ပူဇော်ခံကြရသည်ကို မရှုစိမ့်နိုင်ခဲ့။ “ ငါလည်း သာကီဝင်မင်းမျိုးပဲ ငါကျတော့ မေးမြန်းသူပင် မရှိ၊ ကြည်ညိုသူဆို ဝေလာဝေး၊ ကြည်ညိုသူ ပရိသတ်များဖို့ဆို လာဘ်လာဘပေါများဖို့ လိုတယ်။ နောက်ခံ ဒကာရင်း လိုတယ်။ ဗိမ္ဗိသာရမင်းကြီးက ဘုရားဒကာ/ကျောင်းဒကာရင်းမို့ ငါကို ကြည်ညိုအောင် သွေးဆောင်လို့ ရနိုင်မယ့်သူ မဟုတ်။ အဇာတသတ်မင်းသားကတော့ အသိနုနယ် ငယ်ရွယ်သူဖြစ်တယ်”  ဟု တွေးဆလျက် သူရရှိထားသည့် လောကီအဘိဉာဉ်ဖြင့် အဇာတသတ်မင်းသားကို စည်းရုံးသိမ်းသွင်း ကြည်ညိုစေပြီး အဇာတသတ်မင်းသားနှင့် ရင်းသော ဆရာဒကာ ဆက်ဆံရေးကို ခိုင်မာစွာ တည်ဆောက်နိုင်ခဲ့၏။

ထို့နောက် “ မင်းသား၊ ရှေးက လူတို့သည် အသက်ရှည်ကြ၏။ ယခုလူတို့သည် သက်တမ်းတိုကြ၏။ ထို့ကြောင့် မင်းသားက ခမည်းတော်ကို သတ်ပြီး ရှင်ဘုရင် လုပ်၊ ငါက ဘုရားကိုသတ်ပြီး ဘုရားလုပ်မည်” ဟု အဇာတသတ်မင်းသားကို ဖခင်ရင်းအား သတ်၍ ရှင်ဘုရင် လုပ်ရန် တိုက်တွန်း၏။ အဇာတသတ်သည် သူ့ကို ရှင်ဘုရင် ဖြစ်စေရန်ထက် ဘုရားရှင်ကို လုပ်ကြံရာတွင် အထောက်အကူရရန် ငြမ်းဆင်ခဲ့ခြင်းသာ ဖြစ်သည်ကို အဇာတသတ် မသိနိုင်ခဲ့။     

သမ္ပတ္တိစက် လေးပါး

လည်ပတ်နေသောသဘာဝကို စက်ဟု ခေါ်ဆို၏။ ရှေးက ပြုဖူးသောကောင်းမှု ရှိသောကြောင့် ကုသိုလ်၊ ပညာ၊ ဥစ္စာ ရှာဖွေရန် သင့်လျော်ကောင်းမြတ်သော နေရာဒေသသို့  ရောက်ရှိပြီး မိတ်ဆွေကောင်းတို့နှင့် ကြုံရ၏။ မိတ်ဆွေကောင်းတို့၏ အဆုံးအမ လမ်းညွှန်ပေးမှုတို့ကြောင့် မိမိ၏ ကိုယ်၊ နှုတ်၊ နှလုံး သုံးပါးစလုံးကို ကောင်းမွန်သောအရာတို့၌ ထားနိုင်၏။ ထိုသို့ သမ္ပတ္တိလေးခက်တို့နှင့် ပြည့်စုံသူတို့သည် မိမိဘဝ၊ မိသားစုဘဝ၊ မိမိနိုင်ငံ၊ မိမိလူမျိုးကို ကောင်းသောအရာတို့သို့ ရောက်ရှိအောင် တည်ဆောက်ပေးနိုင်ကြ၏။

ဆန့်ကျင်ဘက် (၀ိပတ္တိစက်) ကောင်းမှု မရှိခဲ့၍ မသင့်လျော်သော နေရာဒေသသို့ ရောက်ရှိပြီး မကောင်းသူများနှင့် ရေစက်ဆုံကာ မိမိစိတ်နှင့် ကိုယ်ကို ကောင်းသောဘဝ အနေအထားသို့ ရောက်အောင် မစွမ်းဆောင်နိုင်ရုံမက သမ္ပတ္တိစက် ချို့ယွင်းပျက်စီးခြင်းဖြင့် မိမိဘဝ၊ မိသားစုဘဝ၊ မိမိနိုင်ငံ၊ မိမိလူမျိုးကို သတ်မိသွားခြင်းများလည်း ရှိတတ်၏။

အဇာတသတ်မင်းသည် ရှင်ဘုရင်က မွေး၍ ရှင်ဘုရင်သွေး စစ်စစ်ဖြစ်၍ ကောင်းမှု ကုသိုလ်ရှိခဲ့သူ ဖြစ်၏။ ဘုရားပွင့်ရာ ကာလ၊ ဘုရားသီတင်းသုံးရာ ဒေသ၌ ဖြစ်ရသူဖြစ်၍ ပဋိရူပဒေသအရပ်မှာ မွေးဖွားသူလည်း ဖြစ်၏။ မိတ်ဆွေကောင်းနှင့် ပေါင်းဆုံခွင့် ဆုံးရှုံးသဖြင့် မိမိဘဝကို ကောင်းမွန်လှပအောင် မထုဆစ်နိုင်ခဲ့။ ဤသို့ သမ္ပတ္တိစက် ပျက်ယွင်းခဲ့ရသည့် အဇာတသတ်မင်း၏ ဘဝဖြစ်အင်ကို အရွယ်နှင့် အသိ နုနယ်သူတို့အတွက် တန်ဆောင်မုန်းလ ရာသီရောက်တိုင်း သူရော ကိုယ်ပါ သတိချပ်သင့်၊ ဆင်ခြင်သင့်သည်။

အဇာတသတ်မင်း၏ အကူအညီဖြင့် အရှင်ဒေဝဒတ်သည် ဘုရားရှင်အား အမျိုးမျိုးလုပ်ကြံ၏။ အထမမြောက်နိုင်ခဲ့ရုံမက တိုင်းသားပြည်သူတို့ သိရှိပြီး ကိုးကွယ်မည့်သူမရှိ၊ အကြည်ညိုပျက်၍ သူမျှော်မှန်းသည့် လာဘ်လာဘခေါင်းပါးလျက် အခြွေအရံ ပရိသတ်မဲ့စွာဖြင့် ရာဇဂြိုဟ်မြို့မှ ထွက်ပြေးခဲ့ရ၏။ သွေးအန်ပြီး ကိုးလတိုင် အိပ်ရာပေါ်တွင်  ပြင်းထန်စွာ ဝေဒနာခံစားရပြီး နောင်တကြီးစွာ ရလျက် ဘုရားထံ တောင်းပန်ရန် ထမ်းစင်ဖြင့်အသွား ဇေတဝန်ကျောင်းအရောက်တွင် မြေမျိုခံရကာ အဝိစိငရဲ၌ ကျရောက်သွားပါသည်။ လောဘအလို မလိုက်ဘဲ ကိုယ် ထိုက်သည်နှင့် မကျေနပ်၊ အလိုရမ္မက်ကြီးကာ တစ်ပါးသူတို့အား ချနင်းတတ်သူ အရှင်ဒေဝဒတ်၏ ဘဝနိဂုံးကား အဆုံးသတ်မလှပခဲ့။         

ဒုက္ခမျိုးစုံ ခံစားရခြင်းမှ မပြတ်စဲခြင်း၊ ငရဲမီးလျှံ မပြတ်စဲခြင်း၊ ငရဲသားသတ္တဝါတို့ မပြတ်စဲခြင်းဟူသော မစဲသုံးပါးရှိသောကြောင့် အဝိစိငရဲဟု ခေါ်ဆို၏။ အဝိစိငရဲ၌ ဒုက္ခမျိုးစုံ အစဉ်ရှိနေ၏။

မငြိမ်းချမ်းတဲ့ ဘဝ၊ နောက်ကျောမလုံတဲ့ ဘဝ

အဇာတသတ်မင်းသည် ခမည်းတော်ကို သတ်စေပြီးနောက် ရှင်ဘုရင် ဖြစ်ခဲ့၏။ သူ မျှော်မှန်းသလို စိတ်ကျေနပ်ခြင်း၊ စိတ်အလို ပြည့်ခြင်းကား မဖြစ်ခဲ့။ အိပ်မည်ဟု မျက်လုံး မှိတ်သည်နှင့် လှံပေါင်း ၁၀၀ ဖြင့် ထိုးဆွခံရသကဲ့သို့ ခံစားရဟူ၏။ ဝူးဝူးဝါးဝါး အော်ဟစ် ချွေးသီးချွေးပေါက်ကျ ကြောက်လန့်စွာ လန့်နိုး၏။ ထို့ကြောင့် အိပ်ရမည်ကို မနှစ်မြို့ ကြောက်လန့်နေတော့၏။ ကြီးမားသော အကုသိုလ်အမှု လွန်ကျူးခြင်းကြောင့် ဖြစ်၏။

ကုမုဒြာကြာတို့ အစွမ်းကုန် ပွင့်သောည၊ ဆီးနှင်းမြူတိမ် အသူရိန် မီးခိုးညစ်မျိုးငါးဝ ကင်းစင်ဝင်းလှ၍ ရွှန်းပဝင်းသန့်သော ည၊ နက္ခတ်တာရာ ကြယ်တကာတို့ စုံညီသော ည၊ ကြတ္တိကာနက္ခတ်ပွဲသဘင် ဆင်ယဉ်ကျင်းပသော ည၊ နှစ်၊ ဥတု၊ လ ပြည့်ပြည့်ဝ၀ ရှိသော ည၊ ထိုတန်ဆောင်မုန်းလပြည့်ညသည် အရာခပ်သိမ်း ရွှန်းစိုအေးချမ်းသာယာနေသော်လည်း အဇာတသတ်မင်း ရင်တွင်း၌ နှလုံးမသာယာခြင်းဖြင့် ဗလောင်ဆူ လောင်မြိုက်နေဘိ၏။

ထိုသို့ မချမ်းမြေ့ခြင်း စိတ်အပူငြိမ်းစေရန် ချိုမြိန်သော တရားဓမ္မကို နာယူလိုစိတ်ဖြစ်ပေါ်လာ၍ ဆရာဇီဝက အကူအညီဖြင့် သရက်ဥယျာဉ်တွင် သီတင်းသုံးတော်မူသော ဘုရားရှင်ထံသို့ ညတွင်းချင်း အရေးပေါ်စီမံလျက် ဆီမီးမြိုင်မြိုင် ကိုင်ဆောင်ကြပြီး အခြွေအရံများစွာ ခြံရံကာ တရားနာ ထွက်ခဲ့ကြပါသည်။

ကျောင်းတော်သို့ ရောက်ရာတွင် တိတ်ဆိတ်သော အာရာမ်၊ ငြိမ်သက်သော ရှင်ရဟန်း၊ အေးချမ်းသော ကျောင်းသင်ခန်းသည် ရွှံ့ညွှန်ကင်း၍ အေးမြကြည်လင်သော ရေကန်အလား အပူသည် အဇာတသတ်မင်း၏ ညှိုးနွမ်းနေသော စိတ်နှလုံးကို ညှို့ငင်ဖမ်းစားသဖြင့် “ ဤသို့သော ငြိမ်းသက်အေးချမ်းခြင်းကို သားတော်ဥဒယဘဒ္ဒ ထိတွေ့ခံစားနိုင်လျှင် ကောင်းပေမည်” ဟု ရင်တွင်းစကားထွက် ပေါ်လာပါသည်။

သူ့အတွေးသည် အတွေးမျှသာ၊ သူ့ သားတော်သည် သူ မျှော်မှန်းသလို အေးချမ်းသူ မဖြစ်နိုင်ခဲ့။ “ငါ့ခမည်းတော် ငယ်ငယ်လေးနဲ့ ရှင်ဘုရင် ဖြစ်တယ်။ အဘိုးက ဘယ်ရောက်သွားလို့တုန်း” ဟူသည်ကို သိရသည်နှင့် ဘမျိုး ဘိုးတူ၊ ကာလဝိပါက် နောက်ပိုးတက်ဟူသည့် ကမ္မနိယာမအတိုင်း အဇာတသတ်ကို သူ့သား ဥဒယဘဒ္ဒက သတ်၊ ဥဒယဘဒ္ဒကို သူ့ သား မဟာမုဏ္ဍိကက သတ်၊ ဤသို့အားဖြင့် အဇာတသတ်မျိုးနွယ်သည် မျိုးဆက်ငါးဆက်တိုင်အောင် ခမည်းတော်ကိုသတ်ပြီး ရှင်ဘုရင် လုပ်ကြတော့၏။ ၅၀ မြောက် နာဂဒါသမင်းကို တိုင်းသားပြည်သူများက “မျိုးနွယ် သတ်တဲ့  မင်းယုတ်တွေဟု” ဆိုကာ သတ်ပစ်ကြတော့မှ အဇာတတသတ်မျိုး လက်စတုံးသွား၏။

သာမညဖလသုတ်

“ မြတ်စွာဘုရား၊ လူတို့သည် မိမိတတ်မြောက်သည့် တတ်သိပညာကြောင့် ချမ်းသာစွာ အသက်မွေးမြူနိုင်ခြင်းအကျိုးကို ရကြပါသည်၊ ရဟန်းပြုခြင်းဖြင့် မည်သည့်ကောင်းကျိုးကို ရနိုင်ပါသလဲဘုရား” ဟု အဇာတသတ်မင်းက မေးလျှောက်သဖြင့် ဘုရားမြတ်စွာက ရဟန်းပြုခြင်းဖြင့် ရနိုင်သောအကျိုး (သာမည ဖလ)ကို ဟောကြားတော်မူပါသည်။

“ ဒကာတော်မင်းကြီး ကျွန်၊ လယ်သမား၊ မင်းခစားတို့သည် ရဟန်းပြုခဲ့သော် အရှင်သခင်နှင့် မင်းအစိုးရတို့၏ ရှိခိုးခံရခြင်း၊ ဆွမ်း၊ သင်္ကန်း၊ ကျောင်း၊ ဆေး ပစ္စည်းလေးပါး ထောက်ပံ့ခံရခြင်း အကျိုးကို ရနိုင်ပါတယ်” ဟု မိန့်တော်မူပါသည်။

“ မြတ်စွာဘုရား ရဟန်းပြုခြင်းဖြင့် ဤ ကောင်းကျိုးမျှကိုသာ ရနိုင်ပါလားဘုရား”

“ဒကာတော်မင်းကြီး ဤမျှသာမက အလွန်မွန်မြတ်တဲ့ ကောင်းကျိုးများကိုလည်း ရနိုင်ပါတယ်” ဟု မိန့်တော်မူပြီး (၁) သီလ သုံးပါး ပြည့်စုံခြင်း၊ (၂) မျက်စိ၊ နား၊ နှာ၊ လျှာ၊ ကိုယ်၊ စိတ် ဣန္ဒြေ ခြောက်ပါးကို ထိန်းသိမ်းနိုင်ခြင်း၊ (၃) သတိသမ္ပဇည-အရာရာတိုင်း၌ အသိနှင့် သတိရှိခြင်း၊ (၄) သန္တောသ-တင်းတိမ်ရောင်ရဲခြင်းတို့နှင့် ပြည့်စုံသော ရဟန်းသည်  မြို့ရွာလူသံ မဆူညံဘဲ အသံတိတ်ဆိတ် ငြိမ်သက်သောအရပ်သို့ ချဉ်းကပ်လျက် ဘာဝနာတရားကို ကြိုးစားပွားများ အားထုတ်ခြင်းဖြင့် နီဝရဏတရားကင်းကွာ စျာန်အဘိဉာဉ် တရားတို့ကို ရရှိပြီးနောက် ခန္ဓာကိုယ်တွင်း ဉာဏ်ချသွင်းလျက် ၀ိပဿနာပွားများ၍ သစ္စာလေးပါးကို ထိုးထွင်းသိမြင်လျက် အလွန်မွန်မြတ်သော အရဟတ္တမဂ်၊ အရဟတ္တဖိုလ်တရားကို သိမြင်နိုင်ပါသည် ဟူ၍ ရဟန်းပြုခြင်းကြောင့် ရနိုင်သည့်ကောင်းကျိုး (သာမညဖလ) တို့ကို မိန့်တော်မူပြီး ဒေသနာတော်ကို အဆုံးသတ်ပါသည်။

ဒေသနာတော်အဆုံး၌ အဇာတသတ်မင်းသည် ခမည်းတော်ကို သတ်ခဲ့၍ မှားခဲ့မိကြောင်းကို တောင်းပန် လျှောက်ထားလျက် သရဏဂုံဆောက်တည်ပြီး ပြန်သွားပါသည်။

“ရဟန်းတို့ အဇာတသတ်မင်းသည် ဒေဝဒတ်နှင့် မပေါင်းမိဘဲ ခမည်းတော်ကို မသတ်မိခဲ့ပါက ဤနေရာ၌ သောတာပန်အရိယာ ဖြစ်မည်။ ယခုတော့ ခမည်းတော်ကို သတ်ခဲ့ခြင်းကြောင့် သူကိုယ်တိုင်ပင် ဘဝ သေဆုံးခဲ့လေပြီ။ ကုသိုလ်ရင်းမြစ်ကို တူးဖြိုပစ်ခဲ့လေပြီ။ ထောက်တည်ရာ ပျက်သုဉ်းလေပြီ” ဟု မိန့်တော်မူပါသည်။

အခြားသူတို့၏ ဘဝများကို သတ်ခြင်းဖြင့် သတ်သူသည်ပါ ဘဝသေဆုံးတတ်သည်ကို အရှင်ဒေဝဒတ်နှင့် အဇာတသတ်မင်းတို့၏ ဖြစ်အင်တို့က သက်သေခံလျက် ရှိနေပါကြောင်း။

 

 

Most Read

Most Recent