ခွင့်ပြုငွေ အမြောက်အမြားကို အချိန်နှင့်တစ်ပြေးညီ သုံးစွဲနိုင်မှု မရှိခြင်းသည် တိုင်းပြည် ဖွံ့ဖြိုးတိုးတက်မှုနှင့် ငွေကြေးလည်ပတ်မှုကို များစွာထိခိုက်ပြီး ပြည်သူများ၏ အလုပ်အကိုင်နှင့် ဝင်ငွေရရှိမှုလည်း ဆုံးရှုံးနစ်နာဟု ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဝေဖန်  

ခွင့်ပြုငွေ အမြောက်အမြားကို အချိန်နှင့်တစ်ပြေးညီ သုံးစွဲနိုင်မှု မရှိခြင်းသည် တိုင်းပြည် ဖွံ့ဖြိုးတိုးတက်မှုနှင့် ငွေကြေးလည်ပတ်မှုကို များစွာထိခိုက်ပြီး ပြည်သူများ၏ အလုပ်အကိုင်နှင့် ဝင်ငွေရရှိမှုလည်း ဆုံးရှုံးနစ်နာဟု ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဝေဖန်  
Published 6 November 2019
စိုးမင်းထိုက်၊ အောင်မင်းသိန်း

ခွင့်ပြုငွေ အမြောက်အမြားကို အချိန်နှင့်တစ်ပြေးညီ သုံးစွဲနိုင်မှု မရှိခြင်းသည် တိုင်းပြည် ဖွံ့ဖြိုးတိုးတက်မှုနှင့် ငွေကြေးလည်ပတ်မှုကို များစွာထိခိုက်ပြီး ပြည်သူများ၏ အလုပ်အကိုင်နှင့်ဝင်ငွေရရှိမှုလည်း ဆုံးရှုံးနစ်နာကြောင်း သနပ်ပင်မဲဆန္ဒနယ်မှ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးမြင့်ဦး က ဝေဖန်ပြောကြားသည်။

နိုဝင်ဘာ ၆ ရက်က ပြုလုပ်သော ဒုတိယအကြိမ် ပြည်ထောင်စုလွှတ်တော် ပုံမှန်အစည်းအဝေးတွင် ပညာရေးဝန်ကြီးဌာန၊ အခြေခံပညာဦးစီးဌာန၏ ၂၀၁၈-၂၀၁၉ ခု၊ ဘဏ္ဍာရေးနှစ် ခွင့်ပြုရန်ပုံငွေတွင် ပါဝင်သော ကျောင်းတည်ဆောက်ရေး လုပ်ငန်းများ အကောင်အထည်ဖော် ဆောင်ရွက်နိုင်မှု အခြေအနေနှင့် ၎င်းအပေါ် ပြည်သူ့ငွေစာရင်း ပူးပေါင်းကော်မတီ၏ လေ့လာတွေ့ရှိချက်နှင့် သဘောထားမှတ်ချက် အစီရင်ခံစာ အမှတ်စဉ် (၁၅/၂၀၁၉) တို့နှင့် စပ်လျဉ်း၍ ဆွေးနွေးရာတွင် သနပ်ပင်မဲဆန္ဒနယ်မှ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးမြင့် ဦးက အထက်ပါကဲ့သို့ ထည့်သွင်း ပြောကြားခဲ့ခြင်း ဖြစ်သည်။

“နိုင်ငံတော်က ဘက်ဂျက်ကာလ တစ်နှစ်အတွင်း သုံးစွဲရန်အတွက် ငွေကြေးတွေကို ပြည်ထောင်စုလွှတ်တော်မှာ ဥပဒေဖြင့် ပြဋ္ဌာန်းပြီး ဆောင်ရွက်ခဲ့တာ ဖြစ်ပါတယ်။ နိုင်ငံတော်က ခွင့်ပြုငွေ အမြောက်အမြားတွေကို အချိန်နှင့်တစ်ပြေးညီ သုံးစွဲနိုင်မှု မရှိတာဟာ တစ်နည်းအားဖြင့် ဘဏ်တွေမှာ အိပ်နေတာဟာ တိုင်းပြည်ဖွံ့ဖြိုးတိုးတက်မှုနဲ့ ငွေကြေးလည်ပတ်မှုကို များစွာထိခိုက်ပြီး ပြည်သူတွေရဲ့ အလုပ်အကိုင်နှင့် ဝင်ငွေရရှိမှု၊ သုံးစွဲနိုင်မှု အပါအဝင် အဖက်ဖက်မှာ ဆုံးရှုံးနစ်နာမှုတွေ ကြီးလွန်းတာ တွေ့ရပါတယ်”ဟု ဦးမြင့်ဦးက လွှတ်တော်၌ ဆွေးနွေးရာတွင် ထည့်သွင်း ပြောကြားခဲ့သည်။

နိုင်ငံအဝှမ်း တည်ဆောက်ရေးလုပ်ငန်းများကို ခြောက်သွေ့သည့် ပွင်းလင်းရာသီတွင် အရည်အသွေးပြည့်မီစွာ ဆောင်ရွက်နိုင်ရန် ဘက်ဂျက်နှစ်အား ၂၀၁၈-၁၉ မှ စတင်၍ ဧပြီ ၁ ရက်မှ မတ် ၃၁ ရက်အစား အောက်တိုဘာ ၁ ရက်မှ စက်တင်ဘာ ၃၀ ရက်ကို  ပြောင်းလဲခဲ့ခြင်း ဖြစ်ကြောင်း၊ လွှတ်တော်များတွင် တင်ဒါလုပ်ငန်းများကို ဘတ်ဂျက်အစ အောက်တိုဘာမှ ဒီဇင်ဘာအထိ သုံးလအတွင်း ပြီးစီးအောင် ဆောင်ရွက်ရန်နှင့် ဘတ်ဂျက်နှစ်အတွင်း အချိန်နှင့်တစ်ပြေးညီ ဆောင်ရွက်နိုင်ရန် အကြိမ်ကြိမ် ဆွေးနွေးခဲ့ပြီး အဆိုကိုလည်း အတည်ပြုခဲ့ပြီး ဖြစ်ကြောင်း ဦးမြင့်ဦးက ဆိုသည်။

“၂၀၁၈-၂၀၁၉ ခုနှစ် ဘတ်ဂျက်နှစ်အတွင်း အခြေခံပညာကျောင်းများ တည်ဆောက်မှု အခြေအနေ အစီရင်ခံစာကို လေ့လာကြည့်တဲ့အခါ နိုင်ငံတော်က ဘတ်ဂျက်ကာလ ပြောင်းလဲခဲ့တဲ့ ကောင်းမွန်တဲ့ ရည်ရွယ်ချက်တွေ ပေါက်မြောက်မှု မရှိတာကို ဝမ်းနည်းစွာတွေ့ရမှာ ဖြစ်ပါတယ်။ တင်ဒါလုပ်ငန်းများ ဆောင်ရွက်မှု အခြေအနေကို လေ့လာကြည့်တဲ့အခါမှာ ပထမ သုံးလပတ် ကာလအတွင်း ပြီးပြတ်အောင် ဆောင်ရွက်နိုင်ခဲ့တဲ့ တိုင်းဒေသကြီးနဲ့ ပြည်နယ်မရှိတာကို တွေ့ရပါတယ်။ ဇန်နဝါရီလမှာ လေးခု၊ ဖေဖော်ဝါရီလမှာ သုံးခု၊  မတ်လမှာ လေးခုနဲ့ ဧပြီလအတွင်းမှာ လေးခု၊ ဧပြီလ နောက်ပိုင်းမှ စာချုပ် ချုပ်ဆိုနိုင်တာ ကတော့ သုံးခုကို  တွေ့ရပါတယ်”ဟု ၎င်းက ပြောကြားသည်။

ရခိုင်ပြည်နယ်၊ မွန်ပြည်နယ်၊ ကရင်ပြည်နယ်၊ ဧရာဝတီတိုင်းဒေသကြီး၊ ရန်ကုန်တိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီးနှင့် တနင်္သာရီတိုင်းဒေသကြီးများတွင် မိုးရွာသွန်းမှု များခြင်းကြောင့် ရေကြီးရေလျှံမှုများ ဖြစ်ပွားခဲ့သည့်အတွက် ဆောက်လုပ်ရေးလုပ်ငန်းများကို မိုးတွင်းကာလ၌ ဆောင်ရွက်ခြင်းသည် အရည်အသွေး ပြည့်မီမှု မရှိနိုင်သလို ကုမ္ပဏီများအနေဖြင့် စရိတ်ကြီးမြင့်မှုနှင့် အခက်အခဲမျိုးစုံ ကြုံတွေ့ခြင်းဖြစ်ကြောင်း ဦးမြင့်ဦးက ဆိုသည်။

“၃၁.၈.၂၀၁၉ ရက်အထိ လုပ်ငန်းပြီးစီးမှုနဲ့ လုပ်ငန်းတန်ဖိုး ပေးချေမှုမှာတော့ တင်ဒါအောင်မြင်တဲ့ ကုမ္ပဏီ ၅၁၀၀ အနက် က ၁၀၃၀ သာ ရာခိုင်နှုန်း ၁၀၀ ပြီးစီးကာ ခွင့်ပြုငွေ ကျပ်၂၇၈ ဒဿမ ၂ ဘီလျံ အနက် ကနေပြီးတော့ ၁၂၈ ဒဿမ ၇ ဘီလျံသာ သုံးစွဲနိုင်ခဲ့တာကို တွေ့ရပါတယ်။ ကျန်ငွေကတော့ ၁၄၉ ဒဿမ ၄ ဘီလျံ ဖြစ်ပါတယ်။ ယင်းသုံးစွဲရန် ကျန်ငွေများကိုလည်း ပြည်ထောင်စုအစိုးရအဖွဲ့က အမြန်ဆုံး ပြန်လည်ခွင့်ပြုရန်နှင့် အချိန်နှင့်တစ်ပြေးညီ ပြီးစီးအောင် ကြပ်မတ်ဆောင်ရွက်ပေးရန်လည်း တိုက်တွန်းအပ်ပါတယ်” ဟု ဦးမြင့်ဦးက ပြောကြားသည်။

ထို့ပြင် တင်ဒါလုပ်ငန်းများကို အောက်တိုဘာမှ ဒီဇင်ဘာအတွင်း ပြီးပြတ်အောင် ဆောင်ရွက်ပေးရန်၊ တည်ဆောက်ရေး လုပ်ငန်းများတွင် ကုမ္ပဏီများ အချိန်နှင့်တစ်ပြေးညီ ဆောင်ရွက်နိုင်ရေး ကြပ်မတ်ရန်၊ အရည်အသွေး စံချိန်စံညွှန်းပြည့်မီရေး စနစ်တကျ စိစစ်ကြပ်မတ်ရန်နှင့်  QC အဖွဲ့များမှ တာဝန်ယူမှု တာဝန်ခံမှုရှိရန်၊ လုပ်ငန်းတန်ဖိုး ပေးချေခြင်းကို လုပ်ငန်းပြီးစီးမှုနှင့် တစ်ပြေးညီ ပေးချေနိုင်ရေး ဆောင်ရွက်ပေးရန်တို့ကိုလည်း ဦးမြင့်ဦးက ဆွေးနွေးခဲ့သည်။

Most Read

Most Recent