ဂျပန်အိုဒီအေချေးငွေဖြင့် သန်လျင်တံတားအဆင်းမှ သီလဝါအထူးစီးပွားရေးဇုန်အထိ တည်ဆောက်နေသည့် လေးလမ်းသွား ကတ္တရာလမ်းမသစ် ၂၀၁၉ ခုနှစ် နှစ်ကုန်ပိုင်းတွင် ပြီးစီးမည်

ဂျပန်အိုဒီအေချေးငွေဖြင့် သန်လျင်တံတားအဆင်းမှ သီလဝါအထူးစီးပွားရေးဇုန်အထိ တည်ဆောက်နေသည့် လေးလမ်းသွား ကတ္တရာလမ်းမသစ် ၂၀၁၉ ခုနှစ် နှစ်ကုန်ပိုင်းတွင် ပြီးစီးမည်
  သန်လျင်တံတားအဆင်းမှ သီလဝါအထူးစီးပွားရေးဇုန်အထိ လေးလမ်းသွား ကတ္တရာလမ်းမသစ် တည်ဆောက်နေမှုကို တွေ့ရစဉ် (ဓာတ်ပုံ-သီဟအောင်)
သန်လျင်တံတားအဆင်းမှ သီလဝါအထူးစီးပွားရေးဇုန်အထိ လေးလမ်းသွား ကတ္တရာလမ်းမသစ် တည်ဆောက်နေမှုကို တွေ့ရစဉ် (ဓာတ်ပုံ-သီဟအောင်)
Published 3 November 2019
               ရွှန်းလဲ့ဝင်း

ဂျပန်နိုင်ငံအစိုးရ၏ အိုဒီအေချေးငွေဖြင့် တည်ဆောက်နေသည့် သန်လျင်တံတားအဆင်းမှ သီလဝါအထူးစီးပွားရေးဇုန်အထိ လေးလမ်းသွား ကတ္တရာလမ်းမသစ် တည်ဆောက်မှု ၂၀၁၉ ခုနှစ် နှစ်ကုန်ပိုင်းတွင် ပြီးစီးနိုင်မည်ဖြစ်ကြောင်း မြန်မာနိုင်ငံဆိုင်ရာ ဂျပန်သံအမတ်ကြီး Mr. Ichiro Maruyama ၏ ပြောကြားချက်အရ သိရသည်။

“သီလဝါအထူးစီးပွားရေးဇုန်အတွက် အရေးကြီးတာက အသွားအလာ ပို့ဆောင်ရေး ကဏ္ဍဖြစ်ပါတယ်။ ယခင်ရှိခဲ့တဲ့ ကားလမ်းဟာ အင်မတန်မှ ဆိုးရွားပါတယ်။ ဒါကြောင့်မို့ ဒီကားလမ်းကို လေးလမ်းသွား ကတ္တရာလမ်းမခင်းဖို့အတွက် ကျွန်တော်တို့ ဂျပန်နိုင်ငံရဲ့ အိုဒီအေချေးငွေနဲ့ တည်ဆောက်နေပါတယ်။ အစကတော့ ၂၀၁၉ ခုနှစ် နိုဝင်ဘာလောက်မှာ ပြီးစီးဖို့ မျှော်မှန်းထားပေမယ့် လုပ်ငန်းစဉ်လေးတွေ ကျန်ရှိနေတာကြောင့် နှစ်ကုန်ပိုင်းမှာ အပြီးသတ်နိုင်မှာဖြစ်ပါတယ်” ဟု မြန်မာနိုင်ငံဆိုင်ရာ ဂျပန်သံအမတ်ကြီး Mr. Ichiro Maruyama က The Daily Eleven သတင်းစာ၏ မေးမြန်းမှုကို ဖြေကြားခဲ့သည်။

သန်လျင်တံတားအဆင်းမှ သီလဝါ အထူးစီးပွားရေးဇုန်အထိ လေးလမ်းသွား ကတ္တရာလမ်းမသစ်နှင့်  ပဲခူးမြစ်ကူးတံတား (သန်လျင် တံတားအမှတ်  ၃) တည်ဆောက်မှုကို ဂျပန်နိုင်ငံအစိုးရ၏ အိုဒီအေချေးငွေဖြင့် တည်ဆောက်နေခြင်းဖြစ်သည်။

ပဲခူးမြစ်ကူးတံတား (သန်လျင်တံတား အမှတ်- ၃) တည်ဆောက်ရေးစီမံကိန်း၏ ရန်ကုန်ဘက်ကမ်းရှိ  ခုံးကျော်တံတား ပန္နက်တင်ခြင်း အခမ်းအနားကို ရန်ကုန်မြို့ သာကေတမြို့နယ် ရှုခင်းသာမြို့ပတ်လမ်းအနီးရှိ ခုံးကျော်တံတား တည်ဆောက်မည့် မြေနေရာတွင် ၂၀၁၉ ခုနှစ် ဖေဖော်ဝါရီ ၁၃ ရက် က ကျင်းပခဲ့သည်။

ဂျပန်နိုင်ငံချေးငွေအပါအဝင် စုစုပေါင်း အမေရိကန်ဒေါ်လာ သန်း ၃၀၀ ကျော်ဖြင့် တည်ဆောက်မည့် ပဲခူးမြစ်ကူးတံတား (သန်လျင်တံတားအမှတ် ၃) စီမံကိန်းကို Package 1, 2 & 3 အဖြစ် အဆင့်အလိုက် တည်ဆောက်သွားမည်ဖြစ်သည်။

“ရန်ကုန်မြို့ရဲ့ ဖွံ့ဖြိုးလာမှုနဲ့အတူ သီလဝါအထူးစီးပွားရေးဇုန်နဲ့ ဆိပ်ကမ်းကို ကုန်ပစ္စည်းတွေ သယ်ယူပို့ဆောင်တဲ့နေရာမှာ ခံနိုင်ဝန် ကန့်သတ်ချက်ရှိခဲ့လို့ ခေတ်မီတံတား အသစ်တစ်စင်း တည်ဆောက်ဖို့ လိုအပ်လာပါတယ်။ တိုးတက်များပြားလာတဲ့ ယာဉ်စီးရေကြောင့် လက်ရှိတံတားပေါ်ဖြတ်သန်းရာမှာ ယာဉ်ကြောပိတ်ဆို့မှုတွေရှိနေလို့ အဆင်မပြေမှုများစွာရှိနေခဲ့ပါတယ်။ ဒါကြောင့်မို့ ပဲခူးမြစ်ကူးတံတား (သန်လျင်တံတား အမှတ် ၃) ကို လေးလမ်းသွား Cable Stayed တံတားအဖြစ် အဆင့်သုံးဆင့်ခွဲခြားပြီး ဂျပန်တည်ဆောက်ရေး ကုမ္ပဏီများမှ တစ်ပြိုင်နက် တည်ဆောက်သွားမှာဖြစ်ပါတယ်” ဟု ဆောက်လုပ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးကျော်လင်းက ရန်ကုန်ဘက်ကမ်းရှိ ခုံးကျော်တံတား ပန္နက်တင်ခြင်းအခမ်းအနားတွင် ပြောကြားခဲ့သည်။

သန်လျင်တံတား အမှတ် (၃)ကို ပဲခူးမြစ်ပေါ်မှ ဖြတ်သန်း၍ သန်လျင်မြို့နယ်နှင့် သာကေတမြို့နယ်တို့ ဆက်သွယ်တည်ဆောက်မည်ဖြစ်ပြီး သန်လျင်တံတားအမှတ် (၁) ၏ အောက်ဘက် ၁၂၅ မီတာအကွာတွင် တည်ဆောက်မည်ဖြစ်သည်။

သာကေတနှင့် သန်လျင်မြို့ကို ဆက်သွယ်မည့် ယင်းတံတားအရှည်မှာ ၁၉၂၈ မီတာရှိပြီး ပင်မတံတားအရှည်မှာ ၁၂၂၄ မီတာ ရှည်လျားသည်။ သာကေတဘက်ခြမ်း ချဉ်းကပ်တံတားအရှည်မှာ မီတာ ၃၀၀ ရှိပြီး သန်လျင်ဘက်ခြမ်းတွင် ၄၀၄ မီတာဖြင့် တည်ဆောက်သွားမည်ဖြစ်သည်။

Fly over Bridge ချဉ်းကပ်တံတားအပိုင်းတွင် သာကေတဘက်ခြမ်း၌ ၅၄၇ မီတာ၊ သန်လျင်ဘက်ခြမ်းတွင် ၁၈၈ မီတာရှိပြီး လေးလမ်းသွားပင်မတံတားအကျယ်မှာ ၂၄ မီတာ၊ နှစ်လမ်းသွား Fly Over Bridge အကျယ်မှာ ၁၂ ဒသမ ၅ မီတာ (ကုန်းပေါ်အပိုင်း)နှင့် တစ်လမ်းသွား One Ramp Bridge အကျယ်မှာ ၅ ဒသမ ၅၇ မီတာ (ကွေ့ဝိုက်၍ တက်မည့်လမ်း) ဖြစ်သည်။ တံတား၏ ကိုယ်ထည်ကို Steel Box Girder ဖြင့် ဆောက်လုပ်မည်ဖြစ်ပြီး အုတ်မြစ်ကို Steel Pipe Sheet Pile ဖြင့် တည်ဆောက်မည်ဖြစ်ကာ ယာဉ်တစ်စီးစီ၏ ခံနိုင်ဝန်မှာ ၇၅ တန်သတ်မှတ်ထားသည်။

         

                                     

 

Most Read

Most Recent