လီဗာပူးလ်အသင်း၏ ခရစ္စမတ်နှင့်နှစ်သစ်ကူးပွဲကျပ်ကာလကြောင့် လိဂ်ဖလား ကွာတားဖိုင်နယ်ပွဲကို ရွှေ့ဆိုင်းရန်ဆွေးနွေးနေ

လီဗာပူးလ်အသင်း၏ ခရစ္စမတ်နှင့်နှစ်သစ်ကူးပွဲကျပ်ကာလကြောင့် လိဂ်ဖလား ကွာတားဖိုင်နယ်ပွဲကို ရွှေ့ဆိုင်းရန်ဆွေးနွေးနေ
Published 2 November 2019

 

အင်္ဂလန်ဘောလုံးလိဂ် (EFL)သည် လီဗာပူးလ်အသင်း၏ ခရစ္စမတ်နှင့်နှစ်သစ်ကူးပွဲကျပ်ကာလပွဲကျပ်များကြောင့် အက်စတွန်ဗီလာအသင်းနှင့် ကစားရမည့် လိဂ်ဖလား (Carabao Cup) ပြိုင်ပွဲ ကွာတားဖိုင်နယ်ပွဲစဉ်ကို ရွှေ့ဆိုင်းရန် ဆွေးနွေးနေကြောင်း သိရသည်။

လိဂ်ဖလား ကွာတားဖိုင်နယ်ပွဲစဉ်များကို ဒီဇင်ဘာ ၁၈ ရက်တွင် ယှဉ်ပြိုင်ကစားရန် စီစဉ်ထားပြီး လီဗာပူးလ်အသင်းသည် ပရီးမီးယားလိဂ်ပြိုင်ဘက် ဗီလာအသင်း၏ကွင်း၌ အဝေးကွင်း သွားရောက်ကစားရမည်ဖြစ်သည်။ 

သို့သော် လီဗာပူးလ်အသင်းသည် ဥရောပချန်ပီယံလိဂ်ပြိုင်ပွဲ၏ ချန်ပီယံအသင်းအဖြစ် ကာတာနိုင်ငံ၌ကျင်းပမည့် ကလပ်ကမ္ဘာ့ဖလားပြိုင်ပွဲ သွားရောက်ယှဉ်ပြိုင်ရန်ရှိနေသဖြင့် ပွဲစဉ်ရွှေ့ဆိုင်းရန် ဆွေးနွေးနေရခြင်းဖြစ်သည်။ 

လီဗာပူးလ်အသင်းသည် ဒီဇင် ဘာ ၁၈ ရက်တွင် ကလပ်ကမ္ဘာ့ဖလားပြိုင်ပွဲ ဆီမီးဖိုင်နယ်ယှဉ်ပြိုင်ရမည်ဖြစ်ပြီး ယင်းပွဲ တွင် အနိုင်ရ (သို့မဟုတ်) ရှုံးနိမ့်ပါက ဒီဇင် ဘာ ၂၁ ရက်တွင် ဗိုလ်လုပွဲ^တတိယလုပွဲ ထပ်မံကစားရမည်ဖြစ်သည်။ 

ထို့ပြင် လီဗာပူးလ်အသင်းအနေဖြင့် နိုဝင်ဘာ ၂၃ ရက်မှ ဇန်နဝါရီပထမပတ်အထိ ရက်သတ္တခြောက်ပတ်အတွင်း စနေ၊ တနင်္ဂနွေအပြင် ကြားရက်များတွင်ပါ ပွဲစဉ် ၁၄ ပွဲဆက်တိုက်ကစားရမည်ဖြစ်ရာ လိဂ်ဖလား ကွာတားဖိုင်နယ်ပွဲကို ဇန်နဝါရီဒုတိယပတ်မှသာ ယှဉ်ပြိုင်ကစားနိုင်ဖွယ်ရှိကြောင်း သိရသည်။ 

ဗြိတိန်မီဒီယာများကမူ ဗီလာ-လီဗာပူးလ် လိဂ်ဖလားပွဲကို ဇန် နဝါရီ ၈ ရက်သို့ ရွှေ့ဆိုင်းနိုင်ကြောင်း ခန့်မှန်းဖော်ပြလျက်ရှိပြီး အကယ်၍ ယင်းနေ့တွင်ကစားရန်ဆုံးဖြတ်ပါက ဆီမီးဖိုင်နယ်ပထမအကျော့ကိုလည်း ဇန်နဝါရီ ၇-၈ ရက်အစား ဇန်နဝါရီ ၁၄-၁၅ ရက်သို့ ရွှေ့ဆိုင်းရဖွယ်ရှိကြောင်း သိရသည်။

လီဗာပူးလ်အသင်းအနေဖြင့် နှစ်သစ် ကူးကာလတွင် ပွဲကျပ်များဆက်တိုက်ယှဉ်ပြိုင်ရမည်ဖြစ်သောကြောင့် ပွဲပန်းမှုအပြင် ကစားသမားများ ထိခိုက်ဒဏ်ရာရနိုင်သည့်အခြေအနေ ရင်ဆိုင်ရဖွယ်ရှိနေသည်။ 

လီဗာပူးလ်အသင်းနည်းပြ ကလော့ပ်ကမူ လိဂ်ဖလားပွဲကိုရွှေ့ဆိုင်းပေးရန် အဆင်မပြေပါက ပြိုင်ပွဲမှ နုတ်ထွက်မည်ဟု ပြောကြားထားသည်။

 

Most Read

Most Recent