ရန်ကုန်မြို့၌ကျင်းပမည့် ၂၀၂၀ အာရှ ယူ-၁၉ ခြေစစ်ပွဲ ယှဉ်ပြိုင်ရန် မြန်မာ ယူ-၁၉ အသင်း အပြီးသတ်ကစားသမား ၂၃ ဦး ရွေးချယ်

ရန်ကုန်မြို့၌ကျင်းပမည့် ၂၀၂၀ အာရှ ယူ-၁၉ ခြေစစ်ပွဲ ယှဉ်ပြိုင်ရန် မြန်မာ ယူ-၁၉ အသင်း အပြီးသတ်ကစားသမား ၂၃ ဦး ရွေးချယ်
Photos: MFF
Photos: MFF
Published 2 November 2019

 

 

မြန်မာ ယူ-၁၉ အမျိုးသားအသင်းနည်းပြချုပ် ဦးစိုးမြတ်မင်းသည် နိုဝင်ဘာ ၆ ရက်မှ ၁၀ ရက်အထိ ရန်ကုန်မြို့၌ကျင်းပမည့် ၂၀၂၀ အာရှ ယူ- ၁၉ ခြေစစ်ပွဲ အုပ်စု(I)ပွဲစဉ်များ ယှဉ်ပြိုင်ရန် အပြီးသတ်ကစားသမား ၂၃ ဦး ရွေးချယ်လိုက်ပြီဖြစ်ကြောင်း သိရသည်။

ဦးစိုးမြတ်မင်းသည် အောက်တိုဘာ နောက်ဆုံးပတ်တွင် ခြေစမ်းပွဲသုံးပွဲ ယှဉ်ပြိုင်ကစားပြီးနောက် နိုဝင်ဘာ ၁ ရက်တွင် အပြီးသတ်ကစားသမား ၂၃ ဦးကို ထုတ်ပြန်ခဲ့ခြင်းဖြစ်ပြီး မြန်မာ ယူ- ၂၂ အသင်းနှင့်အတူ ကာတာခြေစမ်းခရီးစဉ်သို့ လိုက်ပါသွားသည့် ဟိန်းထက်အောင်နှင့် ပြည့်စုံနိုင်တို့နှစ်ဦး အသင်းနှင့် ပူးပေါင်းနိုင်ခြင်းမရှိသေးသော်လည်း အပြီးသတ်လူစာရင်းတွင် ပါဝင်လာသည်။

မြန်မာ ယူ-၁၉ အသင်း အပြီးသတ်လူစာရင်းရွေးချယ်ရာတွင် မျိုးကိုကိုလင်း၊ သူရအောင်၊ ရန်နိုင်လင်း၊ သြဘာခ၊ ရဲထက် အောင်နှင့် ကောင်းဇင်မိုးတို့ ချန်လှပ်ခံခဲ့ရသည်။

မြန်မာ ယူ-၁၉ အသင်းသည် အာရှ ယူ-၁၉ ခြေစစ်ပွဲအတွက် အပြီးသတ်ပြင်ဆင်မှုများပြုလုပ်ရန် အောက်တိုဘာနောက်ဆုံးပတ်တွင် နိုင်ငံတကာခြေစမ်းပွဲတစ်ပွဲ၊ ပြည်တွင်းခြေစမ်းပွဲနှစ်ပွဲ၊ စုစုပေါင်းသုံးပွဲ ယှဉ်ပြိုင်ကစားပြီးနောက် ကစားသမားခြောက်ဦး လျှော့ချခဲ့ခြင်းဖြစ်သည်။

မြန်မာ ယူ-၁၉ အသင်းသည် ယခုနှစ် ဆန်းပိုင်းကတည်းက ဖွဲ့စည်းထားသည့် အသင်းဖြစ်သော်လည်း အာရှ ယူ-၁၉ ခြေစစ် ပွဲအတွက် စက်တင်ဘာ ၁၂ ရက်မှ ပဏာမကစားသမား ၂၉ ဦးဖြင့် ပြန်လည်လေ့ကျင့်ခဲ့ ခြင်းဖြစ်သည်။

မြန်မာ ယူ-၁၉ အသင်းသည် အာရှခြေစစ်ပွဲမတိုင်မီ စက်တင်ဘာ ၂၈ ရက် မှ အောက်တိုဘာ ၁ ရက်အထိ ကျင်းပသည့် တရုတ်တိုင်ပေ ယူ-၁၉ ဖိတ်ခေါ်ပြိုင်ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင်ရာ ဒုတိယဆုရရှိခဲ့သည်။

မြန်မာ ယူ-၁၉ အသင်းသည် အာရှ ယူ-၁၉ ခြေစစ်ပွဲတွင် တောင်ကိုရီးယား၊ တရုတ်၊ စင်ကာပူတို့နှင့်အတူကျရောက်နေပြီး ရန်ကုန်မြို့ ရှိ သုဝဏ္ဏကွင်း၌ လက်ခံကျင်းပမည်ဖြစ်သည်။

အုပ်စု (I) ပွဲစဉ်များကို နိုဝင်ဘာ ၆၊ ၈၊ ၁၀ ရက်တွင် တစ်နေ့လျှင် နှစ်ပွဲနှုန်းဖြင့် ကျင်းပမည်ဖြစ်ပြီး မြန်မာအသင်း၏ပွဲစဉ် အားလုံးကို ညနေ ၆ နာရီတွင် ကျင်းပမည်ဖြစ်သည်။

ကွင်းဝင်ကြေးအဖြစ် အထူးတန်း ကျပ် ၂၀၀၀၊ ရိုးရိုးတန်း ကျပ် ၁၀၀၀ သတ်မှတ်ထားပြီး လက်မှတ်များကို အွန်လိုင်းမှလည်း ရောင်းချမည်ဖြစ်သည်။

ခြေစစ်ပွဲကို အုပ်စု ၁၁ ခုခွဲ၍ ကျင်းပမည်ဖြစ်ပြီး အုပ်စုပထမရသည့် ၁၁ သင်းနှင့် ဒုတိယနေရာရအသင်းများအနက် အကောင်းဆုံးလေးသင်း ခြေစစ်ပွဲအောင်မြင်မည်ဖြစ်သည်။

 

 

Most Read

Most Recent