အကယ်ဒမီပိုင်ဖြိုးသုနှင့် တွေ့ဆုံခြင်း

အကယ်ဒမီပိုင်ဖြိုးသုနှင့် တွေ့ဆုံခြင်း
Published 29 October 2019
လင်းလင်းခိုင်

သရုပ်ဆောင်ခွင့်ရသည့် ကာရိုက်တာတိုင်းတွင် ပီပြင်စွာပုံဖော်တတ်သူတစ်ဦးအဖြစ် ပရိသတ်လက်ခံအားပေးမှုရရှိထားသူ အကယ်ဒမီပိုင်ဖြိုးသုမှာ အောက်တိုဘာ ၃၁ ရက်တွင် ရုံတင်ပြသမည့် Now & Ever ဇာတ်ကားတွင်လည်း စိတ်ကျဝေဒနာကိုခံစားနေရသည့် ဝတ်မှုန်ဆိုသည့်ကာရိုက်တာဖြင့် ပီပြင်စွာပုံဖော်ထားသူဖြစ်သည်။ ခင်ပွန်းဖြစ်သူ ဒါရိုက်တာဏကြီး ရိုက်ကူးထုတ်လုပ်မည့် ရုပ်ရှင် ဇာတ်ကားသစ်တွင်လည်း ပါဝင်ရန်ပြင်ဆင်လျက်ရှိသူဖြစ်သည်။ မကြာခင်ကြည့် ခွင့်ရတော့မည့် Now & Ever ဇာတ်ကားတွင် အမူအရာပီပြင်လွန်းသူအဖြစ် ပရိသတ်များ၏ ကြိုတင်အားပေးမှုကိုရရှိထားသည့် သရုပ်ဆောင် ပိုင်ဖြိုးသုနှင့် တွေ့ဆုံကာ ယင်းဇာတ်ကားတွင် သရုပ်ဆောင်ခဲ့သည့်အမှတ်တရများ၊ ရှေ့ဆက် လုပ်ဆောင်သွားမည့်အနုပညာလုပ်ငန်းများအကြောင်းကို မေးမြန်းဖြစ်ခဲ့ပါသည်။

 

မေး - ဝတ်မှုန်ဆိုတဲ့ ကာရိုက်တာအတွက် Character Development လုပ်ခဲ့ရတဲ့အ ပိုင်းတွေ ပြောပြပေးပါဦး။

ဖြေ - Character Development ပိုင်းကို သေချာကြိုးစားပြီး လုပ်ခဲ့ရတယ်။ သုသုတို့ ဆရာ Mr. Thierry Bleu ကလည်း သေချာသင်ပေးတယ်။ နှစ်ပတ်ကြာတက်ရတဲ့ Workshop မှာ ဒီဇာတ်ကားထဲက ကာရိုက်တာတွေဖြစ်သွားအောင် အများကြီးလေ့ကျင့်ပေးလိုက်တယ်။ ရိုက်ကူးတဲ့အခါမှာလည်း Chemistry ရှိပြီးသားဖြစ်သွားတယ်။ ဒီဇာတ်ကားမှာ ဝတ်မှုန်ဆိုတဲ့ ကာရိုက်တာ ဖြစ်သွားတယ်ဆိုတာကလည်း မခရစ္စရဲ့သင်ကြားပေးမှုကစလို့ ဇာတ်လမ်းတစ်ခုလုံးမှာ ပါဝင်ကြသူတွေရဲ့ ပံ့ပိုးမှုကြောင့်လည်း ပါတယ်။ ဒီဇာတ်ကားက Team Work ကြောင့်လို့လည်း ပြောလို့ရပါတယ်။

မေး - ကိုယ်ကိုယ်တိုင်ပြန်ကြည့်တဲ့အခါမှာရော ဘယ်လိုခံစားရလဲ။

ဖြေ - အခုကတော့ သုသုအနေနဲ့ကြည့်ရတာပေါ့နော်။ ရိုက်တုန်းကတော့ ပိုင်ဖြိုးသုဆိုတာလည်း စိတ်ထဲမှာမရှိဘဲနဲ့ ဇာတ်ကောင်ဝတ်မှုန်အနေနဲ့ပဲ နေခဲ့ရတဲ့အခါ ဝတ်မှုန်မြင်သလိုပဲ မြင်တယ်။ ဝတ်မှုန်ကြားသလိုပဲ ကြားခဲ့တာ ပေါ့။ အခုကတော့ ပရိသတ်တစ်ယောက်အနေနဲ့ ပိုင်ဖြိုးသုအနေနဲ့ ပြန်ကြည့် ခွင့်ရတာပေါ့။

မေး - ဝတ်မှုန်ကာရိုက်တာကို အသက်သွင်းရတဲ့အခါ ဘယ်အချက်တွေက အခက်ခဲဆုံးလဲ။

ဖြေ - အမှန်အတိုင်းဝန်ခံရရင် Actor တွေ အားလုံးကို အကြိမ်ကြိမ်ကြိုပြီး လေ့ကျင့်ပေးခဲ့တဲ့အတွက် အဲဒီဇာတ်ကောင်ရဲ့ခံစားမှုက ရင်ထဲရောက်ပြီး သားဖြစ်တော့ ရိုက်တဲ့အချိန်မှာ အခက်အခဲအများကြီးမရှိတော့ဘူး။

မေး - ကိုယ်တိုင်သရုပ်ဆောင်မှုကို ရာနှုန်းပြည့်ကျေနပ်လား။

ဖြေ - ကိုယ့်ကိုယ်ကိုယ်ဆို မှန်လား မှားလား မသိဘူး။ ရိုက်ကွင်းတုန်းကလုပ် ခဲ့တာက ဝတ်မှုန်ဆိုတဲ့ စိတ်ခံစားမှုနဲ့လုပ်ခဲ့တယ်။ အခုပြန်ကြည့်တော့ ပိုင် ဖြိုးသုအနေနဲ့ ပြန်ကြည့်တဲ့အခါ အားရလား အားမရလား မပြောတတ်ဘူး။ သရုပ်ဆောင်တွေရဲ့ အနုပညာနဲ့ပတ်သက်လို့ ပရိသတ်တွေ ကျေနပ်အားရဖို့ က ပိုအရေးကြီးတယ်လို့ ထင်တယ်။ အခုကတော့ World Premiere ပွဲတုန်း က မီဒီယာတွေနဲ့ တချို့မိတ်ဆွေတွေ ကြည့်ခဲ့ကြရတယ်။ သူတို့က ကျေနပ်တယ်ဆိုတဲ့ Feedback မျိုးတွေပေးပေမဲ့ ရုံတကယ်တင်တဲ့အခါ ပရိသတ်တွေ ဘယ်လိုမြင်မလဲဆိုတာ အရမ်းရင်ခုန်နေပါတယ်။ ပရိသတ်ရှေ့ရောက်မယ့် ကားတိုင်းအတွက် ရင်ခုန်နေပါတယ်။

မေး - ဒီဇာတ်ကားက သုသုအတွက် နောက်ထပ်မှတ်တိုင်တစ်ခုလို့ ပြောနေကြတဲ့အပေါ် ခံစားမှုကိုပြောပေးပါဦး။

ဖြေ - သုသုအတွက်ကလေ ဘယ်ဇာတ်ကားပဲဖြစ်ဖြစ် ကိုယ်ကြိုးစားခွင့်ရသလောက် အကောင်းဆုံးကြိုးစားတယ်။ အဲဒီကြိုးစားမှုကို ပရိသတ်က အသိအမှတ်ပြုပေးတယ်ဆိုရင်ပဲ ကိုယ်ကြိုးစားခဲ့သမျှ၊ ပင်ပန်းခဲ့သမျှ အကုန်ပြေသွားပြီ။

မေး - ဒီဇာတ်ကောင်မှာက စိတ်ဓာတ်ကျနေတဲ့ Depression ဝင်နေတဲ့သူတစ်ယောက်အနေနဲ့ ပါဝင်ရတာဆိုတော့ အဲဒီစိတ်ခံစားမှုကို ဘယ်လိုခံစားသရုပ်ဆောင်ခဲ့ရလဲ။

ဖြေ - သုသု ဒီဇာတ်ရုပ်ရဲ့စိတ်ခံစားမှုကို ခံစားတဲ့အခါ သူ့နေရာမှာ ကိုယ်သာဆိုရင် ဆိုတဲ့စိတ်ခံစားမှု အတတ်နိုင်ဆုံး ကြိုးစားပြီးသရုပ်ဆောင်ခဲ့တယ်။ မရိုက်ကူးခင်မှာလည်း စိတ်ရောဂါကုဆရာဝန်တွေနဲ့ တွေ့ရတယ်။ သူတို့ဆီကလည်း အများကြီးသိရ တယ်ပေါ့နော်။

မေး - သုသုနဲ့ ကိုဏကြီးတို့ရဲ့ ကိုယ်ပိုင်ထုတ်လုပ်ရေးအကြောင်းလေး ပြောပြပါ ဦး။

ဖြေ - ကိုဏကြီးနဲ့ သုသုတို့ရဲ့ Fatty Gangster ထုတ်လုပ်ရေးကနေ ပထမဆုံးရိုက်မယ့် ဇာတ်ကားပေါ့။ ဇာတ်ကားနာမည်တော့ ပြောလို့မရသေးဘူး။ ဇာတ်ကားရဲ့ Tag Line လေးကတော့ Life is not a waiting room ပေါ့။ သရုပ်ဆောင်တွေက မအူဝဲ (အိန္ဒြာကျော်ဇင်)၊ သုသုနဲ့ ကိုအောင်မြင့်မြတ်၊ ဧည့်သည်သရုပ်ဆောင်အနေနဲ့ ကိုကျော်ထက်အောင်လည်း ပါတယ်။

မေး - မအူဝဲက ကိုဏကြီးရော သုသုအတွက်ပါ အရမ်းသဘောကျရတဲ့ သရုပ်ဆောင်ဆိုတော့ အခုတွဲဖက် ရိုက်ကူးရမယ့်အပေါ် ခံစားချက်ဆိုရင်ရော။

ဖြေ - အခု ဒီရုပ်ရှင်က ကိုဏကြီးရဲ့ Dream Project လို့ ပြောလို့ရတယ်။ သူ ကျောင်းသွားတက်ကတည်းက ရေးထားတဲ့ဇာတ်ပေါ့။ မအူဝဲကို ရွေးတယ်ဆို တာကတော့ ဘာမှပြောစရာမလိုဘူးပေါ့။ အစ်မရဲ့အက်တင်၊ ကိုဏကြီးရဲ့ ဇာတ်ရုပ်နဲ့က အစ်မနဲ့လည်း အရမ်းလိုက်တယ်။ အတူတွဲပြီးရိုက်ရမယ်ဆိုတော့ အရမ်းပျော်တာပေါ့။ သုသု သရုပ်ဆောင်ဖြစ်လာတယ်ဆိုတာလည်း မအူဝဲတို့ မခိုင်ကြီးတို့ကို အားကျပြီးဖြစ်လာခဲ့တာ။ ဒါကြောင့် အရမ်းပျော်ပါတယ်။

မေး - Pre Production ပိုင်းတွေရော စလုပ်နေပြီလား။

ဖြေ - ကိုဏကြီး စလုပ်နေတာတော့ တစ်လတောင်ရှိသွားပြီ။ ရိုက်မှာက ဇန်နဝါရီ ၁ ရက်မှဆိုတော့ ဇာတ်ညွှန်းပြီးကတည်းက ဖြည်းဖြည်းချင်းပြင်ဆင်နေတာပေါ့။ Schedule တွေ ဘာတွေကအစ ထွက်နေပြီ။ ဒီဇာတ်ကားအတွက်တော့ အစွမ်းကုန်ကြိုးစားမှာပါ။ ပရိသတ်တွေ အချိန်ပေး ကြည့်ရကျိုးနပ်စေမယ့်ဇာတ်ကား တစ်ကားဖြစ်လာအောင် အစွမ်းကုန်ကြိုးစားသွားမှာပါ။

မေး - Now & Ever ဇာတ်ကားအတွက် ပရိသတ်တွေနဲ့ တွေ့ဆုံမယ့် အစီအစဉ်မျိုးတွေရှိမလား။

ဖြေ - သုသုတို့ကိုပြောထားတာတော့ရှိတယ်။ Now & Ever Tour တွေ ဘာတွေ ထွက်ရမှာတွေရှိတယ်။ တခြားနိုင်ငံတွေလည်း သွားပြရမှာတွေလည်း ရှိတယ်လို့ သိရပါတယ်။

မေး - Red Carpet မှာလည်း သီဟနဲ့ ဝတ်မှုန် Relationship ပုံစံနဲ့ ပွဲတက်ခဲ့ကြတာက အမှတ်တရ ဖြစ်မယ်ထင်တယ်နော်။

ဖြေ - ဟုတ်တယ်။ သုသုဘဝမှာလည်း တစ်ခါမှ အဲဒီလိုပွဲ မတက်ခဲ့ဖူးဘူး။ အဲဒီနေ့က ဇာတ်ကားထဲက သီဟနဲ့ ဝတ်မှုန်အတိုင်းပဲ ပွဲတက်ခဲ့ရတယ်။ ထိုင်တော့လည်း ကိုဇဏ်ဘေးမှာ ထိုင်ရတာဆိုတော့ ကိုဇဏ်နဲ့ မခရစ္စကြားမှာ Third Wheel ဖြစ်နေတာပေါ့။ အဲဒါကို ပရိသတ်တွေကလည်း သဘောကျ ကြတယ်ဆိုတော့ အမှတ်တရပါပဲ။

မေး - ပရိသတ်တွေကို ပြောချင်တဲ့စကား လက်ဆောင်ရှိရင် ပြော ပေးပါဦး။

ဖြေ - Now & Ever  ဇာတ်ကားကို အောက်တိုဘာ ၃၁ ရက်မှာ ပြသပါတော့မယ်။ ဒီဇာတ်ကားမှာ ပါဝင် တဲ့သူအားလုံးက အစွမ်းကုန်ကြိုးစားထားလို့ အားပေးကြည့်ရှုဖို့ ဖိတ်ခေါ်ချင်ပါတယ်။      

 

 

 

Most Read

Most Recent