အတိုက်အခံများ၏ ဆန္ဒပြမှုကြောင့် ဟောင်ကောင်ဥပဒေပြုကောင်စီ အစည်းအဝေးကျင်းပမှု ဆိုင်းငံ့ခဲ့ရ

အတိုက်အခံများ၏ ဆန္ဒပြမှုကြောင့် ဟောင်ကောင်ဥပဒေပြုကောင်စီ အစည်းအဝေးကျင်းပမှု ဆိုင်းငံ့ခဲ့ရ
  အောက်တိုဘာ ၁၇ ရက်တွင် ဟောင်ကောင်ဥပဒေပြုကောင်စီ၌ ဒီမိုကရေစီလိုလားသော ဥပဒေပြုအမတ်တစ်ဦးက အုပ်ချုပ်ရေးမှူး ကာရီလမ် (ဝဲ) အား ဆန့်ကျင်အော်ဟစ်နေစဉ်
အောက်တိုဘာ ၁၇ ရက်တွင် ဟောင်ကောင်ဥပဒေပြုကောင်စီ၌ ဒီမိုကရေစီလိုလားသော ဥပဒေပြုအမတ်တစ်ဦးက အုပ်ချုပ်ရေးမှူး ကာရီလမ် (ဝဲ) အား ဆန့်ကျင်အော်ဟစ်နေစဉ်
Published 17 October 2019
Ref: AP

ဟောင်ကောင်အတိုက်အခံအမတ်များ၏ ဆန္ဒပြမှုများကြောင့် အောက်တိုဘာ ၁၇ ရက်တွင် ဥပဒေပြုကောင်စီ အစည်းအဝေး စတင်မှုအား ဆိုင်းငံ့ခဲ့ရပြီး အုပ်ချုပ်ရေးမှူးကာရီလမ်သည်လည်း ပြန်လည်ထွက်ခွာခဲ့ရကြောင်း သိရသည်။ ဒီမိုကရေစီလိုလားသော ဥပဒေပြုအမတ်များက သွေးစွန်းနေသည့် လက်များဖြင့် ပုံဖော်ထားသော လမ်၏ဓာတ်ပုံကို ကိုင်ဆောင်လျက် အော်ဟစ်ကန့်ကွက်မှုများကြောင့် လုံခြုံရေးများက ၎င်းတို့အား ခေါ်ထုတ်သွားခဲ့ရပြီး အစည်းအဝေးကိုလည်း ဆိုင်းငံ့ခဲ့ရသည်။

အောက်တိုဘာ ၁၆ ရက်တွင်လည်း လမ်သည် ဥပဒေပြုကောင်စီ၌ အော်ဟစ်နှောင့်ယှက်ခံရမှုကြောင့် နှစ်စဉ်ပြောကြားနေကျ မူဝါဒရေးရာ မိန့်ခွန်းပြောကြားမည့် အစီအစဉ်ကို ပယ်ဖျက်ခဲ့ရပြီး နောက်ပိုင်းတွင် ရုပ်သံမိန့်ခွန်းကို ထုတ်လွှင့်ခဲ့ရသည်။ ဥပဒေပြုကောင်စီတွင် နှောင့်ယှက်ခံရမှုများနှင့် အောက်တိုဘာ ၁၆ ရက်ညတွင် ဆန္ဒပြလှုပ်ရှားမှုအဖွဲ့၏ခေါင်းဆောင်တစ်ဦးဖြစ်သူ ဂျင်မီရှမ်းသည်တူနှင့်ဓားများ ကိုင်ဆောင်ထားသူများ၏ တိုက်ခိုက်ခံခဲ့ရမှုက ပြီးခဲ့သော ဇွန်နောက်ပိုင်းဟောင်ကောင်အား ရိုက်ခတ်ခဲ့သော မငြိမ်သက်မှုများတွင် ကြီးမားသည့်နောက်ဆုံးအလှည့်အပြောင်းဖြစ်ခဲ့သည်။

လမ်သည် ဆန္ဒပြခံရမှုကြောင့် ဥပဒေပြုကောင်စီမှ မထွက်ခွာမီ ၎င်း၏ ပထမဦးစားပေးမှာ ဟောင်ကောင်စီးပွားရေးအပြင် အလွန်အမင်းအမှီအခိုကင်းသော တရားစီရင်ရေးစနစ်ရှိပြီး ဘဏ္ဍာရေးနှင့် စီးပွားရေးများအတွက် ဘေးကင်းလုံခြုံပြီး ဥပဒေလိုက်နာသည်ဟူသော ဂုဏ်သတင်းအားအလွန်အမင်း အထိနာစေခဲ့သည့် အကြမ်းဖက်မှုများကို ရပ်ဆိုင်းရန်ဖြစ်ကြောင်း အကြိမ်ကြိမ်ပြောကြားခဲ့သည်။

တည်ငြိမ်မှုများ ပြန်လည်ရရှိနိုင်ရန်အတွက် လမ်က သူသည် အစိုးရဝန်ထမ်းများနှင့် သယ်ယူပို့ဆောင်ရေးအာဏာပိုင်များနှင့် လက်တွဲလုပ်ဆောင်နေကြောင်း ပြောကြားခဲ့သည်။ သို့သော် ရာထူးမှ နုတ်ထွက်ရန်အတွက် အော်ဟစ်ဆန္ဒပြမှုများကြောင့် လမ်သည် ဥပဒေပြုကောင်စီမှထွက် ခွာသွားခဲ့ရပြီး ဒီမိုကရေစီလိုလားသော ဥပဒေပြုအမတ် ကလော်ဒီယာမိုကလည်း လမ်အား လူလိမ်ဟု အော်ဟစ်ခဲ့သည်။

ဟောင်ကောင်တွင် ဧရာမ လူထုဆန္ဒပြမှုများအား စီစဉ်သည့် Civil Human Rights Front ၏ ခေါင်းဆောင်ဖြစ်သူ ရှမ်းသည် အောက်တိုဘာ ၁၆ ရက်ညနေတွင် Kowloon ခရိုင်တွင် အစည်းအဝေးတစ်ခုတက်ရောက်ရန် သွားရောက်စဉ် လူလေးဦး သို့မဟုတ် ငါးဦး၏ တိုက်ခိုက်မှုကြောင့် ဦးခေါင်းတွင် ဒဏ်ရာများ ရရှိခဲ့သော်လည်း သတိမလွတ်ခဲ့ကြောင်း Front အဖွဲ့က Facebook စာမျက်နှာတွင် ဖော်ပြခဲ့သည်။

ရှမ်းအား တိုက်ခိုက်မှုသည် အခြားသူများအား ဆန္ဒပြမှုများတွင် မပါဝင်စေရန်အတွက် ခြောက်လှန့်ခြင်း သို့မဟုတ် လာမည့်လတွင် ကျင်းပရန်စီစဉ်ထားသော ခရိုင်ကောင်စီရွေးကောက်ပွဲများအား ဖျက်သိမ်းရန် အစိုးရအတွက် မူမမှန်သောအကြောင်းပြချက်ပေးရန် ဖန်တီးနေခြင်းဖြစ်ကြောင်း မိုနှင့်အခြား အတိုက်အခံအမတ်များက အောက်တိုဘာ ၁၇ ရက်တွင် ပြောကြားခဲ့ကြသည်။

ရှမ်းအား တိုက်ခိုက်သူများသည် ကားတစ်စီးဖြင့် ထွက်ပြေးလွတ်မြောက်သွားခဲ့ပြီး မည်သူမည်ဝါမှန်း မသိရသေးပေ။ သို့သော် ရာဇဝတ်ဂိုဏ်းအဖွဲ့ဝင်များက ဆန္ဒပြသူူများနှင့် ဒီမိုကရေစီလိုလားသည့်လှုပ်ရှားမှု၏ ခေါင်းဆောင်များအား တိုက်ခိုက်ခဲ့မှုအတွက် စွပ်စွဲခံထားရသည်။ ပြီးခဲ့သောလတွင်လည်း ရှမ်းနှင့် ၎င်း၏လက်ထောက်တို့အား တိုက်ခိုက်ခဲ့မှုတွင် ပါဝင်မှုအတွက် အသက် ၁၅ နှစ် အရွယ်တစ်ဦးအပါအဝင် လူနှစ်ဦးကို ရဲတပ်ဖွဲ့က ဖမ်းဆီးခဲ့သည်။                          

Most Read

Most Recent