အဂတိကင်းစင်ရေး ဆောင်ရွက်ရာတွင် အရေးယူခြင်းသက်သက်ဖြင့် ပြည့်စုံမည် မဟုတ်ကြောင်း ပြည်ထောင်စ ကောင်းကျိုးဆောင်ပါတီ (UBP) ဥက္ကဋ္ဌ သူရဦးရွှေမန်း ပြောကြား

အဂတိကင်းစင်ရေး ဆောင်ရွက်ရာတွင် အရေးယူခြင်းသက်သက်ဖြင့် ပြည့်စုံမည် မဟုတ်ကြောင်း ပြည်ထောင်စ ကောင်းကျိုးဆောင်ပါတီ (UBP) ဥက္ကဋ္ဌ သူရဦးရွှေမန်း ပြောကြား
အဂတိကင်းစင်ရေးအတွက် ဆောင်ရွက်ရာတွင် အရေးယူခြင်း သက်သက်ဖြင့် ပြည့်စုံမည် မဟုတ်ကြောင်း ပြည်ထောင်စု ကောင်းကျိုးဆောင်ပါတီ (UBP) ဥက္ကဋ္ဌ သူရဦးရွှေမန်းက ပြောကြားသည်။
အဂတိကင်းစင်ရေးအတွက် ဆောင်ရွက်ရာတွင် အရေးယူခြင်း သက်သက်ဖြင့် ပြည့်စုံမည် မဟုတ်ကြောင်း ပြည်ထောင်စု ကောင်းကျိုးဆောင်ပါတီ (UBP) ဥက္ကဋ္ဌ သူရဦးရွှေမန်းက ပြောကြားသည်။
Published 16 October 2019
လူမော်နိုင်

NLD အစိုးရလက်ထက်တွင် အစိုးရအဖွဲ့ဝင်အချို့ အဂတိလိုက်စားမှုနှင့် အရေးယူခံရခြင်း၊ အဂတိလိုက်စားမှုဖြစ်စဉ် အချို့တွင် ဝန်ကြီးအချို့ ပါဝင်နေကြောင်း သုံးသပ်ပြောဆိုမှုများ ရှိနေခြင်းနှင့် ပတ်သက်၍ အောက်တိုဘာ ၁၄ ရက်က ပြည်ထောင်စု ကောင်းကျိုးဆောင်ပါတီ (UBP) ဥက္ကဋ္ဌ သူရဦးရွှေမန်းကို The Daily Eleven သတင်းစာက သီးသန့်တွေ့ဆုံမေးမြန်းရာ၌ ၎င်းက အထက်ပါအတိုင်း ထည့်သွင်းဖြေကြား ခဲ့ခြင်းဖြစ်သည်။

“အစိုးရအဖွဲ့သစ် ရွေးတဲ့အခါမှာ ပြောမယ်ဆိုရင်တော့ မိမိရွေးတဲ့နေရာမှာ ပါတယ်လို့ မပြောချင်ပါဘူး။ သို့ရာတွင် အတည်ပြုတိုင်ပင်တဲ့ နေရာမှာတော့ ပါခဲ့ပါတယ်။ ဒီနေ့ အဂတိနဲ့ ပတ်သက်လို့ ဖြစ်ပေါ်နေတဲ့ ကိစ္စကတော့ သက်ဆိုင်သူများရဲ့ ဆောင်ရွက်မှုနဲ့ ဥပဒေအပိုင်းပဲ ဖြစ်ပါတယ်။ ဒီလို အဂတိကြောင့် ဖြစ်ပေါ်လာတဲ့ အကျိုးဆက်တွေကလည်း လူပုဂ္ဂိုလ် အတွက်လည်း မကောင်း၊ အဖွဲ့အစည်း အတွက်လည်း မကောင်းပါဘူး။ နိုင်ငံအတွက်လည်း မကောင်းပါဘူး။ အဂတိကင်းစင် လျော့ပါးရေးအတွက် ဆောင်ရွက်တဲ့ နေရာမှာ အရေးယူလိုက်တာနဲ့ ပြည့်စုံသွားမယ်လို့တော့ မထင်ပါဘူး။ အဲဒီလို မဖြစ်အောင် ဘယ်လိုကြိုတင် ကာကွယ်မလဲ။ ဘယ်လိုဆောင်ရွက်မလဲဆိုတဲ့ ကိစ္စကတော့ အများကြီး ရှိပါတယ်” ဟု သူရဦးရွှေမန်းက ပြောကြားသည်။

သူရဦးရွှေမန်းသည် ဦးသိန်းစိန်အစိုးရ လက်ထက်တွင် ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌအဖြစ် တာဝန်ယူခဲ့ပြီး အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် (NLD) အစိုးရ လက်ထက်တွင်လည်း ၂၀၁၉ ခုနှစ် ဖေဖော်ဝါရီအထိ ဥပဒေရေးရာနှင့် အထူးကိစ္စရပ်များ လေ့လာဆန်းစစ် သုံးသပ်ရေး ကော်မရှင်၌ ဥက္ကဋ္ဌအဖြစ် တာဝန်ယူ ဆောင်ရွက်ခဲ့သည်။

ထို့ကြောင့် NLD အစိုးရနှင့် ဦးသိန်းစိန် အစိုးရလက်ထက်က အခြေအနေများကို နှိုင်းယှဉ်၍ ပြောကြားပေးရန် The Daily Eleven သတင်းစာက မေးမြန်းရာတွင် ပြည်သူများကသာ အကဲဖြတ်သင့်ကြောင်း ၎င်းက ပြန်လည်ဖြေကြားသည်။

“လက်ရှိကာလအစိုးရနဲ့ လွှတ်တော် အခြေအနေကတော့ ကိုယ်တို့နဲ့တော့ သိပ်ပြီးမတူဘူးလို့ပဲ ပြောချင်ပါတယ်။ ဘယ်သူက သာတယ်။ ဘယ်သူက နိမ့်တယ် ဆိုတာတော့လည်း လွှတ်တော်ဥက္ကဋ္ဌဟောင်း တစ်ယောက်အနေနဲ့ နောက်အစိုးရမှာ တာဝန်ရှိခဲ့သူ တစ်ယောက်အနေနဲ့ ဒါကတော့ အကဲမဖြတ်ချင်ပါဘူး။ ပြည်သူက အကဲဖြတ်တာ ပိုပြီးတော့ မှန်ကန်ပါတယ်။ တို့အနေနဲ့ အကဲဖြတ်ရင်လည်း လွဲမှားသွား နိုင်တဲ့အတွက် ပြည်သူများကို အကဲဖြတ်ခိုင်းတာပဲ ကောင်းမယ်ထင်ပါတယ်” ဟု သူရဦးရွှေမန်းက ပြောကြားသည်။

ထို့ပြင် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နှင့် ၎င်း၏ဆက်ဆံရေးသည် ပုံမှန်ရှိသော်လည်း ပါတီချင်း ဆက်ဆံရေးတွင်မူ လူထုထောက်ခံမှုရရှိရန် မိမိပါတီ၏ မူဝါဒအတိုင်း ကြိုးစားနေကြကြောင်း ၎င်းကဆက်လက် ပြောကြားသည်။

လက်ရှိတွင် သူရဦးရွှေမန်း အနေဖြင့် ပြည်ထောင်စု ကောင်းကျိုးဆောင်ပါတီ (UBP) ကို တည်ထောင်ထားပြီး ဥက္ကဋ္ဌအဖြစ် တာဝန်ယူ ဆောင်ရွက်နေသည့်အပြင် ပါတီကို အင်အားကြီးပါတီ တစ်ခုအဖြစ် ရပ်တည်၍ နိုင်ငံရေး ကိစ္စရပ်များတွင် ရှေ့ဆုံးမှ ဦးဆောင်ပါဝင်နိုင်မည့် အခွင့်အရေးရရှိရန် ကြိုးစားနေကြောင်း ၎င်းက ပြောကြားသည်။

လာမည့်၂၀၂၀ ရွေးကောက်ပွဲတွင် ပြည်ထောင်စု ကောင်းကျိုးဆောင်ပါတီ အနေဖြင့် ကိုယ်စားလှယ်နေရာ ၃၀၀ ကျော်တွင် ဝင်ရောက်ယှဉ်ပြိုင် သွားမည်ဖြစ်သည်။

Most Read

Most Recent