ရန်ကုန်မြို့တွင် အဆင့်မြင့် လက်လီအရောင်းနေရာ စတုရန်းမီတာ ၄၀၀၀၀၀ ဝန်းကျင်ရှိလာပြီး ငှားရမ်းမှုနှုန်း ၈၈ ရာခိုင်နှုန်းရှိကာ ယခင်သုံးလပတ်ထက် ငှားရမ်းခ ၄ ဒသမ ၁ ရာခိုင်နှုန်းကျဆင်း

ရန်ကုန်မြို့တွင် အဆင့်မြင့် လက်လီအရောင်းနေရာ စတုရန်းမီတာ ၄၀၀၀၀၀ ဝန်းကျင်ရှိလာပြီး ငှားရမ်းမှုနှုန်း ၈၈ ရာခိုင်နှုန်းရှိကာ ယခင်သုံးလပတ်ထက် ငှားရမ်းခ ၄ ဒသမ ၁ ရာခိုင်နှုန်းကျဆင်း
ရန်ကုန်မြို့ ပန်းဘဲတန်းမြို့နယ်ရှိ စျေးဝယ်စင်တာ တစ်ခုကို တွေ့ရစဉ်
ရန်ကုန်မြို့ ပန်းဘဲတန်းမြို့နယ်ရှိ စျေးဝယ်စင်တာ တစ်ခုကို တွေ့ရစဉ်
Published 12 October 2019
စည်သူအောင်

ရန်ကုန်မြို့တွင် အဆင့်မြင့် လက်လီအရောင်းနေရာ စတုရန်းမီတာ ၄၀၀၀၀၀ ဝန်းကျင်ရှိလာပြီး ငှားရမ်းမှုနှုန်း ၈၈ ရာခိုင်နှုန်းရှိကာ ယခင်သုံးလပတ်ထက် ငှားရမ်းခ ၄ ဒသမ ၁ ရာခိုင်နှုန်း ကျဆင်းခဲ့ကြောင်း ကနေဒါ အခြေစိုက် အိမ်ခြံမြေ ဝန်ဆောင်မှုလုပ်ငန်း တစ်ခုဖြစ်သည့် Colliers International (Myanmar) ၏ ၂၀၁၉ ခုနှစ် တတိယ သုံးလပတ်စျေးကွက် သုံးသပ်ချက်အရ သိရသည်။

၂၀၁၉ ခုနှစ် တတိယ သုံးလပတ်အတွင်း အဆင့်မြင့် လက်လီအရောင်းနေရာသစ် ထွက်ရှိမှု စတုရန်းမီတာ ၂၈၀၀ ရှိခဲ့သည်။ ၂၀၁၈ ခုနှစ် တစ်နှစ်လုံးတွင် လက်လီအရောင်းနေရာသစ် စတုရန်းမီတာ ၈၀၀၀၀ ဝန်းကျင် ထွက်ရှိခဲ့ပြီး ၂၀၁၉ ခုနှစ် ဒုတိယ သုံးလပတ်အထိ စတုရန်းမီတာ ၄၃၀၀၀ ကျော်ထွက်ရှိခဲ့ကာ လာမည့် သုံးနှစ်အတွင်း စတုရန်းမီတာ ၇၀၀၀၀ ကျော်ထပ်မံထွက်ရှိရန် မျှော်မှန်းထားသည်။ ငှားရမ်းမှုနှုန်းသည် ၂၀၁၉ ခုနှစ် တတိယ သုံးလပတ်တွင် ၈၈ ရာခိုင်နှုန်းဝန်းကျင် ဖြစ်ပေါ်ခဲ့ပြီး ယခင်သုံးလပတ်နှင့် နှိုင်းယှဉ်ပါက ၁ ရာခိုင်နှုန်း ကျဆင်းခဲ့သည်။

ရန်ကုန်မြို့တွင် နိုင်ငံတကာအဆင့် အဆောက်အအုံသစ်များ ထပ်မံပေါ်ထွက်လာမှုနှင့်အတူ လက်လီ စျေးဝယ်စင်တာ အသစ်များ တိုးပွားလျက်ရှိပြီး ၂၀၁၉ ခုနှစ် ပထမသုံးလပတ်အတွင်း သာကေတမြို့နယ်ရှိ Fortune Plaza Phase 1 စျေးကွက်ဝင်ရောက်ခဲ့ပြီး ၂၀၁၉ ခုနှစ် ဒုတိယသုံးလပတ်တွင် သီလဝါရှိ AEON Orange Hypermarket စျေးကွက်ဝင်ရောက်ခဲ့သည်။

၂၀၁၉ ခုနှစ် လက်ကျန်ကာလအတွင်း အဆင့်မြင့် လက်လီအရောင်း နေရာသစ် စတုရန်းမီတာ ၁၇၀၀၀ ဝန်းကျင် ထွက်ရှိမည်ဟု မျှော်မှန်းထားပြီး ၂၀၁၉ နှစ်ကုန်တွင် လက်လီအရောင်းနေရာပေါင်း ၄၁၀၀၀၀ ကျော်အထိ ရှိလာမည်ဖြစ်သည်။ ၂၀၁၉ ခုနှစ်အတွင်း ပြီးစီးမည့် လက်လီအရောင်းနေရာ ပါဝင်သော စီမံကိန်းများမှာ Yadana Mall (Time City)၊ The One Shopping Mall၊ M Tower Shopping Mall စသည်တို့ဖြစ်သည်။

ခေတ်မီမြို့ပြပိုဆန်လာသည့် ရန်ကုန်မြို့အတွင်း ထပ်မံပေါ်ထွက်လာမည့် စျေးဝယ်စင်တာများ အနေဖြင့် လူအများ စိတ်ဝင်စားနိုင်မည့် တီထွင်ဖန်တီးမှု အသစ်များ၊ ဝန်ဆောင်မှုအသစ်များ ထည့်သွင်းနိုင်ရန် အားထုတ်ရမည်ဖြစ်ပြီး တစ်ဖက်တွင်လည်း အရှိန်အဟုန်ဖြင့် ဖွံ့ဖြိုးလာသည့် E-Commerce ၏ စိန်ခေါ်မှုကို ရင်ဆိုင်လာရသည်။ မတူကွဲပြားသော အစားအသောက် ရောင်းချသည့် နေရာများ၊ ဖျော်ဖြေရေး လုပ်ငန်းများ၊ စိတ်အပန်းပြေစေသည့် လုပ်ငန်းများသည် အနာဂတ် စျေးဝယ်စင်တာများအတွက် အခွင့်အလမ်း တိုးမြင့်စေမည် ဖြစ်သည်။

ရန်ကုန်မြို့ရှိ စျေးဝယ်စင်တာများတွင် ငှားရမ်းဖွင့်လှစ်ထားသော ဆိုင်ခန်းများတွင် အဝတ်အစားနှင့် အသုံးအဆောင်ပစ္စည်း ဆိုင်များက ၅၅ ရာခိုင်နှုန်း၊ အစားအစာနှင့် အဖျော်ယမကာဆိုင်များက ၁၈ ရာခိုင်နှုန်း၊  Special Store ဆိုင်များက ၉ ရာခိုင်နှုန်း၊ ကျန်းမာရေး၊ အလှအပရေးရာဆိုင်များက ၇ ရာခိုင်နှုန်း၊ အခြားဆိုင်များက ၁၁ ရာခိုင်နှုန်း ပါဝင်ကြောင်း သိရသည်။

ရန်ကုန်မြို့ရှိ အဆင့်မြင့် စျေးဝယ်စင်တာ နေရာများတွင် Shopping Mall ၆၉ ရာ ခိုင်နှုန်း၊ Supporting Retail ၁၅ ရာခိုင်နှုန်း၊ Hyper Market ၉ ရာခိုင်နှုန်း၊ Department Store ၈ ရာခိုင်နှုန်း ပါဝင်သည်။ အဆင့်မြင့် စျေးဝယ်စင်တာများသည် ရန်ကုန်မြို့လယ်တွင် ၂၅ ရာခိုင်နှုန်း၊ ရန်ကုန်မြို့တွင်းတွင် ၅၈ ရာခိုင်နှုန်း၊ ရန်ကုန်မြို့ပြင်တွင် ၁၈ ရာခိုင်နှုန်း ရှိသည်။

မြို့ပြနှင့် လျော်ညီသော စျေးဝယ်ပုံစံကို  ပြောင်းလဲနေခြင်းကြောင့် စျေးဝယ်စင်တာ အသစ်များ ပေါ်ထွက်နေသော်လည်း ငှားရမ်းလိုသူ များပြားလျက်ရှိသည်။ စျေးဝယ်စင်တာ အသစ်များလည်း ပုံမှန်ဆက်လက် ဖွင့်လှစ်နေပြီး လာမည့် ၂၀၂၁ ခုနှစ် နှစ်ကုန်ပိုင်းတွင် အဆင့်မြင့် လက်လီအရောင်းနေရာပေါင်း စတုရန်းမီတာ ၄၄၀၀၀၀ ဝန်းကျင်ရှိမည်ဟု မျှော်မှန်းထားသည်။

၂၀၁၉ ခုနှစ် တတိယ သုံးလပတ်တွင် အဆင့်မြင့် လက်လီအရောင်းနေရာ ငှားရမ်းမှုနှုန်းထား အနေဖြင့်လည်း ၈၈ ရာခိုင်နှုန်း ဝန်းကျင်ရှိနေပြီး ပျမ်းမျှငှားရမ်းခ နှုန်းထားမှာလည်း တစ်စတုရန်းမီတာလျှင် ၂၉ ဒေါ်လာ ဝန်းကျင်ရှိပြီး၂၀၁၉ ခုနှစ် ဒုတိယ သုံးလပတ်နှင့် နှိုင်းယှဉ်ပါက ၄ ဒသမ ၁ ရာခိုင်နှုန်း ကျဆင်းခဲ့သည်။ စျေးဝယ်စင်တာ အသစ်များ ဆက်လက်ထွက်ပေါ် လာသော်လည်း ငှားရမ်းလိုသူ များပြားသောကြောင့် လာမည့် တစ်နှစ်မှ နှစ်နှစ်အတွင်း အဆင့်မြင့် လက်လီအရောင်းနေရာ ငှားရမ်းခ နှုန်းထားများ အနည်းငယ် မြင့်တက်မည်ဟု Colliers International Myanmar မှ သုံးသပ်ထားသည်။

 

 

Most Read

Most Recent