၂၀၁၉ ခုနှစ် သြဂုတ်အထိ ရှစ်လအတွင်း မြန်မာနိုင်ငံတွင် Brand New ကားသစ် ၁၂၄၄၁ စီးရောင်းချနိုင်ခဲ့ပြီး ယခင်နှစ် ကာလတူထက် ရောင်းအား ၂၅ ရာခိုင်နှုန်းမြင့်တက်

၂၀၁၉ ခုနှစ် သြဂုတ်အထိ ရှစ်လအတွင်း မြန်မာနိုင်ငံတွင် Brand New ကားသစ် ၁၂၄၄၁ စီးရောင်းချနိုင်ခဲ့ပြီး ယခင်နှစ် ကာလတူထက် ရောင်းအား ၂၅ ရာခိုင်နှုန်းမြင့်တက်
ရန်ကုန်မြို့ ကမာရွတ်မြို့နယ်ရှိ BMW ကားသစ် အရောင်းပြခန်း တစ်နေရာကို တွေ့ရစဉ်
ရန်ကုန်မြို့ ကမာရွတ်မြို့နယ်ရှိ BMW ကားသစ် အရောင်းပြခန်း တစ်နေရာကို တွေ့ရစဉ်
Published 12 October 2019
စည်သူအောင်

၂၀၁၉ ခုနှစ် သြဂုတ်လအထိ ရှစ်လအတွင်း မြန်မာနိုင်ငံတွင် Brand New ကားသစ်စီးရေ ၁၂၄၄၁ စီး ရောင်းချနိုင်ခဲ့ပြီး ယခင်နှစ် ကာလတူထက် ၂၅ ရာခိုင်နှုန်း မြင့်တက်ခဲ့ကာ အာဆီယံနိုင်ငံများအနက် တိုးတက်မှုနှုန်း အမြင့်ဆုံးဖြစ်ကြောင်း ASEAN Automotive Federation မှ ထုတ်ပြန်သော ဒေသတွင်း ကားသစ်ရောင်းချမှုနှင့် ထုတ်လုပ်မှုဆိုင်ရာ အချက်အလက်များအရ သိရသည်။

၂၀၁၉ ခုနှစ် သြဂုတ်လကုန်အထိ အာဆီယံနိုင်ငံများအလိုက် ကားသစ်ရောင်းချမှု ပမာဏမှာ ထိုင်းတွင် ၆၈၅၆၅၂ စီး၊ အင်ဒိုနီးရှားတွင် ၆၆၀၇၂၀ စီး၊ မလေးရှားတွင် ၃၉၈၃၃၅ စီး၊ ဖိလစ်ပိုင်တွင် ၂၃၅၅၄၄ စီး၊ ဗီယက်နမ်တွင် ၂၀၂၅၆၇ စီး၊ စင်ကာပူတွင် ၆၄၁၆၈ စီး၊ မြန်မာတွင် ၁၂၄၄၁ စီး၊ ဘရူနိုင်း တွင် ၇၉၃၁ စီးဖြစ်ပြီး အင်ဒိုနီးရှားနှင့် မလေးရှားနိုင်ငံတို့တွင် ယခင်နှစ်ကထက် ရောင်းအားကျဆင်းခဲ့ပြီး ကျန်နိုင်ငံများတွင် ရောင်းအား အနည်းအများအလိုက် တိုးတက်ခဲ့သည်။ အာဆီယံစျေးကွက် တစ်ခုလုံး အနေဖြင့် ၂၀၁၉ ခုနှစ် သြဂုတ်လအထိ ကားသစ်ရောင်းချမှုပမာဏ ၂၂၆၇၃၅၈ စီးရှိပြီး ယခင်နှစ် ကာလတူနှင့် နှိုင်းယှဉ်ပါက ကားသစ် ရောင်းချမှုပမာဏ ၂ ဒသမ ၅ ရာခိုင်နှုန်း ကျဆင်းခဲ့ကာ မြန်မာနိုင်ငံက တိုးတက်မှုနှုန်း ၂၅ ရာခိုင်နှုန်းရှိခဲ့သည်။

၂၀၁၇ ခုနှစ်အတွင်း မြန်မာနိုင်ငံတွင် Brand New ကားသစ်စီးရေ ၈၂၂၅ စီး ရောင်းချနိုင်ခဲ့ရာ ၂၀၁၆ ခုနှစ်ကထက် ၉၇ ရာခိုင်နှုန်းကျော် များပြားခဲ့သည်။ ၂၀၁၈ ခုနှစ်တွင်လည်း ၂၀၁၇ ခုနှစ်ကာလတူထက်  အစီးရေ ၉၂၉၉ စီး၊ ရာခိုင်နှုန်းအားဖြင့် ၁၁၃ ရာခိုင်နှုန်း ပိုမိုရောင်းချခဲ့ရပြီး ၂၀၁၈ ခုနှစ်အတွင်း ကားစီးရေ ၁၇၅၂၄ စီး ရောင်းချခဲ့ရသည်။ မြန်မာစျေးကွက်၌ ၂၀၁၉ ခုနှစ် ဇန် နဝါရီတွင် ၁၇၄၀ စီး၊ ဖေဖော်ဝါရီတွင် ၁၃၉၆ စီး၊ မတ်တွင် ၁၄၈၃ စီး၊ ဧပြီတွင် ၉၅၅ စီး၊ မေတွင် ၁၆၀၇ စီး၊ ဇွန်တွင် ၁၆၇၈ စီး ၊ ဇူလိုင် တွင် ၁၇၂၄ စီး၊ သြဂုတ်တွင် ၁၈၅၈ စီး ရောင်း ချနိုင်ခဲ့ပြီး ယခင်နှစ် ကာလတူထက် ၂၄၈၈ စီး ပိုမိုရောင်းနိုင်ခဲ့ကာ တိုးတက်မှုနှုန်း ၂၅ ရာခိုင်နှုန်းအထိ ဖြစ်ပေါ်ခဲ့သည်။

၂၀၁၆ ခုနှစ်တွင် မြန်မာနိုင်ငံအတွင်း ကားသစ်စီးရေ ၄၁၆၈ စီးရောင်းချခဲ့ရပြီး မြန်မာအစိုးရ၏ ကားတင်သွင်းမှုဆိုင်ရာ မူဝါဒအပြောင်းအလဲကြောင့်  ၂၀၁၇ ခုနှစ်အတွင်း ကားသစ်စီးရေ ၈၂၀၀ ကျော်အထိ၊ ၂၀၁၈ ခုနှစ်တွင် ကားသစ်စီးရေ ၁၇၀၀၀ ကျော်အထိ ရောင်းချခဲ့ရခြင်းဖြစ်သည်။ ကားသစ်များ ရောင်းချမှုနှင့် ထုတ်လုပ်မှုများအတွက် မြန်မာစျေးကွက်သည် ထွန်းသစ်စစျေးကွက်တစ် ခုဖြစ်လာပြီး နှစ်အလိုက် တိုးတက်မှုနှုန်း ဆက်လက်မြင့်မားမည်ဟု ခန့်မှန်းထားကြောင်း သိ ရသည်။

ကားသစ်ရောင်းချမှုပမာဏ တိုးတက်မှုနည်းတူ မြန်မာနိုင်ငံတွင် ကားသစ်ထုတ်လုပ်မှုပမာဏ တိုးတက်မှု ဆက်တိုက်ဖြစ်ပေါ်နေပြီး ၂၀၁၉ ခုနှစ် ရှစ်လအတွင်း အစီးရေ ၁၀၁၀၀ ကျော်ထုတ်လုပ်နိုင်ခဲ့သည်။ အာဆီယံနိုင်ငံများတွင် မြန်မာနိုင်ငံ အပါအဝင် နိုင်ငံခြောက်နိုင်ငံတွင် ကားသစ်တပ်ဆင် ထုတ်လုပ်မှုများ ပြုလုပ်နေပြီး အာဆီယံဒေသ တစ်ခုလုံးအနေဖြင့် ၂၀၁၇ ခုနှစ်တွင် ၀ ဒသမ ၆ ရာခိုင်နှုန်း၊ ၂၀၁၈ ခုနှစ်တွင် ရှစ်ရာခိုင်နှုန်း တိုးတက်မှုရှိသော်လည်း မြန်မာနိုင်ငံက  ၂၀၁၇ ခုနှစ်တွင် ရာခိုင်နှုန်း ၃၂၀ ကျော်၊ ၂၀၁၈ ခုနှစ်တွင် ရာခိုင်နှုန်း ၁၅၀ နီးပါး တိုးတက်ခဲ့သည်။

၂၀၁၉ ခုနှစ် သြဂုတ်လကုန်အထိ အာဆီယံနိုင်ငံများအလိုက် ကားတပ်ဆင် ထုတ်လုပ်မှု ပမာဏမှာ ထိုင်းက ၁၄၀၃၁၅၃ စီး၊ အင်ဒိုနီးရှားက ၈၃၁၇၀၈ စီး၊ မလေးရှားက ၃၈၀၉၄၀ စီး၊ ဗီယက်နမ်က ၁၁၇၁၅၉ စီး၊ ဖိ လစ်ပိုင်က ၅၈၃၈၆ စီး၊ မြန်မာက ၁၀၁၃၆ စီးဖြစ်ပြီး ဗီယက်နမ်၊ အင်ဒိုနီးရှား၊ ဖိလစ်ပိုင်၊ ထိုင်းနိုင်ငံတို့တွင် ထုတ်လုပ်မှုပ မာဏများ ကျဆင်းခဲ့သည်။ အာဆီယံစျေးကွက် တစ်ခုလုံး အနေဖြင့် ၂၀၁၉ ခုနှစ် သြဂုတ်လအထိ ကားသစ်တပ်ဆင် ထုတ်လုပ်မှု ပမာဏ ၂၈၀၁၄၈၂ စီးရှိပြီး ယခင်နှစ် ကာလတူထက် ၂ ဒသမ ၈ ရာခိုင်နှုန်း ကျဆင်းခဲ့ပြီး မြန်မာနိုင်ငံက တိုးတက်မှုနှုန်း ၄၅ ဒသမ ၉ ရာခိုင်နှုန်း ရှိခဲ့ခြင်းဖြစ်သည်။

မြန်မာနိုင်ငံတွင် ၂၀၁၇ ခုနှစ်အတွင်း တပ်ဆင်ထုတ်လုပ်သည့် ကားသစ်စီးရေမှာ ၄၉၃၀ စီးဖြစ်ပြီး ၂၀၁၆ ခုနှစ်ကထက် ၃၇၇၈ စီးပိုမိုခဲ့ကာ တိုးတက်မှုပမာဏ ၃၂၈ ရာခိုင် နှုန်းရှိခဲ့သည်။ ၂၀၁၈ ခုနှစ်တွင်လည်း ကားစီးရေ ၁၂၂၉၂ စီးတပ်ဆင် ထုတ်လုပ်နိုင်ခဲ့ပြီး ယခင်နှစ်ထက် ၇၃၆၂ စီးပိုမိုခဲ့ကာ တိုးတက်မှုနှုန်း ၁၄၉ ရာခိုင်နှုန်းအထိ ရှိခဲ့သည်။ ၂၀၁၉ ခုနှစ်အတွင်း လအလိုက် ထုတ်လုပ်ခဲ့သည့် ကားသစ်စီးရေ ပမာဏများမှာ ဇန်နဝါရီတွင် ၁၄၀၁ စီး၊ ဖေဖော်ဝါရီတွင် ၁၂၉၈ စီး၊ မတ်တွင် ၁၀၄၃ စီး၊ ဧပြီတွင် ၈၈၅ စီး၊ မေတွင် ၁၅၀၁ စီး၊ ဇွန်တွင် ၁၄၉၂ စီး၊ ဇူလိုင်တွင် ၁၁၃၅ စီး၊ သြဂုတ်တွင် ၁၃၈၁ စီးဖြစ်သည်။

 

Most Read

Most Recent