၂၀၁၈ -၂၀၁၉ ဘဏ္ဍာနှစ် အောက်တိုဘာ ၁ ရက်မှ စက်တင်ဘာ ၃၀ အထိ ပြည်တွင်းလက်ခစား CMP အထည်ချုပ်လုပ်ငန်းများမှ ပြည်ပတင်ပို့သည့် ပို့ကုန်တန်ဖိုးဒေါ်လာ ၄ ဒသမ ၈၆ ဘီလျံကျော်ဖြင့် ပို့ကုန်တန်ဖိုး စံချိန်တင်ရရှိပြီး မြန်မာနိုင်ငံ၏ ပြည်ပပို့ကုန်နံပါတ် (၁) နေရာ၌ ရပ်တည်နေကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ လက်ထောက်အတွင်းဝန် ဦးခင်မောင်လွင်က The Daily Eleven သတင်းစာသို့ အောက်တိုဘာ ၁၀ ရက်က ပြောကြားသည်။
“ဒီနှစ်မှာ CMP တင်ပို့မှုကနေ ဒေါ်လာ ၄ ဒသမ ၈၆ ဘီလျံကျော်ရရှိခဲ့ပါတယ်။ ယခင်နှစ်ကာလတူထက် ဒေါ်လာ ၁ ဒသမ ၂ ဘီလျံ ပိုမိုတင်ပို့ထားနိုင်ခဲ့ပါတယ်” ဟု လက်ထောက်အတွင်းဝန် ဦးခင်မောင်လွင်က ပြောကြားသည်။
မြန်မာနိုင်ငံတွင် အထည်ချုပ်လုပ်ငန်းကို ပြည်ပမှကုန်ကြမ်းတင်သွင်းကာ ပြည်တွင်း၌ ကုန်ချောထုတ်လုပ်ပြီး ပြည်ပသို့ ပြန်လည်တင်ပို့သည့် CMP လက်ခစားစနစ်ဖြင့် ဆောင်ရွက်နေခြင်းဖြစ်သည်။
မြန်မာနိုင်ငံအနေဖြင့် ပြည်ပသို့ အထည်ချုပ်(ချုပ်ပြီးအထည်)တင်ပို့မှု၌ ၂၀၁၀ ပြည့်နှစ်တွင် ဒေါ်လာ ၃၃၇ သန်းရှိခဲ့ရာမှ ၂၀၁၄ ခုနှစ်တွင် သုံးဆအထိ မြင့်တက်လာခဲ့ပြီး ဒေါ်လာတစ်ဘီလျံနီးပါးခန့်အထိ ရောက်ရှိလာခဲ့ကြောင်း စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ သိရသည်။
ထို့ပြင် ၂၀၁၅ ခုနှစ်တွင် ချုပ်ပြီးအထည် တင်ပို့မှုသည် ဒေါ်လာ ၁ ဒသမ ၄၆ ဘီလျံ အထိရှိလာခဲ့ပြီး မြန်မာနိုင်ငံ၏ စုစုပေါင်း ပို့ကုန်တန်ဖိုး၏ ၁၀ ရာခိုင်နှုန်းအထိရောက်ရှိလာကာ အထည်ချုပ်လုပ်ငန်း တစ်ရှိန်ထိုး တိုးတက်လာခဲ့ကြောင်း၊ ပို့ကုန်စျေးကွက်တွင်လည်း အီးယူစျေးကွက်သို့ တင်ပို့မှုမှာ ယခင်နှစ်များထက် ၂၀၁၅ ခုနှစ်တွင် ရာခိုင်နှုန်း ၈၀ အထိ မြင့်တက်လာခဲ့ကြောင်း သိရသည်။
၂၀၁၈ ခုနှစ်တွင် အထည်ချုပ်(ချုပ်ပြီးအထည်)အများဆုံးတင်ပို့ထားသည့် ၁၀ နိုင်ငံကို လေ့လာကြည့်ပါက ဂျာမနီနိုင်ငံသို့ ဒေါ်လာသန်း ၉၃၀၊ U.K သို့ ဒေါ်လာ ၃၂၃ သန်း၊ စပိန်နိုင်ငံသို့ ဒေါ်လာ ၂၉၄ သန်း၊ ပြင်သစ်နိုင်ငံသို့ ဒေါ်လာ ၂၆၆ သန်း၊ ဒိန်းမတ်နိုင်ငံသို့ဒေါ်လာ ၁၅၈ သန်း၊ အီတလီနိုင်ငံသို့ ဒေါ်လာ ၁၅၇ သန်း၊ နယ်သာလန်နိုင်ငံသို့ ဒေါ်လာ ၁၄၅ သန်း၊ ဂျပန်နိုင်ငံသို့ ဒေါ်လာ ၈၃၄ သန်း၊ ကိုရီးယားနိုင်ငံသို့ ဒေါ်လာ ၃၉၉ သန်း၊ အမေရိကန်နိုင်ငံသို့ဒေါ်လာ ၂၁၁ သန်း တင်ပို့ထားကြောင်း သိရသည်။
၂၀၁၈ ခုနှစ်က အထည်ချုပ်ကဏ္ဍမှ ပို့ကုန်တန်ဖိုးဒေါ်လာ ၄ ဒသမ ၆ ဘီလျံနီးပါး ရရှိခဲ့ပြီး လာမည့် ၂၀၂၄ ခုနှစ်တွင် မြန်မာနိုင်ငံ အထည်ချုပ်ကဏ္ဍမှ ပို့ကုန်တန်ဖိုးဒေါ်လာ ၁၀ ဘီလျံရရှိရန် မျှော်မှန်ထားကြောင်း မြန်မာနိုင်ငံ အထည်ချုပ်လုပ်ငန်းရှင်များအသင်း အတွင်းရေးမှူး ဒေါ်ခိုင်ခိုင်နွယ်က ပြောကြားသည်။
“ကျွန်မတို့ကဏ္ဍမှာ အလုပ်သမားတိုးတာက ငါးဆ၊ ဝင်ငွေတိုးတာက ၁၀ ဆပေါ့နော်။ ဒါဆိုရင် ကျွန်မတို့ အလုပ်သမားတွေရဲ့ ထုတ်လုပ်မှုကို နှစ်ဆတိုးအောင်လုပ်ရမယ်။ အဲဒီအတွက် တောက်လျှောက် ဆောင်ရွက်နေပါတယ်” ဟုအတွင်းရေးမှူး ဒေါ်ခိုင်ခိုင်နွယ်က ပြောကြားသည်။
မြန်မာနိုင်ငံတွင် ဝင်ရောက်လုပ်ကိုင်လျက်ရှိသည့် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု လုပ်ငန်းများတွင် ထုတ်လုပ်မှုကဏ္ဍတွင် အထည်ချုပ်ကဏ္ဍ၌ အများဆုံးဝင်ရောက်လျက်ရှိကြောင်း သိရသည်။ လက်ရှိအချိန်တွင် မြန်မာနိုင်ငံ အထည်ချုပ်လုပ်ငန်းရှင်များအသင်းတွင် အသင်းဝင် ၅၀၀ ကျော်ပြီး အလုပ်သမားခန့်ထားမှုမှာ ငါးသိန်းကျော်ရှိကြောင်း သိရသည်။
အထည်ချုပ်လုပ်ငန်းသည် လုပ်သားအရင်းပြု Labour Intensive စက်မှုလုပ်ငန်းဖြစ်သည့်အပြင် စက်မှုနိုင်ငံတစ်နိုင်ငံအဖြစ် ရောက်ရှိရေးအတွက် အဓိကအခြေခံ လုပ်ငန်းတစ်ခုဖြစ်သည်။ အခြေခံလူတန်းစားများကို အလုပ်အကိုင်အခွင့်အလမ်းအများဆုံး ဖန်တီးပေးနိုင်သည့် Labour Intensive Industry ဖြစ်သည့် CMP အထည်ချုပ်လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရန်နှင့် ကျွမ်းကျင်လုပ်သားများ မွေးထုတ်နိုင်ရန် သင်တန်းကျောင်းထူထောင်ပြီး အဆင့်မြင့်နည်းပညာများ ရယူ၍ပြန့်ပွားအောင် ဆောင်ရွက်နိုင်ခဲ့ကြောင်း သိရသည်။