ကမ်းရိုးတန်းသွားရေယာဉ်များ၏ လုံခြုံရေးကွန်ရက်အတွက် AIS စနစ်ကို ပြည်တွင်းနှင့် ကမ်းရိုးတန်းသွား ရေယာဉ်အားလုံးတွင် ၂၀၂၁ ခုနှစ် နှစ်ကုန်ပိုင်းတွင် အပြီးတပ်ဆင်မည်

ကမ်းရိုးတန်းသွားရေယာဉ်များ၏ လုံခြုံရေးကွန်ရက်အတွက် AIS စနစ်ကို ပြည်တွင်းနှင့် ကမ်းရိုးတန်းသွား ရေယာဉ်အားလုံးတွင် ၂၀၂၁ ခုနှစ် နှစ်ကုန်ပိုင်းတွင် အပြီးတပ်ဆင်မည်
ဂျပန်နိုင်ငံမှလှူဒါန်းသည့် ကစ္ဆပနဒီကမ်းရိုးတန်းသွား ရေယာဉ်အား တွေ့ရစဉ်
ဂျပန်နိုင်ငံမှလှူဒါန်းသည့် ကစ္ဆပနဒီကမ်းရိုးတန်းသွား ရေယာဉ်အား တွေ့ရစဉ်
Published 9 October 2019

 

ကမ်းရိုးတန်းသွားရေယာဉ်များ၏ လုံခြုံရေးအတွက် AIS စနစ်အား ပြည်တွင်းနှင့် ကမ်းရိုးတန်းသွား ရေယာဉ်များအားလုံးတွင် ၂၀၂၁ နှစ်ကုန်ပိုင်း၌ အပြီးတပ်ဆင်မည်ဖြစ်ကြောင်း ရေကြောင်းပို့ဆောင်ရေး ညွှန်ကြားမှုဦးစီးဌာနမှ သိရသည်။

AIS စနစ်တပ်ဆင်ကာ ရေယာဉ်များအတွင်း သတင်းအချက်အလက်မျှဝေခြင်း Information Sharing Network ထူထောင်၍ လုံခြုံရေးကွန်ရက်ကို တပ်ဆင်ရန် စီစဉ်နေခြင်းဖြစ်သည်။ “AIS စနစ်တိုတာ သတင်းအချက်အလက်တွေ အလိုအလျောက်စောင့်ကြည့် Stations ကို သတင်းပို့ပေးတဲ့စနစ်ပါ။ ပြည်တွင်းမှာရှိတဲ့ သင်္ဘောတွေမှာ AIS ကို တပ်ဆင်မယ်။ ပြီးတော့ AIS စနစ်ကို ထိန်းချုပ်ဖို့နဲ့ အချက်အလက်တွေ ဖမ်းယူရရှိနိုင်ဖို့ ဆိပ်ကမ်းတွေမှာလည်း AIS Station တွေ ထားရှိနိုင်ရေးကို မကြာမီဆောင် ရွက်သွားဖို့ ဌာနဆိုင်ရာအဖွဲ့အစည်းတွေ စုပေါင်းပြီးစီစဉ်နေပါတယ်။ မြန်မာနိုင်ငံမှာက အဓိက ပင်လယ်ကမ်းရိုးတန်းသွား သင်္ဘောတွေ၊ ငါးဖမ်းသင်္ဘောတွေမှာ အဓိကတပ်ဆင်သွားမယ်။ ပြီးတော့ ပြည်တွင်းဆိပ်ကမ်းတွေမှာ AIS Station တွေ ထားရှိဖို့ စီစဉ်နေပါတယ်” ဟု ရေကြောင်းပို့ဆောင်ရေး ညွှန်ကြားမှုဦးစီးဌာနမှ ညွှန်ကြားရေးမှူး ဦးကိုကိုနိုင်က ပြောကြားသည်။

ယင်းစနစ်ကို ရေကြောင်းပို့ဆောင်ရေး ညွှန်ကြားမှုဦးစီးဌာနမှ ဦးဆောင်ကာသက်ဆိုင်ရာအဖွဲ့အစည်း၊ ဌာနဆိုင်ရာများနှင့် ပူးပေါင်းပြီး ယခုနှစ်ကုန်ပိုင်းမှ စတင်ကာ ၂၀၂၁ ခုနှစ်အထိ ပြည်တွင်းနှင့် ကမ်းရိုးတန်းသွား ရေယာဉ်များတွင် အပြီးတပ်ဆင်သွားမည်ဖြစ်သည်။ လက်ရှိတွင် ပြည်တွင်းမှ ပြေးဆွဲနေသော ပင်လယ်ကမ်းရိုးတန်းသွား ကုန်စည်နှင့် ခရီးသည်တင်သင်္ဘောများအပါအဝင် အစီးရေ ၆၀၀ ခန့်ရှိပြီး ပင်လယ်ငါးဖမ်း သင်္ဘောများသည် အစီးရေ ၄၀၀၀ ခန့်ရှိနေကြောင်း၊ ရေယာဉ်ငယ်များပါဝင်လျှင် အစီးရေ တစ်သောင်းကျော်ခန့်ရှိကြောင်း ယင်းသင်္ဘောများတွင် တပ်ဆင်မည်ဖြစ်ကြောင်း သိရသည်။

ယင်းသို့ဆောင်ရွက်နိုင်ရန်အတွက် ရေကြောင်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာန အနေဖြင့်လည်းကောင်း၊ ပြည်တွင်းဆိပ်ကမ်း ၁၉ ခုတွင် ကွန်ရက်ဖြန့်ကြတ်မှုအလိုက် တစ်ခုနှင့်တစ်ခု မိုင် ၃ဝမှ မိုင် ၅ဝအကွာရှိ ဆိပ်ကမ်းများတွင် AIS စနစ်ကို ထိန်းချုပ်ကာ Control ပြုလုပ်ရန် AIS Station များ ထားရှိရန်အတွက် မြန်မာ့ဆိပ်ကမ်းအာဏာပိုင်နှင့်လည်း ညှိနှိုင်းမှုများ ပြုလုပ်လျက်ရှိကြောင်းသိရသည်။

ယင်း Automatic Identify System (AIS) သည် ရေယာဉ်များကို အလိုအလျောက် သတင်းအချက်အလက် ထုတ်လွှင့်ဖမ်းယူသည့်စနစ်ဖြစ်ကြောင်း သိရသည်။ ယင်းကိုတပ်ဆင်ခြင်းဖြင့် တရားမဝင်လုပ်ငန်းများအား စောင့်ကြည့်ထောက်လှမ်းရာတွင် အထောက်အကူရနိုင်ကြောင်း၊ Information Network Sharing ထူထောင်ကာ သက်ဆိုင်ရာဌာနများကို သတင်းအချက်အလက်များ မျှဝေနိုင်ခြင်းဖြစ်ကြောင်း သိရသည်။ မြန်မာနိုင်ငံတွင် ထိုစနစ်ကို ပထမဆုံးအနေဖြင့် စတင်ရန်အားယူနေသော်လည်း ပတ်ဝန်းကျင် အိမ်နီးချင်းနိုင်ငံများ၌ AIS စနစ်ကို ပြီးခဲ့သည့် ၂၀၀၄ ခုနှစ် ဝန်းကျင်ခန့်မှ ယနေ့အထိ နှစ်ပေါင်းများစွာ သုံးစွဲနေပြီဖြစ်ကြောင်း သိရသည်။

Most Read

Most Recent